မကွေးတိုင်းတွင်း စစ်ကောင်စီနယ်မြေရှင်း ကျေးရွာနေအိမ်တချို့မီးရှိုခံရ

မကွေးတိုင်းအတွင်း စစ်ကောင်စီနယ်မြေရှင်းလင်းမှုကြောင့် ကျေးရွာတချို့မီးရှို့ခံရ (ဒီဇင်ဘာ ၁၊ ၂၀၂၄)

မကွေးတိုင်း ရေစကြိုမြို့နယ်မှာ စစ်ကောင်စီ နယ်မြေရှင်းလင်းရေးအတွင်း ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပြီး အရပ်သား နေအိမ်တချို့ မီးရှို့ခံရပါတယ်။ ပွင့်ဖြူမြို့နဲ့ စေတုတ္တရာမြို့နယ်မှာလည်း အရပ်သား ၁ ဦး သတ်ဖြတ်ခံခဲ့ရပြီး နေအိမ် ၂၀၀ ကျော် မီးရှို့ဖျက်စီးခံခဲ့ရပါတယ်။ မကွေးတိုင်းတွင်း စစ်ကောင်စီတပ် စစ်ရေးလှုပ်ရှားမှုတွေနဲ့ပတ်သက်လို့ သတင်းပေးပို့ထားပါတယ်။

ပခုက္ကူကထွက်လာတဲ့ အင်အား ၈၀ နီးပါး ပါဝင်တဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ မကွေးတိုင်းရေစကြိုမြို့နယ်ထဲက ကျေးရွာတွေကို ၁ လနီးပါး နယ်မြေရှင်းလင်းနေတာဖြစ်ပြီး ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေလည်း ရှိခဲ့ပါတယ်။ ဒီဇင်ဘာ ၁ ရက်မှာတော့ မြို့နဲ့ ၃ မိုင်ခန့်အကွာက အိမ်ခြေ ၁၅၀ လောက်ရှိတဲ့ ကမ္ဘဲ့ရွာက နေအိမ်တွေကို မီးရှို့ဖျက်စီးသွားတာကြောင့် တရွာလုံးနီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ သတင်းတာဝန်ခံက ပြောပါတယ်။

"ရေစကြိုစရောက်တဲ့ စစ်ကြောင်းကတော့ ၁ လ လောက်ရှိပြီ အင်အားက ၈၀ လောက်ပါတယ်။ ပခုက္ကူကနေ လာတာ။ ဒီရေစကြိုမြို့နယ်ထဲကို ပတ်ထိုးနေတဲ့ သဘောရှိတာပေါ့။ အဲ့စစ်ကြောင်းနဲ့ ကျွန်တော်တို့တွေ ထိတွေ့မှု ၃ ကြိမ်ဖြစ်ထားတယ်။ ကမ္ဘဲ့ကျေးရွာကို မနက် ၆ နာရီဝင်တယ်။ ဝင်ပြီးတော့ ရေစကြိုမြို့နယ် ပကဖနဲ့ ကင်းသမားတွေနဲ့ ထိတွေ့မှု နည်းနည်းဖြစ်တယ်။ ဖြစ်ပြီးတဲ့အချိန်မှာ ကမ္ဘဲ့ကျေးရွာကို မီးရှို့တာပေါ့နော်။ တရွာလုံးမှာ အိမ် ၂၀ လောက်ပဲကျန်မယ်။ ကျန်တာအကုန်မီးရှို့ခံရတယ်။ အရပ်သား ထိခိုက်သေဆုံးမှုက သေဆုံးမှုတော့ မကြားမိသေးဘူး။မကြားသေးပေမယ့်လည်း ဖမ်းဆီးခံထားရတဲ့ သူတွေလည်းရှိတယ်။ တချို့ကလည်း ပြန်လွတ်တယ်။ တချို့ကလည်း ဖမ်းခံထားရတုန်းလို့ သိထားရတယ်။"

မကွေးတိုင်းအတွင်း စစ်ကောင်စီနယ်မြေရှင်းလင်းမှုကြောင့် ကျေးရွာတချို့မီးရှို့ခံရ (ဒီဇင်ဘာ ၁၊ ၂၀၂၄)

စစ်ကောင်စီ စစ်ကြောင်းဟာ ကျေးရွာတွေဘက်ကို နယ်မြေရှင်းလင်းတာတွေ မလုပ်ခင် မြို့ပေါ်ရပ်ကွက်အချို့ကို သန်းခေါင်စာရင်းကောက်ယူတာတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မကွေးတိုင်းထဲကပဲ စေတုတ္တရာနဲ့ ပွင့်ဖြူမြို့နယ်အစပ်က ကျေးရွာတွေကိုလည်း နိုဝင်ဘာ ၂၇ ရက်ကနေ ၂၉ ရက်အထိ စစ်ကောင်စီက ၃ ရက်ဆက်တိုက် နယ်မြေရှင်းလင်းတာတွေလုပ်ခဲ့ပါသေးတယ်။ နယ်မြေရှင်းလင်းရေးအတွင်း ကျေးရွာ ၃ ရွာက နေအိမ် ၂၀၀ နီးပါး မီးရှို့ဖျက်စီးခံခဲ့ရသလို အရပ်သားအမျိုးသမီး ၁ ဦးလည်း သေဆုံးခဲ့တယ်လို့ မင်းဘူးခရိုင် သတင်းပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

မကွေးတိုင်းအတွင်း စစ်ကောင်စီနယ်မြေရှင်းလင်းမှုကြောင့် ကျေးရွာတချို့မီးရှို့ခံရ (ဒီဇင်ဘာ ၁၊ ၂၀၂၄)

"စေတုတ္တရာမြို့နယ် အရှေ့ဖျားနဲ့ ပွင့်ဖြူမြို့နယ်အနောက်ဖျားအစပ်က ကျေးရွာတွေ စစ်ကြောင်းထိုးခံရတာပေါ့။ ရွာတွေမီးရှို့ခံရတယ်။ ပြည်သူတွေ သတ်ဖြတ်ခံရတယ်။ ပစ္စည်းတွေခိုးယူခံရတယ်။ အဲ့အခြေအနေတွေဖြစ်တာပေါ့။ မီးရှို့ခံရတာက စေတုတ္တရာ မြို့နယ်ထဲက ကျောက်ပုံရွာရယ် ညောင်ကုန်းရွာရယ် မီးရှို့ခံရတယ်။ နောက်တခုက ပွင့်ဖြူမြို့နယ်ထဲက လယ်မကျေးရွာဆိုတာ မီးရှို့ခံရတယ်ပေါ့။ နေအိမ် ၂၀၀ ကျော် ၂ မြို့နယ် ၂၀၀ ကျော်မီးရှို့ခံရတယ်။ အရပ်သား သတ်ဖြတ်ခံရတာက အသက် ၇၀ အရွယ် ဒေါ်တင်မှတ်ဆိုတဲ့ ကျောက်ပုံကျေးရွာက အမေအို ၁ ယောက်တော့ အသတ်ခံရတယ်။ ပြည်သူတွေက လက်ရှိအချိန်ထိ တောတွေတောင်တွေထဲ စစ်ဘေးရှောင်နေရတုန်းပေါ့။"

စစ်ကောင်စီ တပ်ရဲ့ နယ်မြေရှင်းလင်းရေးအတွင်း ပွင့်ဖြူမြို့နယ်နဲ့ စေတုတ္တရာ မြို့နယ်ထဲက ဒေသခံ ၅ ထောင်လောက်ဟာ အစားအသောက်နဲ့ ဆေးဝါးအကူအညီ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီပေးနေသူတွေက ပြောပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Your browser doesn’t support HTML5

မကွေးတိုင်းတွင်း စစ်ကောင်စီနယ်မြေရှင်း ကျေးရွာနေအိမ်တချို့မီးရှိုခံရ