မြန်မာနိုင်ငံမှာ စက်တင်ဘာလဆန်းကတိုက်ခတ်ခဲ့တဲ့ ရာဂီတိုင်ဖုံးမုန်တိုင်းနောက်ဆက်တွဲ ရေကြီးရေလျှံမှုဒဏ်ခံရသူတွေအတွက် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UN OCHA က ဗဟိုအရေးပေါ် အခြေနေတုံ့ပြန်ရေးရံပုံငွေထဲကနေ ဒေါ်လာ ၄ သန်း ချထားပေးမှာ ဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရ Stephen Dujarric က အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒီရံပုံငွေကို UNOCHA အရေးပေါ်ကူညီရေးဆိုင်ရာ ယာယီတာဝန်ခံ Joyce Msuya က ချထားပေးလိုက်တာဖြစ်ပြီးမြန်မာနိုင်ငံတွင်း ရေဘေးဒဏ်အကြီးအကျယ်ခံခဲ့ရတဲ့ ပဲခူးနဲ့မန္တလေးတိုင်း နောက်ပြီး ကရင်နဲ့ ရှမ်းပြည်နယ်တွေကလူသားစာနာမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက် ရေးတွေမှာ အထောက်အကူရစေဖို့ဖြစ်ကြောင်း ပြောပါတယ်။ ရေဘေးဒဏ်ခံရသူတွေအတွက် စားနပ်ရိက္ခာ၊ သောက်ရေသန့်၊ တကိုယ်ရေ သန့်ရှင်းရေးနဲ့ ကျန်းမာရေးဆိုင်ရာအပြင်အမိုးအကာနဲ့ တခြားလိုအပ်တဲ့ကာကွယ်မှုတွေအတွက် အကူအညီပေးမှာဖြစ်ကြောင်းလည်း ပြောပါတယ်။
UNOCHA က နောက်ဆုံး ထုတ်ပြန်ချက် အရ ရာဂီ မုန်တိုင်း နောက်ဆက်တွဲ ရေကြီးရေလျှံမှုတွေကြောင့် မြန်မာနိုင်ငံမြို့နယ်ပေါင်း ၃၃၀ မှာ လူပေါး ၁.၁ သန်း ဝန်းကျင် ရေလွှမ်းမိုးတဲ့ဒဏ် ခံခဲ့ရသလို သေဆုံးသူ ၃၆၀ ကျော်ရှိပြီးအနည်းဆုံး လူ ၁၀၀ ကျော် ပျောက်ဆုံး နေတယ်လို့ ပြောပါတယ်။ အလှူရှင်တွေက မြန်မာနိုင်ငံ လူသားချင်းစာနာမှုရန်ပုံငွေ (MHF) အတွက် ထပ်ဆောင်း အလှူငွေ အမေရိကန်ဒေါ်လာ ၃ သန်းကျော်ကို ကတိပြုထားကြပေမယ့်အကူအညီတွေ လိုနေဆဲပဲလို့လည်း UNOCHA က ပြောပါတယ်။
Forum