Milton မုန်တိုင်းကြောင့် ဖလော်ရီဒါမှာ ၂ ဦးထက်မနည်းသေဆုံး

ဖလော်ရီဒါပြည်နယ် Fort Myers မြို့မှာ ဟာရီကိန်း Milton ချဉ်းကပ်လာစဉ် လေဆင်နှာမောင်းတခုကြောင့် ပျက်စီးသွားတဲ့ အိမ်တလုံး (အောက်တိုဘာ ၉၊ ၂၀၂၄)

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် မြောက်ပိုင်းနဲ့ အလယ်ပိုင်း ဒေသတွေကို အင်အားပြင်း ဟာရီကိန်း မုန်တိုင်း Milton ဝင်ရောက်ခဲ့လို့ ၂ ဦးထက် မနည်း သေဆုံးခဲ့ပါတယ်။ လေပြင်းတိုက်ခတ်ပြီး မိုးသည်း ရေလျှံမှုတွေကြောင့် လူနေအိမ်တွေပျက်စီးခဲ့ပြီး ၃ သန်းထက်မနည်း လျှပ်စစ်မီး ပြတ်တောက်နေကြပါတယ်။

ပြင်းအား အဆင့် ၃ ရှိတဲ့ ဟာရီကိန်း မုန်တိုင်းဟာ တနာရီကို ၁၂၇ မိုင်ကျော်နဲ့ Sarasota ခရိုင်၊ Siesta Key မြို့နားကို ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းက ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ မုန်တိုင်းဒဏ်ကို ဖလော်ရီဒါပြည်နယ်တဝိုက် ညလုံးပေါက် ကြုံခဲ့ရသလို၊ ရုတ်တရက် ရေကြီးရေလျှံမှု အန္တရာယ်တွေ ဆက်ကြုံလာရနိုင်သေးတာကို အာဏာပိုင်တွေက သတိပေးထားပါတယ်။

ဒီနေ့ ကြာသပတေးနေ့ မနက်ပိုင်းမှာ ဟာရီကိန်းပြင်းအား အဆင့် ၁ ကို လျော့သွားပြီး ဖလော်ရီဒါပြည်နယ် အရှေ့မြောက်ဘက် ကနေ အတ္တလန္တိတ်သမုဒ္ဒရာဘက်ကို ရွေ့လျားသွားပြီဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်နယ်မြောက်ပိုင်းမှာ မိုးရေချိန် ၅ လက်မ ကနေ ၁၀ လက်မ အထိ ထပ်ရွာနိုင်သေးတဲ့အကြောင်း အမေရိကန် ဟာရီကိန်းစင်တာက သတိပေးထားပါတယ်။ ဖလော်ရီဒါပြည်နယ် အနောက်ဘက် ကမ်းခြေမြို့ St. Petersburg မှာတော့ မုန်တိုင်းကြောင့် မိုးရေချိန် ၁၆ လက်မအထိ စံချိန်တင် ရွာခဲ့ပြီး ဒါဟာဖြင့် ခုလို အောက်တိုဘာလထဲ လစဥ် ပုံမှန် ရွာသွန်းလေ့ရှိတဲ့ မိုးရေချိန်ထက် ၈ ဆ ပိုများပါတယ်။

Tampa, St. Petersburg, Sarasota နဲ့ Fort Myers မြို့တွေမှာလည်း မုန်တိုင်းကြောင့် ရေကြီးရေလျှံတာတွေ ကြုံနေရပါတယ်။ စီးပွားရေးလုပ်ငန်းနဲ့ အိမ်ခြေ ၃ သန်းကျော် လျှပ်စစ်မီးတွေ ပြတ်တောက်နေပြီး မီးပြန်ရဖို့ အချိန်အတော်ကြာ နိုင်တယ်လို့ လျှပ်စစ်ကုမ္ပဏီတွေက သတိပေးထားပါတယ်။ မုန်တိုင်းသင့်နေရာတွေမှာ မြန်မာနိုင်ငံက အခြေချနေထိုင်သူတွေလည်း အများအပြား ရှိပါတယ်။

Your browser doesn’t support HTML5

Milton မုန်တိုင်းကြောင့် ဖလော်ရီဒါမှာ ၂ ဦးထက်မနည်းသေဆုံး