လားရှိုးမြို့  ၂ ရက်ဆက်တိုက် လေကြောင်း တိုက်ခိုက်ခံရ၊ အနည်းဆုံး ၁ ဦးသေဆုံး 

လားရှိုးမြို့လေကြောင်းတိုက်ခိုက်ခံရအပြီး မြင်ကွင်းတချို့ (စက်တင်ဘာ ၉၊ ၂၀၂၄)

MNDAA ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်တာကြောင့် အနည်းဆုံး ၁ ဦးသေ အများအပြား ဒဏ်ရာရခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။ ဒီကနေ့ အစောပိုင်း တိုက်ခိုက်မှုအတွင်း လားရှိုးမြို့ အထွေထွေအုပ်ချုပ်ရေးမှုးရုံးကို ထိမှန်ခဲ့ပြီး အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးသေဆုံးခဲ့တာပါ။ လားရှိုးမြို့မှာ ၂ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို တင်ပြထားပါတယ်။

ဒီကနေ့ လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာဟာ တတိယအကြိမ်ဖြစ်ပြီး မနေ့ကနဲ့ ဒီကနေ့ ၂ရက်ဆက် တိုက်ခိုက်လာတာလည်း ဖြစ်ပါတယ်။ ဒီမနက် ၁၀နာရီ ခွဲအချိန်လောက်မှာ လားရှိုးမြို့ အထွေထွေအုပ်ချုပ်ရေးမှုးရုံးနဲ့ ရုံးအနီးမှာ ဗုံး ၂ လုံးကျတာ ဖြစ်တယ်လို့ လားရှိုးမြို့ခံတဦးက VOA ကို အခုလို ပြောပါတယ်။

“အဲ ကြည့်ခဲ့ပြီ။ ရုံးကြီးထဲမှာ တလုံးကျတယ်။ အပြင်မှာ တလုံးပေါ့နော်။ ၂လုံး။ ကျနော်သွားကြည့်တော့ လူတွေက ရုတ်ရုတ် ရုတ်ရုတ်နဲ့ သော့က မဖွင့်ထားဘူး။ တံခါးပေါက်။ အဲဒါနဲ့ ကျနော်ကြည့်တော့ လူတွေက ဝင် ဝင် ဓါတ်ပုံရိုက်တဲ့သူက ရိုက် ဗီဒီယိုရိုက်တဲ့သူက ရိုက် Ambulance ကားတွေဘာတွေလာ။ လာပြီးမှ လူနာတင်တဲ့ယာဉ်နဲ့ တင်မယ်လည်း လုပ်ရော ခနနေကျ အကုန်လုံး ပြန်ထွက်ပြေးလာတယ်ဗျာ။ လာနေပြီ လာနေပြီ ပြန်လာတော့မယ် ပြန်လှည့်လာနေပြီဆိုပြီးမှ အဲလိုပြောပြီး ထွက်ပြေးတော့ ကျနော်လည်း ပြန်လာခဲ့လိုက်တယ်။”

အထိအခိုက်ဘယ်လောက်ရှိတယ်မသိကြောင်းလည်း သူက ပြောပါတယ်။ လက်ရှိ လားရှိုးမြို့အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူ မြို့ခံ တဦးကတော့ အုပ်ချုပ်ရေးအဖွဲ့ဝင် တဦး သေဆုံးပြီး ၁၀ဦး ထိခိုက်ခဲ့ကြောင်း အခုလို ပြောပါတယ်။

“အပြင်ဘက်ကျတဲ့ တလုံးကတော့ ထိခိုက်မှုမရှိဘူး။ အတွင်းထဲမှာ ထွေအုပ်ဝန်းထဲမှာ ကွဲတဲ့ဟာက ထိခိုက်မှုရှိတာပေါ့။ အရပ်သားက ၈ယောက်ထိတယ်။ PDF ထဲက ၂ယောက် ထိတယ်။ ပြီးတော့ PDF တယောက်က သူကတော့ အုပ်ချုပ်ရေးပိုင်းမှာပေါ့။ သူကတော့ ဆုံးသွားတယ်ပေါ့ဗျာ။ အားလုံး ၁၁ယောက်ပေါ့။”

MNDAA ကိုးကန့်တပ်က ၁၀နာရီ ၂၃မိနစ်နဲ့ ၁၀နာရီခွဲ အချိန်တွေမှာ လားရှိုးမြို့ လူနေရပ်ကွက်တွေကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ရပ်ကွက် အတွင်း ဗုံး၂လုံးကျခဲ့ကြောင်း ၊ အရပ်သား ၁၂ဦး ထိခိုက်ပြီး ဆုံးရှုံးတာတွေနဲ့ အသေအပျောက်ကို ထပ်မံ စုံစမ်းနေကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

လားရှိုးမြို့ကို သြဂုတ်လ ၃ရက်နေ့က MNDAA နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူပြီးနောက်မှာ သြဂုတ်လ ၃၀ရက်နေ့မှာ စစ်ကောင်စီက ပထမဆုံးလေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ ဒီလ ၈ ရက်နေ့ကတော့ ရပ်ကွက် ၁၂ အားကစားရုံနဲ့ ရေပူစမ်းအနီးက Silver Sky ဟိုတယ် ၂ နေရာကို ဒုတိယအကြိမ်ထပ်မံ တိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုမှာ လူအထိအခိုက်မရှိပေမဲ့ ဟိုတယ်နဲ့ အဆောက်အဦတွေ ထိခိုက်ခဲ့သလို မော်တော်ယာဉ် အစီး ၂၀ခန့်ပျက်ဆီးကြောင်း MNDAA က သတင်းထုတ်ပြန်ထားပါတယ်။

ဒီလ ၅ ရက်နေ့မှာတော့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့က စစ်ရှောင်စခန်းတခုကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေး ၅ ဦးအပါအဝင် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့သလို ၆ ရက်နေ့မှာ TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ကို လေကြောင်းက တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်နဲ့ ကိုယ်ဝန်ဆောင်တွေ အပါအဝင် ၁၁ ဦး သေဆုံးပြီး၊ ၁၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ TPCC က ဇွန်လ ၂၅ရက်နေ့ ၁၀၂၇ ဒုတိယပိုင်း စစ်ဆင်ရေး စတင်ပြီးနောက်ပိုင်းမှာ အရပ်သားနေအိမ်နဲ့ မြို့ရွာတွေကို လေကြောင်းက တိုက်ခိုက်တာကြောင့် လူ ၂၀၁ဦး သေဆုံးပြီး ၂၂၈ယောက် ဒဏ်ရာရခဲ့ကြောင်း ဒီလ ၇ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒီတိုက်ခိုက်မှုတွေအတွင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက ညီနောင်မဟာမိတ်အဖွဲ့တွေ ထိန်းချုပ်ရာဒေသအပြင် ရှမ်းပြည်နယ်တောင်ပိုင်းက ဖယ်ခုံ၊ ကရင်နီခေါ် ကယားပြည်နယ်က နန်းမယ်ခုံ၊ချင်းပြည်နယ်၊ မကွေးတိုင်းက ဒေသတွေပါ ပါဝင်ကြောင်း ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာက အရေးယူဖို့ကိုလည်း တောင်းဆိုထားပါတယ်။ စစ်ကောင်စီဘက်ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ သိမ်းပိုက်ထားတဲ့နယ်မြေတွေကို တန်ပြန်ထိုးစစ်ဆင်မှာဖြစ်ကြောင်းနဲ့ ဒီနယ်မြေတွေမှာ သတင်းရရှိမှုနဲ့အခြေအနေပေါ်မူတည်ပြီး လိုအပ်သလို တုံ့ပြန်သွားမှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ သတိပြုရန်လိုအပ်ကြောင်း ထုတ်ပြန်ထားပါတယ်။

Your browser doesn’t support HTML5

လားရှိုးမြို့  ၂ ရက်ဆက်တိုက် လေကြောင်း တိုက်ခိုက်ခံရ၊ အနည်းဆုံး ၁ ဦးသေဆုံး