သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာလီဘန်တိုက်ခိုက်မှု အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင် ၄၀ထက်မနည်း သေဆုံး


အာဖဂန်နိုင်ငံ မြောက်ပိုင်းက စစ်စခန်းတခုကို တာလီဘန်တွေက အရုဏ်တက်ချိန် မတိုင်ခင် စီးနင်းတိုက်ခိုက်မှုအတွင်း လုံခြုံရေး တပ်ဖွဲ့ဝင် ၄၀ လောက် သေဆုံးသွား ပါတယ်။ အစိုးရတပ်ဖွဲ့ဝင်တွေ အများအပြား ထိခိုက်သေဆုံးမှုတွေ ကြုံနေရတဲ့အထဲက နောက်ဆုံးကြုံခဲ့ရတဲ့ Baghlan ပြည်နယ်က တိုက်ခိုက်မှုအတွင်း အာဖဂန်စစ်သား ၃၁ ယောက်နဲ့ ရဲတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့ကြောင်း ဒေသခံလုံခြုံရေး အရာရှိ တဦးက ဗွီအိုအေကို အတည်ပြုပြောဆိုခဲ့တာပါ။

တာလီဘန် ပြောခွင့်ရကတော့ ဒေသတွင်းက စစ်စခန်း ၂ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး၊ အာဖဂန် လုံခြုံရေးတပ်ဖွဲ့ဝင် ၇၀ လောက်အထိ သတ်ဖြတ်ခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်း တိုက်ပွဲတွေက ထိခိုက်ကျဆုံးမှုတွေနဲ့ ပတ်သက်လို့ သူပုန်တွေရဲ့ ကြေညာချက်တွေမှာ တခါတရံ ချဲ့ကားပြောဆိုတာတွေလည်း ရှိတတ်ပါတယ်။

ရက်အတော်ကြာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ခဲ့ပြီးနောက် မြောက်ပိုင်း Faryab ပြည်နယ်က စစ်စခန်းတခုကို တာလီဘန်စစ်သွေးကြွတွေ သိမ်းပိုက်ခဲ့ပြီး တရက်ကျော် အကြာမှာပဲ ဒီနေ့နောက်ထပ် တိုက်ခိုက်မှုနဲ့ ကြုံခဲ့ရတာလည်း ဖြစ်ပါတယ်။ စစ်ကူနဲ့ လေကြောင်း အကူအညီတွေမရခဲ့ကြသလို၊ လက်နက်ခဲယမ်းနဲ့ ထောက်ပံ့ရေး ပစ္စည်းတွေ ပြတ်လပ်ရာက Faryab ပြည်နယ်က စစ်စခန်း လက်လွတ်ဆုံးရှုံးခဲ့ရတာ ဖြစ်ကြောင်းလည်း အာဖဂန်စစ်တပ် တာဝန်ရှိသူတွေက ပြောဆိုခဲ့ကြတာပါ။

စစ်စခန်းမှာ တာဝန်ကျနေတဲ့ စစ်သား ၇၀ အနက် ၄၀ ဟာ တာလီဘန်တွေထံ လက်နက်ချသွားခဲ့ကြောင်းလည်း ဒေသခံစစ်တပ်နဲ့ အစိုးရ တာဝန်ရှိသူတွေက ဗွီအိုအေကို အတည်ပြုခဲ့ပါတယ်။ ကျန်တပ်ဖွဲ့ဝင်တွေကတော့ ၂ ရက်ကြာ အပြင်းအထန် တိုက်ပွဲအတွင်း အသတ်ခံရတာ၊ ဒါမှမဟုတ် အနီးအနားက တောတောင်တွေထဲ ထွက်ပြေး လွတ်မြောက်ခဲ့ကြကြောင်းလည်း ပြောဆိုခဲ့တာပါ။

တချိန်တည်းမှာပဲ အာဖဂန် အရှေ့တောင်ပိုင်းက Ghazni မြို့မှာတော့ တာလီဘန်တွေနဲ့ ရက်အတော်ကြာ အသေအကျေ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီးနောက် အမေရိကန် လေကြောင်းထိုးစစ်နဲ့ စစ်ဘက်ဆိုင်ရာ အကြံပေးတွေရဲ့ အကူအညီနဲ့ မဟာဗျုဟာကျတဲ့မြို့ကို အာဖဂန်တပ်ဖွဲ့တွေ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG