သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာဂီ ရေဘေး ၃၈၀ ကျော်သေဆုံး


ရာဂီရေဘေး၊ တောင်ငူ
ရာဂီရေဘေး၊ တောင်ငူ

မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့စာရင်းအရ ရာဂီမုန်တိုင်းရေဘေးကြောင့် သေဆုံးသူအရေအတွက် ၃၈၄ ဦးအထိ မြင့်တက်လာပြီး။ ကူညီကယ်ဆယ်ရေးသမားတွေကတော့စာရင် ပြုစုနိုင်မှုအားနည်းမှု အပြင်ပျောက်ဆုံးသူတွေ အများအပြား ရှိနေဆဲ ဖြစ်လို့ သေဆုံးတဲ့ အရေအတွက် ဒီထက် ပို တိုးလာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

မြန်မာနိုင်ငံမှာ ရာဂီ မုန်တိုင်း နောက်ဆက်တွဲ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ အရေအတွက် က ၃၈၄ ဦးအထိ မြင့်တက်လာပြီး ပျောက်ဆုံးသူကလည်း ၈၉ ဦး ရှိနေတယ်လို့ အာဏာသိမ်း စစ်ကောင်စီရဲ့ သတင်း ထုတ်ပြန်ရေး အဖွဲ့က စနေနေ့မှာ ပြောပါတယ်။

နေပြည်တော်မှာ ၁၆၄ ဦး၊ မန္တလေးတိုင်းဒေသ ကြီးမှာ ၁၃၄ ဦး၊ ရှမ်းပြည်နယ်မှာ ၇၈ ဦး၊ ကရင်ပြည်နယ်မှာ ၅ ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ၂ ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှာ ၁ ဦး သေဆုံးတယ်လို့ ဆိုပါတယ်။ နေပြည်တော်ကောင်စီ နယ်မြေ၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီးအတွင်းက မြို့နယ် ၅၃ မြို့နယ်မှာ ရေကြီးမှု ဒဏ်ခံခဲ့ရပြီး နိုင်ငံရဲ့ ၁၆ ရာခိုင်နှုန်းနီးပါး ထိခိုက်ခဲ့တယ်လို့ စစ်ကောင်စီ သတင်း ပြန်ကြားရေးက ပြောပါတယ်။

ကူညီကယ်ဆယ်ရေး သမားတွေကတော့ စာရင်း ပြုစုနိုင်မှု အားနည်းမှု အပြင် ပျောက်ဆုံးသူတွေ အများအပြား ရှိနေဆဲ ဖြစ်လို့ သေဆုံးတဲ့ အရေအတွက် ဒီထက် ပို တိုးလာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ကုလသမဂ္ဂကတော့ မုန်တိုင်းကြောင့် မြန်မာနိုင်ငံမှာ လူပေါင်း ၈၈၇,၀၀၀ ဝန်ကျင် ထိခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။


ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အေဂျင်စီ (OCHA) ရဲ့ စနေနေ့က ထုတ်ပြန်ချက်ထဲမှာ "အပြင်းထန်ဆုံး ထိခိုက်ပျက်စီးခံရတဲ့ ဒေသတွေမှာ နေအိမ်တွေ၊ အိမ်သုံးပစ္စည်းတွေ၊ ရေအရင်းအမြစ်နဲ့ လျှပ်စစ် ပေးဝေရေး အခြေခံအဆောက်အဦတွေ ကျယ်ကျယ်ပြန့်ပြန့် ထိခိုက် ပျက်စီးခဲ့တယ်” လို့ ဆိုထားပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ အဆောက်အအုံ ၂,၁၄၉ လုံး ပျက်စီးခဲ့ပြီး ၃,၄၅၅ လုံး တစိတ်တပိုင်း ပျက်စီးခဲ့ကာ အဲထဲမှာ စာသင်ကျောင်း ၅၄၆ ကျောင်း ပါဝင်ကာ လမ်းတံတား ၅၃၃ စင်း၊ လျှပ်စစ်ဓာတ်တိုင် ၂,၄၈၉ တိုင်နဲ့ ဆက်သွယ်ရေးတာဝါတိုင် ၉၉ ခု ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။ စစ်ကောင်စီ အစီရင်ခံစာအရ ရေကြီးမှုကြောင့် လူပေါင်း ၁၄၈,၆၄၃ ဦး ထိခိုက်ခဲ့ပြီး စပါးခင်း ၇၃၅,၄၆၁ ဧက ပျက်စီးကာ တိရစ္ဆာန် ၁၄၄,၉၉၈ ကောင် သေဆုံးခဲ့ကြောင်း ဖော်ပြထားပါတယ်။

တိုင်ဖွန်း ရာဂီ (Yagi) ရိုက်ခတ်မှု အပြင် ဘင်္ဂလားပင်လယ်အော်မှာ ပြင်းထန်တဲ့ လေဖိအားနည်းရပ်ဝန်း ဖြစ်ခဲ့တာက အစပျိုးခဲ့ပြီး မိုးကြီး ရေလျှံ မှုဟာ နှစ်ပေါင်း ၅၀ အတွင်း အဆိုးရွားဆုံးဖြစ်ခဲ့ပြီး သေဆုံးသူ ဦးရေတွေလည်း တိုးလာနေတာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်က အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်ဖြေရှင်းနိုင်ရေး အကူအညီပေးဖို့ နိုင်ငံတကာကို တောင်းခံထားပါတယ်။

တချိန်တည်းမှာပဲ ဘင်္ဂလား ပင်လယ်အော်အလယ်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ် နိုင်လို့ အခုရက်ပိုင်းအတွင်းမှာ နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန် ပြည်နယ်တွေမှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်နဲ့ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) နဲ့ ချင်း ပြည်နယ် တွေမှာ မိုးထစ်ချုန်းရွာပြီး၊ နေရာကွက် မိုးကြီးကာ လေပြင်းတိုက်ခတ်နိုင်ကြောင်း အထူးမိုးလေဝသသတင်း အဖြစ် စက်တင်ဘာလ ၂၁ ရက် ည ပိုင်းမှာ ထုတ်ပြန် သတိပေးထားပါတယ်။

Forum

XS
SM
MD
LG