လားရှိုးမြို့ပေါ် ဗုံးကြဲတိုက်ခိုက်မှု စစ်တပ် ဆက်တိုက်လုပ်နေ

လားရှိုးမြို့ကို စစ်ကောင်စီကလေကြောင်းဗုံးကြဲခဲ့အပြီး တွေ့မြင်ရစဉ် (စက်တင်ဘာ ၂၇၊ ၂၀၂၄)

ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားတဲ့ လာရှိုးမြို့ထဲက မြို့မဈေးနဲ့ ရပ်ကွက် ၁ ကျောက်တောင်ဘက်ကို စစ်တပ်က ဝေဟင်ကနေ ဗုံးကြဲခဲ့လို့ ၂ ယောက်သေဆုံးပြီး ၄ ယောက်ထက် မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ လက်နက်ကိုင်တပ်တွေကို လက်နက်စွန့်ပြီး နိုင်ငံရေးအဖြေရှာဖို့ စစ်ကောင်စီက ကမ်းလှမ်းခဲ့ပြီး နာရီပိုင်းအကြာမှာပဲ ခုလို MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့အပေါ် ဗုံးကြဲခဲ့တာဖြစ်ပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။

MNDAA ကိုးကန့်တပ်တွေ လားရှိုးမြို့ကို ထိန်းချုပ်ခဲ့ပြီးကတည်းက လားရှိုးမြို့အပေါ် စစ်တပ်က လေကြောင်းနဲ့ တိုက်ခိုက်နေတာ ဒီကနေ့နဲ့ပါဆို ၇ ကြိမ်ရှိသွားပါပြီ။ ဒီနေ့ စက်တင်ဘာ ၂၇ သောကြာနေ့ မနက် ၃ နာရီလောက်မှာ ဝေဟင်ကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၂ ယောက်ထက်မနည်းသေဆုံးတယ်လို့ လားရှိုးမြို့ခံတဦးက VOA ကို ပြောပြပါတယ်။

“၃ ခွဲကျော်ကျော်လောက်လေ။ ဈေးထဲမှာတလုံး ထိတယ်ဆိုတော့ ဈေးကတော့ အထိအခိုက်များ တယ်ပြောတာပဲ။ အခုလမ်းပိတ်ထားတယ်။ ဝင်လို့ မရသေးဘူး။ နောက်တနေရာက ကျနော်တို့ ဒီ Green Park ဟိုတယ် အဲဒီနားလေးမှာ ၂ လုံးပေါ့။ ရပ်ကွက် ၂ ထဲပဲဖြစ်နေတာ။ ပြီးတော့ ကျောက်တောင်၊ ကျောက်တောင်ဆို ရပ်ကွက် ၁ ဘက်မှာ တလုံး အဲဒီမှာတော့ ၂ယောက်လောက်သေတယ်ပြောတယ်။ ၄ လုံးလား - ၅ လုံးလား ဖြစ်နေတာ။ အထိအခိုက်ကတော့ ၃- ၄ယောက်လောက်ပဲ လောလောဆယ်သိတာ။”

လားရှိုးမြို့ကို စစ်ကောင်စီကလေကြောင်းဗုံးကြဲခဲ့အပြီး တွေ့မြင်ရစဉ် (စက်တင်ဘာ ၂၇၊ ၂၀၂၄)

ရှမ်းမြောက်ပိုင်း သတင်းတွေကို အဓိကဖော်ပြနေတဲ့ ရွှေဖီမြေသတင်းဌာနကတော့ ကျောက်တောင်ဘက်မှာ လူ ၂ ယောက်သေဆုံးပြီး ကိုယ်ဝန်ဆောင်တဦးအပါအဝင် ၆ ဦး ဒဏ်ရာရကြောင်း ရေးသားထားပါတယ်။ လားရှိုးမြို့ကို သြဂုတ်လ ၃ ရက်နေ့မှာ MNDAA ကိုးကန့်တပ်က သိမ်းယူပြီးနောက် သြဂုတ်လ ၃၀ ရက်နေ့မှာ စစ်ကောင်စီက လေကြောင်းကနေ ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

စက်တင်ဘာလ ၈ ရက်၊ ၉ ရက်၊ ၂၁ ရက်၊ ၂၄ ရက်နဲ့ ၂၅ ရက်နေ့တွေမှာလည်း ဝေဟင်ကနေ ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ခဲ့ပါတယ်။ ၂၅ ရက်နေ့က ဗုံးကြဲမှုမှာတော့ အမျိုးသမီးတဦးသေဆုံးပြီး လူ ၁၅ ဦးလောက် ဒဏ်ရာရခဲ့ပါတယ်။ MNDAA တပ်က သိမ်းပိုက် ထိန်းချုပ်ထားပြီးနောက်ပိုင်း အရပ်သားတွေ နေထိုင်တဲ့နေရာတွေပေါ်ကိုပါ စစ်တပ်က ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတာပါ။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးရတဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက အခုလို ပြောပါတယ်။

“ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေက တနေ့တခြားများပြားလာတာ အားလုံး အသိပါ။ အရင်တုံးကတော့ သူတို့ရဲ့ ပစ်ခတ်မှုတွေက ထင်ရာမြင်ရာကို ရမ်းသမ်းပစ်ခတ်တယ်ဆိုပြီးတော့ ပြောဆိုမှုတွေရှိတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ကျနော်တို့ တွေ့ရတဲ့အချက်တွေက ထင်ရာမြင်ရာကို ရမ်းသမ်းပစ်ခတ်တာမဟုတ်ဘဲနဲ့ အရပ်သား ပြည်သူတွေ နေတဲ့နေရာကို တမင်သက်သက်ရည်ရွယ်ချက်ရှိပြီးတော့ ပစ်ခတ်တဲ့ အရာမျိုး ဖြစ်ပါတယ်။ ထွက်ပြေးစရာလမ်းကြောင်းမရှိတဲ့ ပြည်သူတွေကို ရွေးခြယ်ပြီးတော့ ပစ်ခတ်တဲ့ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှု ဖြစ်ပါတယ်။ ”

ကုလသမဂ္ဂနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကလည်း မြန်မာပြည်ပဋိပက္ခအတွင်း အရပ်သား ပြည်သူတွေ မထိခိုက်အောင် ကာကွယ်ပေးရေးအတွက် တိုက်တွန်းတောင်းဆိုနေကြပါတယ်။

လားရှိုးမြို့ကို စစ်ကောင်စီကလေကြောင်းဗုံးကြဲခဲ့အပြီး တွေ့မြင်ရစဉ် (စက်တင်ဘာ ၂၇၊ ၂၀၂၄)

စစ်ကောင်စီကို ဆန့်ကျင်နေကြတဲ့ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းကြပါလို့ ဆိုပြီး လက်နက်စွန့် ရွေးကောက်ပွဲ ဝင်ကြဖို့ စစ်ကောင်စီက စက်တင်ဘာ ၂၆ ရက်က ကမ်းလှမ်းပါတယ်။ တချိန်ထဲမှာ ရှမ်းပြည်နယ်ထဲက မိုင်းကိုင်၊ မိုင်းရယ်၊ နမ့်လန်နဲ့ ကျောက်ဂူ၊ အင်တောဘက်မှာ စစ်ကောင်စီဘက်က ရှမ်းပြည်နယ်တောင်ပိုင်းက ပြည်သူ့စစ်တပ်တွေပါ ခေါ်ယူပြီး အင်အားဖြည့်တင်းနေတယ်လို့ လားရှိုးက နိုင်ငံရေးသုံးသပ်သူတဦးက ပြောပြပါတယ်။ ကြာသပတေးနေ့ကပဲ မိုင်းရယ်အနီးက ဟိုယကို စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်တာနဲ့ စစ်အင်အားဖြည့်တင်း တာတွေကြောင့် လားရှိုးကို ပြန်လည် ထိုးစစ်ဆင်မယ့်ပုံရနေတယ်လို့ သူက သုံးသပ်ပါတယ်။

“မနေ့ကကျတော့ ဟိုယဘက်မှာ ဆော်တာလေ။ ဟိုယဆိုတာ ကျနော်တို့ မိုင်းရယ်အစပ်လေ။ အဲဒီဟိုယရွာထဲမှာက ကိုးကန့်တွေ နေတာ။ မိုင်းရယ်နယ်ကျတော့ စကစက နေတာ။ အဲဒါ ဟိုယမှာလည်း သွားကြဲတယ် မနေ့က။ ပြည်သူတွေဆို အားလုံးပြေးကုန်တာ။ အခုက တပ်ကလည်း တော်တော်လေးကို အင်အားဖြည့်တင်းနေတယ်လို့ ပြောတယ်ဗျ။ ဟိုယကနေ သူတို့ တိုက်ပြီး ဝင်တက်မယ်ဆိုရင်တော့ ခနလေးပဲလေ လားရှိုးဆိုရင်။ လားရှိုးနဲ့ မိုင်းရယ်က မိုင် ၆၀ ကျော်ပဲ ရှိတယ်လေ။”

စစ်ကောင်စီဘက်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို မိုင်းရယ်မှာ ပြန်လည်စုဖွဲ့နေကြောင်း သတင်းတွေ လည်း ထွက်ပေါ်နေပါတယ်။ MNDAA ရဲ့ ညီနောင်မဟာမိတ်ဖြစ်တဲ့ TNLA နဲ့ စစ်တပ်ကြားမှာလည်း သီပေါ နဲ့ နောင်ချို မြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေပါတယ်။ ဒီကနေ့မှာတော့ သီပေါအခြေစိုက် ခမရ ၅၀၃ ကို TNLA ကသိမ်းပိုက်ကြောင်း သတင်းတွေ ထွက်ပေါ်နေပေမဲ့ သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။ TNLA ပြန်ကြားရေးတာဝန်ခံကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်မရခဲ့သလို ရှမ်းမြောက်တိုက်ပွဲသတင်းနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိပါဘူး။

Your browser doesn’t support HTML5

လားရှိုးမြို့ပေါ် ဗုံးကြဲတိုက်ခိုက်မှု စစ်တပ် ဆက်တိုက်လုပ်နေ