ခင်ဦးမြို့နယ် ဗုံးကြဲခံရမှု အရပ်သားတချို့သေဆုံး

ခင်ဦးမြို့နယ် ကျေးရွာဒေသခံတွေ တိုက်ပွဲနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စစ်ဘေးရှောင်နေကြရ (စက်တင်ဘာ ၂၀၂၄)

စစ်ကိုင်းတိုင်းထဲက ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တဲ့နေရာတွေအပေါ် စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ မကြာမကြာ လုပ်နေတာမှာ မနေ့ညပိုင်းက ခင်ဦးမြို့နယ်အပေါ် ဗုံးကြဲလို့ အရပ်သားတွေ သေဆုံးခဲ့ပါတယ်။ မန္တလေးတိုင်း မြင်းခြံမြို့နယ်ထဲမှာလည်း စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးအတွင်း အရပ်သားတချို့ သတ်ဖြတ်ခံရပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။

စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ မကြာမကြာ တိုက်ပွဲတွေဖြစ်လေ့ရှိတဲ့ စစ်ကိုင်းတိုင်းထဲမှာ စစ်တပ်က လေကြောင်းကနေလည်း တိုက်ခိုက်မှုတွေကို ဆက်ပြီးလုပ်နေပါတယ်။ စက်တင်ဘာ ၂၅ ရက် ဗုဒ္ဓဟူးနေ့ ညပိုင်းက ခင်ဦးမြို့အရှေ့ပိုင်းမှာရှိတဲ့ ရှားလွင်ရွာကို စက်တင်ဘာ ၂၅ ရက် ညပိုင်းမှာ စစ်တပ်က ဝေဟင်ကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီဘက်မှာ လက်ရှိ တိုက်ပွဲတွေ ဖြစ်မနေဘဲ လေကြောင်းက တိုက်ခိုက်ခံရတာလို့ ဒေသခံတဦးက အခုလို ပြောပါတယ်။

"၁၀ နာရီခွဲလောက်က ရှားလွင်ရွာမှာ ဂျက်ဖိုက်တာ လာချသွားတယ်။ ထိခိုက်ပျက်စီးမှုက အမျိုးသား ၂ ယောက်သေတယ်။ တယောက်က ဒဏ်ရာရ အမျိုးသမီးတဦးက ခြေသလုံးပြတ် ၂ ယောက်သေ ၂ ယောက်ဒဏ်ရာ ရတယ်။ အိမ်တအိမ်က အိပ်ရင်းတန်းလန်း အိမ်တည့်တည်ကျလို့ လင်မယား ၂ ယောက်အိပ်နေတာ ယောင်္ကျားကတော့ သေသွားတယ်။ မိန်းမကတော့ ပေါင်ပြတ်သွားတာပေါ့။ နောက်တယောက်သေတာလည်း အိမ်နှုတ်ခမ်းကျလိုက်တော့ အစကဝင်ပြီး သေသွားတာ ၁ ယောက်က။ ဟိုတယောက်ကလည်း ဝပ်နေရင်းတန်းလန်းနဲ့ ကိုယ်အောက်ပိုင်း မှန်သွားတာ။ အဆောက်အဦပျက်စီးမှုက အဲ့နားက အိမ်တွေ ပျက်တာပေါ့။ ရွာထဲကိုကြဲတာ။ တိုက်ပွဲက ဘာမှမဖြစ်ဘူး။"

စစ်ကိုင်းတိုင်းဘက် စစ်ရေးလှုပ်ရှားမှုတွေ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ပြောခြင်း မရှိသေးပါဘူး။ အရပ်သား ပြည်သူတွေ ရှိနေတဲ့နေရာတွေအပေါ် စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်နေတဲ့အပေါ် နိုင်ငံတကာက ဝေဖန် ကန့်ကွက်နေပေမဲ့ စစ်တပ်ဘက်ကတော့ လေကြောင်းတိုက်ခိုက်တာတွေ တိုးမြှင့်လုပ်ဆောင်နေပါတယ်။

စစ်ကိုင်းတိုင်းနဲ့ ကပ်နေတဲ့ မန္တလေးတိုင်း မြင်းခြံမြို့နယ်ထဲမှာလည်း စစ်တပ်က နယ်မြေရှင်းလင်းမှုတွေ လုပ်နေပါတယ်။ စက်တင်ဘာ ၂၅ ရက်က မြင်းခြံမြို့နဲ့ ၃ မိုင်အကွာက ဖုံရွာကို စစ်တပ်နဲ့ စစ်တပ်ထောက်ခံသူ ပျူစောထီးတွေ ရောက်ရှိလာပြီး ကျေးရွာသား ၃ ဦးကို သတ်ဖြတ်သွားတယ်လို့ မြင်းခြံမြို့ခံတဦးက ပြောပြပါတယ်။

"ဖုံရွာဆိုတဲ့ရွာကို စစ်ကောင်စီ စစ်ကြောင်းကရောက်နေတယ်။ မနက်အစောကြီး တောသွား တောလာတွေရှိတဲ့ ၅ နာရီထိုးလောက်ကို တရွာလုံးကို ပိတ်လိုက်တာ။ သတင်းပေးလည်း ပါတာပေါ့။ ဒလန်ခေါ်မှာပေါ့။ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ ထောက်ပို့လုပ်တယ်ဆိုပြီး တိုင်ထားတဲ့သူတွေကို နာမည်စာရင်းနဲ့လာတာ အဲ့လူတွေကတော့ တိမ်းရှောင်နေတာပေါ့ဗျာ။ စာရင်းထဲမှာပါတဲ့သူတွေနဲ့ ဆွေမျိုးနီးစပ်တော်တဲ့ အမျိုးသား ၃ ယောက်ကို သတ်တယ် သတ်ပြီးတော့ မီးနဲ့ရှို့သွားတယ်။ အသတ်ခံရတဲ့သူ ၃ ယောက်ရဲ့ အိမ်ကိုလည်း မီးနဲ့ရှို့ပြီး ထွက်ပြေးသွားတယ်ပေါ့ဗျာ။ "

စစ်တပ်က လာရှာသူတွေဟာ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထောက်ခံသူတွေဖြစ်ပြီး သူတို့က ကြိုတင်တိမ်းရှောင်နေတာကြောင့် ကျန်ရှိသူတွေကို သတ်ဖြတ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က မြင်းခြံခရိုင်အထူးစစ်ဆင်ရေးစတင်ခဲ့ပြီးနောက်ပိုင်း မြင်းခြံခရိုင်ထဲက မြို့တွေဖြစ်တဲ့ မြင်းခြံ၊ ငါန်းဇွန်၊ တောင်သာ၊ နွားထိုးကြီး မြို့နယ်တွေမှာရှိတဲ့ ကျေးရွာတွေကို စစ်တပ်က နေ့စဉ်လိုလို လေကြောင်းကနေ တိုက်ခိုက်နေပါတယ်။ လေကြောင်းတိုက်ခိုက်တာကြောင့် အခု စက်တင်ဘာလထဲမှာ အရပ်သား ၂၀ ဦးထက် မနည်းသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိထားပါတယ်။

Your browser doesn’t support HTML5

ခင်ဦးမြို့နယ် ဗုံးကြဲခံရမှု အရပ်သားတချို့သေဆုံး