ဖိလစ်ပိုင်နိုင်ငံ အရှေ့မြောက်ပိုင်းကို အပူပိုင်းမုန်တိုင်း Trami ဝင်ရောက်တိုက်ခတ်တာကြောင့် လူ ၂၆ ယောက်ထက်မနည်းသေဆုံးပြီး ၁ သိန်းခွဲကျော် ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရတယ်လို့ ဖိလစ်ပိုင်အာဏာပိုင်တွေက ဒီနေ့ ပြောပါတယ်။ Trami မုန်တိုင်းကြောင့် ဖိလစ်ပိုင်ရဲ့ အဓိကကျွန်းကြီးဖြစ်တဲ့ လူဇုံကျွန်းမှာ မိုးအကြီးအကျယ်ရွာသွန်းပြီး ရေကြီးတာတွေနဲ့ မြေပြိုတာတွေဖြစ်ခဲ့ပါတယ်။
မုန်တိုင်းက နိုင်ငံမြောက်ပိုင်းက Cordillera ဒေသမှာ လေတိုက်နှုန်း တနာရီကို မိုင် ၆၀ လောက်နဲ့ အနောက်ဘက်ကို ရွေ့လျားပြီး တောင်တရုတ်ပင်လယ်ကို ဦးတည်နေတယ်လို့ ဖိလစ်ပိုင် မိုးလေဝသနဌာနက ကပြောပါတယ်။
မုန်တိုင်းကြောင့် နိုင်ငံမြောက်ပိုင်းက တချို့ ပြည်နယ်တွေမှာ မိုးအကြီးအကျယ်ရွာသွန်းပြီး၊ ရေကြီးတာ၊ မြေပြိုတာ နဲ့ ပင်လယ်လှိုင်းတွေမြင့်တက်တာတွေ ဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။ မုန်တိုင်းကုန်းတွင်းပိုင်းကိုဝင်တဲ့အချိန်မှာ တည့်တည့်ဝင်ခဲ့တဲ့ နိုင်ငံအရှေ့မြောက်ပိုင်းက Divilacan မြို့မှာတော့ အခုချိန်ထိ သေဆုံးတဲ့သူမရှိသေးဘူးလို့ အဲဒီမြို့ရဲ့ ဘေးဒုက္ခကယ်ဆယ်ရေးအေဂျင်စီ အကြီးအကဲက ပြောပါတယ်။
ဖိလစ်ပိုင်အလယ်ပိုင်းက Bicol ဒေသမှာ ပြီးခဲ့တဲ့ရက်တွေအတွင်း မုန်တိုင်းကြောင့် သေဆုံးတဲ့သူအများစုဟာ ရေနစ်တာနဲ့ မြေပြိုတာတွေကြောင့်ဖြစ်ပြီး၊ Naga မြို့မှာတော့ လူ ၁၄ ယောက် ဒီနေ့ သေဆုံးခဲ့တယ်လို့တာဝန်ရှိသူတွေက ပြောပါတယ်။ ဖိလစ်ပိုင်အစိုးရကတော့ မုန်တိုင်းလမ်းကြောင်းပေါ်မှာရှိနေတဲ့ဒေသတွေမှာတော့ မိုးများပြီး ရေကြီးလာနိုင်တာကြောင့် စီးပွားရေးလုပ်ငန်းတွေ နဲ့ ကျောင်းတွေကို ပိတ်ဖို့ အမိန့်ထုတ်ထားပါတယ်။
မုန်တိုင်းကြောင့် နိုင်ငံတဝန်းမှာ လေကြောင်းခရီးစဉ် ဒါဇင်နဲ့ချီပြီး ဖျက်လိုက်ရတယ်လို့ ဖိလစ်ပိုင်နိုင်ငံရဲ့ အရပ်ဘက်လေကြောင်းထိန်းသိမ်းရေး ဌာနက ဒီနေ့ ပြောပါတယ်။ ဒါ့အပြင် နိုင်ငံတဝန်းမှာရှိတဲ့ နိုင်ငံခြားငွေလဲလှယ်တာတွေနဲ့ ငွေကြေးလုပ်ငန်းတွေကို ဒုတိယမြောက်နေ့အဖြစ်နဲ့ ရပ်ဆိုင်းထားတယ်လို့ ဖိလစ်ပိုင်ဗဟိုဘဏ်က ပြောပါတယ်။
Your browser doesn’t support HTML5