သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

အာဖဂန်မှာ တာလီဘန်တိုက်ခိုက်မှုကြောင့် လူ ၃၀၀ ကျော် သေဆုံး


အာဖဂန်နစ်စတန်နိုင်ငံ အရှေ့တောင်ပိုင်းက Ghazni မြို့တွင်းနဲ့ ဝန်းကျင်တဝိုက် တာလီဘန်တွေနဲ့ ဖြစ်ပွါးတဲ့ ၄ ရက်ကြာ တိုက်ပွဲတွေ အတွင်း သေဆုံးရသူ ၃၀၀ ကျော်နေပြီဖြစ်ပြီး အဲဒီထဲမှာ သေဆုံးရတဲ့ အာဖဂန်တပ်သား ၁၀၀ နဲ့ အရပ်သားက ၃၀ ရှိနေတယ်လို့ အာဖဂန်အာဏာပိုင်တွေက တနင်္လာနေ့မှာ အတည်ပြုခဲ့ပါတယ်။

မဟာမိတ်တွေရဲ့ လေကြောင်းတိုက်ခိုက်မှု အကူညီကိုယူပြီး အာဖဂန်အစိုးရတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် အာရပ်၊ Chechen နဲ့ ပါကစ္စတန် နိုင်ငံသားတွေ ပါဝင်တဲ့ သူပုန် ၂၀၀ လောက် သေဆုံးခဲ့ရတယ်လို့ ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး Tariq Shah Bahrami ကပြောပါတယ်။ ရက်သိပ်မကြာခင်မှာပဲ တာလီဘန်တွေကို မြို့ထဲကနေ နှင်ထုတ်ပြီး ခရိုင်မြို့တော်ကို ပြန်လည် ထိန်းချုပ်နိုင်အောင် လုပ်ဆောင်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒါပေမယ့် တာလီဘန် ပြောခွင့်ရ Zabihullah Mujahid ကတော့ ဒါဟာ မဖြစ်နိုင်ကြောင်းနဲ့ မြို့ရဲ့ တချို့နေရာတွေမှာ တာလီဘန်တွေက အစိုးရတပ်တွေကို ဝိုင်းထားတယ်လို့ ပြောပါတယ်။ တိုက်ပွဲမှာ ဘယ်သူအသာစီးရနေတယ် ဆိုတဲ့ အခြေနေကို ခုထိ သီးခြား အတည်မပြုနိုင် သေးပါဘူး။

အမေရိကန်စစ်တပ်ကတော့ ဒီမြို့ဟာ အာဖဂန်အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေဆဲပဲလို့ တနင်္လာနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆို ပါတယ်။ အာဖဂန်တပ်တွေကို အမေရိကန်အကြံပေးတွေက အကူအညီပေးနေကြောင်းနဲ့ သောကြာနေ့က စပြီး အမေရိကန်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် တာလီဘန် ၁၄၀ ကျော် သေဆုံးခဲ့ရတယ်လို့လည်း ဖေါ်ပြထားပါတယ်။

ဒီမြို့ကို အာဖဂန်အစိုးရက ထိန်းချုပ်ထားကြောင်းနဲ့ တကွဲတပြား ဖြစ်နေတဲ့ တာလီဘန်တွေကြောင့် မြို့ဟာစိုးရိမ်စရာမရှိသလို တာလီဘန်တွေကို တိုက်ထုတ်နေဆဲဖြစ်ပြီး ကြိုကြားဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေဟာ အထူးသဖြင့် မြို့ပြင်မှာ ဆက်ဖြစ်ပွါးနေတယ်လို့ အမေရိကန် စစ်တပ်ပြောခွင့်ရ ဒုဗိုလ်ချုပ်ကြီး Martin O’Donnel ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG