ရာဇဝတ်မှုနဲ့ အလိုရှိသူ ဖိလစ်ပိုင်မြို့တော်ဝန်ဟောင်း အင်ဒိုနီးရှားမှာ ဖမ်းဆီးခံရ

ဖိလစ်ပိုင်နိုင်ငံ Bamban မြို့တော်ဝန်ဟောင်း တရုတ်လူမျိုး Guo Hua Ping ကို တွေ့ရစဉ် (မေ၊ ၂၀၂၄)

တရုတ် ရာဇဝတ်ဂိုဏ်းတွေနဲ့ ဆက်နွယ်ပြီး၊ ဒေါ်လာ ၁.၈ သန်းကျော် ငွေကြေးခဝါချမှုနဲ့ အလိုရှိနေတဲ့ ဖိလစ်ပိုင် မြို့တော်ဝန်ဟောင်းကို အင်ဒိုနီးရှားက ဖမ်းဆီးလိုက်ကြောင်း တာဝန်ရှီသူတွေက ဒီနေ့ပဲ ပြောလိုက်ပါတယ်။ Alice Guo လို့လူသိများတဲ့ တရုတ်လူမျိုး Guo Hua Ping ကို ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီးလွှတ်တော်ရဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ ထွက်ဆိုဖို့ ငြင်းဆန်ခဲ့တာကြောင့် အထက်လွှတ်တော်က အလိုရှိနေတာပါ။

Guo ကတော့ ဖိလစ်ပိုင်မှာ မွေးဖွားသူတယောက်ဖြစ်ကြောင်းနဲ့ သူ့အပေါ်စွပ်စွဲချက်တွေကိုလည်း ငြင်းဆိုထားပါတယ်။
ဖိလစ်ပိုင် တရားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ အင်ဒိုနီးရှားရဲတပ်ဖွဲ့က မစ္စ Guo ကို ဖမ်းဆီးထားကြောင်း ဖော်ပြထားပါတယ်။

ဖိလစ်ပိုင် လူဝင်မှုကြီးကြပ်ရေးဗျူရိုနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေး ကော်မရှင်က ထုတ်ပြန်တဲ့ သီးသန့် ထုတ်ပြန်ချက်မှာလည်း Guo ကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော် Tangerang အရပ်မှာ ဒီနေ့အစောပိုင်းက ဖမ်းမိခဲ့တယ်လို့ ပြောပါတယ်။

ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr. ကတော့ ဥပဒေရဲ့ လက်တံက ရှည်လျားတဲ့အတွက် တရားမျှတမှုကနေ ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားတာ အချည်းအနှီးပဲလို့ ပြောပါတယ်။ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုကြောင့်အခုလို ဖမ်းဆီးနိုင်တာ ဖြစ်တယ်လို့လည်း သူက ပြောထားပါတယ်။

Guo ရဲ့ ရှေ့နေဖြစ်တဲ့ Stephen David ကတော့ မှတ်ချက်တစုံတရာ ထုတ်ပြောတာ မရှိသေးပါဘူး။ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးကောင်စီ (AMLC) အပါအဝင် ဖိလစ်ပိုင်တရားဥပဒေစိုးမိုးရေးအေဂျင်စီတွေက Guo နဲ့ အခြား ၃၅ ဦးတို့ကို ငွေကြေးခဝါချ နဲ့ တရားရေးဌာနကို ပြီးခဲ့တဲ့လ ကပဲ ပူးတွဲ တိုင်ကြားခဲ့တာပါ။ Guo ဟာ ဖိလစ်ပိုင်နိုင်ငံသားအဖြစ် နိုင်ငံရေးမှာ ဝင်ရောက်ခဲ့ပေမဲ့ နောက်ပိုင်း လက်ဗွေစစ်ဆေးမှုတွေမှာ တရုတ်နိုင်ငံသား Guo Hua Ping ဆိုသူ ဖြစ်ကြောင်း တွေ့ရှိထားပါတယ်။

Guo ဟာ Tarlac ပြည်နယ် Bamban မြို့ရဲ့ မြို့တော်ဝန်အဖြစ်ဖယ်ရှားခံရတာဖြစ်ပြီး ဇူလိုင်လတုန်းက နိုင်ငံက ထွက်ပြေးခဲ့တာပါ။ သူဟာ ဖိလစ်ပိုင်နိုင်ငံကူးလက်မှတ်နဲ့ အိမ်နီးချင်း မလေးရှား၊ စင်ကာပူနိုင်ငံတွေကို သွားရောက်ခဲ့ပြီး ဩဂုတ်လတွင်မှာတော့ အင်ဒိုနီးရှားနိုင်ငံသွားခဲ့တယ်လို့ ရာဇဝတ်မှု တိုက်ဖျက်ရေးအေဂျင်စီက ပြောပါတယ်။

Your browser doesn’t support HTML5

ရာဇဝတ်မှုနဲ့ အလိုရှိသူ ဖိလစ်ပိုင်မြို့တော်ဝန်ဟောင်း အင်ဒိုနီးရှားမှာ ဖမ်းဆီးခံရ