မိုခါဆိုင်ကလုန်းဒဏ်သင့် ဒေသတွေမှာ အရေးပေါ် အကူအညီတွေ ပေးအပ်နိုင်ရေး စစ်ကောင်စီရဲ့ ခွင့်ပြုချက်ရဖို့ စောင့်နေရတယ်လို့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေက ပြောပါတယ်။ တနင်္ဂနွေနေ့က မုန်တိုင်းအပြင်းအထန် တိုက်ခိုက်ခံခဲ့ရတဲ့ ဒေသတွေမှာ ဆက်သွယ်ရေးနဲ့ လမ်းပန်းအခက်အခဲတွေ ကြုံနေရပြီး၊ အကူအညီတွေလည်း မရကြဘူးလို့ ဒေသခံတွေကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြပါတယ်။
မုန်တိုင်းသင့် ဒေသတွေမှာ အကူအညီပေးနိုင်အောင် အကန့်အသတ်မရှိ သွားလာခွင့်ပေးဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေ အာလုံးကို ဆက်သွယ်ထားတယ်လို့လည်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးမှူးရုံး (UNOCHA) ပြောခွင့်ရ Pierre Peron ကပြောပါတယ်။ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့ကလည်း ခွင့်ပြုချက်ရဖို့ စောင့်နေကြတာပါ။
ထိခိုက်ပျက်စီးမှုတွေကို ဆန်းစစ်ဖို့နဲ့ သေရေးရှင်ရေး အရေးကြီး အကူအညီတွေ ပေးနိုင်အောင် စာနာမှုအကူအညီပေးရေး အဖွဲ့အစည်းတွေ သွားလာခွင့်ရဖို့ အရေးကြီးသလို၊ အထူးသဖြင့် မုတ်သုံရာသီ နီးကပ်လာချိန်မှာ ပိုပြီးလိုအပ်တယ်လို့လည်း UNHCR ပြောခွင့်ရ Reuben Lim Wende ကပြောပါတယ်။ စစ်ကောင်စီရဲ့ မနေ့က ထုတ်ပြန်ချက်မှာတော့ မုန်တိုင်းကြောင့် လူ ၂၁ ယောက် သေဆုံးပြီး၊ လူနေအိမ်အဆောက်အဦး ၁ သောင်းကျော် ပျက်စီးတယ်လို့ ဖော်ပြခဲ့တာပါ။
မုန်တိုင်းဒဏ် အပြင်းအထန်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ်ကိုလည်း စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်ခဲ့သလို၊ ဒီကနေ့မှာလည်း ထိခိုက်ပျက်စီးမှုတွေ ကြုံခဲ့ရတဲ့ ပုဂံဒေသကို သွားရောက်ခဲ့ကြောင်း သတင်း ထုတ်ပြန်ခဲ့တာပါ။ နိုင်ငံတကာနဲ့ ဒေသတွင်း စာနာမှု အကူအညီပေးရေး အဖွဲ့အစည်းတွေကတော့ သေကျေထိခိုက်မှုတွေနဲ့ ပျက်စီးဆုံးရှုံးမှုတွေ ကြီးမားနိုင်တာကြောင့် အမြန်ဆုံး အကူအညီပေးနိုင်ဖို့ လိုတယ်လို့ သတိပေးနေကြပါတယ်။
Your browser doesn’t support HTML5