အာဖဂန်မှာ ကန်တပ်ဖွဲ့တွေ စစ်ရာဇဝတ်မှုကျူးလွန်ကြောင်း ICC စုံစမ်းလျင် ပိတ်ဆို့အရေးယူမယ်ဟု ကန်ခြိမ်းခြောက်

အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး John Bolton

အမေရိကန်စစ်တပ် နဲ့ ထောက်လှမ်းရေးအရာရှိတွေက အာဖဂန်နစ္စတန်နိုင်ငံမှာ စစ်ရာဇဝတ်မှုတွေကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အပေါ် နယ်သာလန်နိုင်ငံ The Hague မြို့မှာရှိတဲ့ နိုင်ငံတကာရာဇဝတ်ခုံရုံးက စုံစမ်းစစ်ဆေးတာတွေလုပ်ခဲ့မယ်ဆိုရင် ၊ အမေရိကန်သမ္မတထရမ့် အစိုးရဘက်ကလည်း အရေးယူပိတ်ဆို့မယ်လို့ ဒီကနေ့မှာ ခြိမ်းခြောက်လာနိုင်ဖွယ်ရှိနေပါတယ်။

အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး John Bolton ဝါရှင်တန်က Federalist Society မှာ ပြောကြားမယ့် မိန့်ခွန်းထဲမှာတော့ နိုင်ငံတကာရာဇတ်ဝတ်ခုံရုံးနဲ့ ပတ်သက်ပြီး ခပ်တင်းတင်း ခပ်မာမာ တုံ့ပြန်သွားဖို့ရှိနေပါတယ်။ ICCနိုင်ငံတကာရာဇဝတ်ခုံရုံးအနေနဲ့ ICC ရဲ့ သဘောတူစာချုပ်ကို အတည်ပြုလက်မှတ်မထိုးထားတဲ့ အမေရိကန်ပြည်ထောင်စု ဒါမှမဟုတ် တခြားနိုင်ငံတွေက ပြည်သူတွေအပေါ်မှာ တရားစီရင်ပိုင်ခွင့်မရှိဘူးလို့ အဲဒီမိန့်ခွန်းမူကြမ်းထဲမှာ ပြောထားပါတယ်။

ICC ရဲ့ လုပ်ငန်းစဉ်တွေကို ၂၀၀၂ ခုနှစ်မှာ စတင်ခဲ့ပြီး၊ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်တွေအပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ နဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကို စုံစမ်းစစ်ဆေးခဲ့ပြီး၊ အစိုးရတွေရဲ့ လက်အောက်ကနေ သီးခြားလွတ်လပ်စွာ နဲ့ ရာသက်ပန်ရပ်တည်သွားဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

ICC အနေနဲ့ အာဖဂန်နစ္စတန်နိုင်ငံက အမေရိကန်ရဲ့ လုပ်ရပ်တွေကို စုံစမ်းစစ်ဆေးမယ်ဆိုရင်၊ အမေရိကန်ပြည်ထောင်စုအနေနဲ့ ICC နဲ့ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်သလို၊ သမ္မတထရမ့်အစိုးရအနေနဲ့လည်း၊ ခရီးသွားခွင့်ပိတ်ပင်တာတွေ၊ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာတွေ၊ ဒီစုံစမ်းစစ်ဆေးမှုမှာပါဝင်ပတ်သက်တဲ့ တရားသူကြီးတွေနဲ့ တရားလိုရှေ့နေတွေကိုလည်း အမေရိကန်မှာ တရားစွဲလာနိုင်ဖွယ်ရှိတယ်လို့ John Bolton ရဲ့ မိန့်ခွန်းမူကြမ်းထဲမှာ ပြောထားပါတယ်။ အမေရိကန်စစ်တပ် နဲ့ CIA က ကျူးလွန်ခဲ့တယ်ဆိုတဲ့ ပြစ်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ICCရဲ့ ရှေ့နေ Fatour Bensouda က တရားရုံးရဲ့ ခွင့်ပြုမိန့်ကို မနှစ်က တောင်းခံခဲ့ပါတယ်။

Your browser doesn’t support HTML5

အာဖဂန်မှာ ကန်တပ်ဖွဲ့တွေ စစ်ရာဇဝတ်မှုကျူးလွန်ကြောင်း ICC စုံစမ်းလျင် ပိတ်ဆို့အရေးယူမယ်ဟု ကန်ခြိမ်းခြောက်