ရိုဟင်ဂျာပြဿနာ စာနာစိတ်နဲ့ချည်းကပ်ဖြေရှင်းဖို့ NUG ဒုဝန်ကြီးတိုက်တွန်း

NUG လူ့အခွင့်အရေးဌာန ဒု ဝန်ကြီး ဦးအောင်ကျော်မိုးကို ဗွီအိုအေ ဝိုင်းတော်သူ မဆုမွန်က ဗွီအိုအေဌာနချုပ်မှာ သီးသန့်တွေ့ဆုံ မေးမြန်းစဥ်။ (သြဂုတ် ၂၁၊ ၂၀၂၄/ဗွီအိုအေ)

ရခိုင်ပြည်နယ်တွင်းတိုက်ပွဲတွေမှာ ရိုဟင်ဂျာတွေ ကြုံတွေ့ခံစားနေရတဲ့အခြေအနေအပေါ် နှစ်ဖက်ပြောဆိုမှုတွေ ကွဲလွဲနေပြီး သတင်းမှားတွေရဲ့ သားကောင်မဖြစ်ကြဖို့ အရေးကြီးတယ်လို့ NUG လူ့အခွင့်အရေး ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက ပြောဆိုပါတယ်။ ဒီလိုအချိန်မှာ လူသားဆန်မှုနဲ့ စာနာစိတ်နဲ့ ပြဿနာကိုချည်းကပ်ဖို့လိုတယ်လို့လည်း သူကအကြံပြုပါတယ်။ NUG လူ့အခွင့်အရေးဌာန ဒု ဝန်ကြီး ဦးအောင်ကျော်မိုးကို ဗွီအိုအေ စတူရီယိုမှာ မဆုမွန်က တွေ့ဆုံမေးမြန်းထားပါတယ်။

Your browser doesn’t support HTML5

ရိုဟင်ဂျာပြဿနာ စာနာစိတ်နဲ့ချဉ်းကပ်ဖြေရှင်းဖို့ NUG ဒုဝန်ကြီးတိုက်တွန်း

ဆုမွန်။ ။ အခုလက်ရှိ ရခိုင်ဘက်မှာ အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတပ်တွေကြားမှာ တိုက်ပွဲက အပြင်းအထန်ဖြစ်နေတယ်။ နောက် ရခိုင်ပြည်နယ်ထဲမှာလည်း နယ်မြေသိမ်းတိုက်ပွဲတွေဖြစ်နေတဲ့အခါမှာ စစ်ရေးက တော်တော်လေးကို - ပဋိပက္ခက ပြင်းထန်လာတယ်။ ဒါလည်း တော်တော်လေး ကြာလာပြီပေါ့။ ဆိုတဲ့အခါကျတော့ အဲဒီ အချိန်မှာ ခုနကပြောတဲ့ ဒေသခံ - အဲဒီ ရခိုင်တိုင်းရင်းသားတွေကော ရိုဟင်ဂျာတွေရော၊ မွတ်ဆလင်တွေရာ အဲဒီမှာရှိနေတဲ့ ဌာနေတိုင်းရင်းသားတွေ တော်တော်များများက စစ်ဘေးကနေလွတ်အောင်လို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့အနေအထားမှာရှိတယ်။ ဆိုတော့ လတ်တလော မောင်တောများဖြစ်နေတဲ့အခြေအနေတွေ၊ အထူးသဖြင့် ရိုဟင်ဂျာတွေနဲ့ပတ်သက်တဲ့အခြေအနေတွေတွေနဲ့ပတ်သက်ပြီးတော့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနတခုအနေနဲ့ ဒါနဲ့ပတ်သက်ပြီးတော့ ဘယ်လိုများ သုံးသပ်မိသလဲ။

ဦးအောင်ကျော်မိုး။ ။ ဟုတ်ကဲ့၊ အခြေအနေကတော့ မဆုမွန်ပြောသလိုပဲ အရမ်းရှုပ်ထွေးတယ်။ ရှုပ်ထွေးလွန်းအားကြီးတဲ့နေရာမှာ စစ်တပ်ကော စစ်တပ်နဲ့ပူးပေါင်းတဲ့ ရိုဟင်ဂျာအမည်ခံ လက်နက်ကိုင်တပ်ဖွဲ့တွေကော၊ တဖက်က AA ပေါ့၊ သုံးပွင့်ဆိုင်ပုံစမျိုးဖြစ်နေတဲ့ အခါကျတော့ ဒီနေရာမှာ ရိုဟင်ဂျာမွတ်ဆလင်တွေရော တခြားသော လူမျိုးစုတွေပေါ့၊ ဒိုင်းနက်တို့၊ မရို(မြို) တို့ စသဖြင့်- ရခိုင်စသဖြင့် အရပ်သားပြည်သူတွေအားလုံးက ဒီဟာရဲ့ဒဏ်ကို အနည်းနဲ့အများ ပုံသဏ္ဍန် အသွင်သဏ္ဍန်မျိုးစုံနဲ့ခံရတာတော့ အမှန်ပဲ။ ဒါပေမဲ့ ပုံသဏ္ဍန်ချင်းက တခုနဲ့တခု လူမျိုးတစုနဲ့တစုရဲ့ အတိမ်အနက်က တူချင်မှတူမယ်ပေါ့နော်။ ဒီနေရာမှာ ကျနော်တို့ အမြဲတမ်းလိုလို ကြားနေရတာကတော့ ထွက်ပြေးလွတ်မြောက်တဲ့ရိုဟင်ဂျာတွေဆီကနေ ကြားရတာကတော့ လူ့အခွင့်အရေး ချိုးဖောက်ခံရတာက - တပ်ပေါင်းစုံက - စစ်ကောင်စီတခုတည်းကကျူးလွန်တာမဟုတ်ဘဲနဲ့ အာရက္ခတပ်တော်ကလည်း ကျူးလွန်တယ်ဆိုပြီးတော့ မျက်မြင်သက်သေတွေက ပြောတဲ့ဟာတွေရှိတယ်၊ တဘက်က RSO, ARSA စသဖြင့် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း ကျူးလွန်တာရှိတယ်ဆိုပြီးတော့ ပြောတဲ့ဟာတွေရှိတယ်။ ဒီနေရာမှာ ကျနော်တို့ရဲ့ရပ်တည်ချက်ကတော့ ဒီ စံတန်ဖိုးအပေါ်မှာရပ်တည်တဲ့ ရပ်တည်ချက်ဖြစ်ပါတယ်။ ကျနော်တို့သွားချင်တာက အားလုံးပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးကို၊ ဖက်ဒရယ်ဒီမိုကရေစီကို သွားချင်တာ။ အားလုံးပါဝင်တဲ့ဖက်ဒရယ်ဒီမိုကရေစီက ဘာကိုအခြေခံလဲဆိုတဲ့အခါကျတော့ လွတ်လပ်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှု စတဲ့ ဒေါက်တိုင်တွေကိုအခြေခံတယ်ပေါ့၊ အဲဒီတော့ ဒီနေရာမှာ ကျနော်တို့က လူမျိုးစုတစုက စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်တဲ့နေရာမှာ လူမျိုးစုတစုက သူ့ရဲ့ဂုဏ်သိက္ခာ၊ လွတ်လပ်မှုနဲ့အသက်အိုးအိမ်ကို စတေးရတယ်ဆိုရင် ဒါမှန်ကန်တဲ့နည်းနာမဟုတ်ဘူးဆိုတာကို ကျနော်တို့ နားလည်ဖို့လိုတယ်။ တပြိုင်တည်းမှာ ကျနော်တို့ရဲ့တော်လှန်ရေးမိတ်ဖက် မဟာမိတ်တွေနဲ့လည်း ထိတွေ့ဆက်ဆံမှုတွေ လုပ်တိုင်း လုပ်တိုင်း၊ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေပေါ့- international humanitarian law ရဲ့အရေးကြီးပုံ၊ လေးစားလိုက်နာရမယ့် အနေအထားတွေကို ကျနော်တို့က စဥ်ဆက်မပြတ် ထုတ်ပြောဆိုလေ့ရှိတယ်ပေါ့။ စစ်ပွဲတွေဖြစ်နေတဲ့အခါကျတော့ စင်းလုံးချောနေတာတော့ မဟုတ်ဘူး၊ ပျက်စီးဆုံးရှုံးမှုတွေ၊ ထိခိုက်နစ်နာမှုတွေကတော့ ရှိနေတယ်။ ဒါပေမဲ့ ထိခိုက်နစ်နာမှုအနည်းဆုံးဖြစ်အောင် ဘယ်လိုလုပ်မလဲ၊ ဒီနေရာမှာ အခရာအကျဆုံးက အရပ်သားပြည်သူတွေကို ကျောသားရင်သား လူမျိုးဘာသာမခွဲခြားဘဲနဲ့အကာအကွယ်ပေးဖို့က တိုက်ပွဲမှာ ပါဝင်ဆင်နွဲနေတဲ့ အစုအဖွဲ့အားလုံးမှာ မဖြစ်မနေ လိုက်နာရမယ့် တာဝန်ဝတ္တရားရှိတယ်ပေါ့။”

ဆုမွန်။ ။ အခု လက်ရှိဖြစ်နေတဲ့အနေအထားတွေနဲ့ပတ်သက်ပြီး NUG အမျိုးသားညီညွတ်ရေးအစိုးရနဲ့ AA အာရက္ခတပ်တို့ကြားမှာ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ တိုက်ရိုက်ဆွေးနွေးတာမျိုးတွေ၊ နောက်ပြီးတော့ ဒါ နဲ့ပတ်သက်ပြီး အချင်းချင်း အပြန်အလှန် ပြောတာမျိုးတွေ ရှိလား။

ဦးအောင်ကျော်မိုး။ ။ ကျနော်တို့ မဟာမိတ်တွေအားလုံးနဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်တိုင်းလုပ်တိုင်း ဒီထဲမှာ အာရက္ခတပ်တော်နဲ့လည်း ထိတွေ့ဆက်ဆံမှုတွေ မဟာမိတ်ဆက်ဆံရေးကော်မတီကနေတဆင့် လုပ်တဲ့ဟာတွေရှိသလို လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းတွေမှာလည်း ကျနော်တို့ လူသားစာနာမှု ဝန်ကြီးဌာနကနေ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိတယ်ပေါ့။ ရှိတဲ့အခါကျရင် ဒီ ရခိုင်အရေးက ရှုပ်ထွေးလွန်းအားကြီးတယ်၊ ဒါပေမဲ့ဘယ်လောက်ပင် ရှုပ်ထွေးပလေစေ၊ ဒါကို ကျနော်တို့က ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့အတူ ပြိုင်တူဖြေရှင်းရမယ့်ကိစ္စ ဖြစ်တာကြောင့်မို့လို့ ကျနော်တို့က တချို့နေရာတွေမှာ ပြောသင့်ပြောထိုက်တဲ့ဟာတွေ၊ ဆွေးနွေးသင့် ဆွေးနွေးထိုက်တဲ့ဟာတွေကို ကျနော်တို့ ဒီမှာ တာဝန်ယူထားတဲ့ ဝန်ကြီးဌာနက ပုဂ္ဂိုလ်တွေကနေတဆင့် ထိတွေ့ဆက်ဆံမှုတွေလုပ်တာကတော့ ရှိတယ်။ ထွက်ပြေးလွတ်မြောက်လာတဲ့ရိုဟင်ဂျာတွေ ပြောတာက သူတို့ကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ဘက်ပေါင်းစုံကလုပ်တယ်။ အာရက္ခတပ်တော်ကလည်း လုပ်တယ်။ တဘက်က AA ကတော့ ‘ကျနော်တို့ ကူပေးထားပါတယ်၊ ကယ်ပေးထားပါတဘ်’ ဆိုတဲ့ပုံစံမျိုးတွေ ပြောတဲ့အခါကျတော့ နှစ်ဘက်ကြားမှာက ဆန့်ကျင်ဘက် ဖြစ်နေတယ်၊ အဲဒီအတွက်လည်း နိုင်ငံတကာ အဖွဲ့အစည်းတွေက ပိုမိုသမာသမတ်ကျတဲ့၊ ဘက်လိုက်မှုကင်းတဲ့ သတင်းအချက်အလက်၊ လမ်းညွှန်မှုတွေ ရှိဖို့လိုတယ်ဆိုတဲ့ဟာကို ပြောလာတာဖြစ်တယ်ပေါ့။ အဲလို ဖြစ်မှသာ ကျနော်တို့က ဘယ်ဟာမှန်လဲ၊ ဘယ်ဟာမှားလဲဆိုတာ ဝေခွဲနိုင်မှာဖြစ်တယ်ပေါ့။ ဒီ နေရာမှာလည်း နှစ်ဘက်လုံးက သတင်းအမှားတွေရဲ့သားကောင်မဖြစ်ဖို့ အရေးကြီးတယ်။ ဘာဖြစ်လို့လဲဆို လူမှုကွန်ရက်ကို ကျနော်တို့က ကျယ်ကျယ်ပြန့်ပြန့်သုံးလို့ရတဲ့အနေအထားမှာ တခါတလေကျရင် သတင်းအမှားတွေရှိတယ်ပေါ့။ ဒီ treat လုပ်တဲ့အခါမှာကတော့ အဓိက လူသားဆန်မှုကို ကျနော်တို့က စာနာစိတ်နဲ့ကြည့်ဖို့ လိုတယ်ပေါ့နော်။ ဒီနေရာမှာ ကိုယ်လိုချင်တာကိုပဲ မပြောဘဲနဲ့ သူ့နေရာမှာ ကိုယ်ဆိုရင်ရော ဆိုတဲ့ စိတ်ကလေးနဲ့ ကျနော်တို့က သုံးသပ်ပြီးတော့ကြည့်ရင် ကျနော်တို့ အမှန်တရားကို မြင်မှာ ဖြစ်ပါတယ်။

ဆုမွန်။ ။ ဟုတ်ကဲ့ရှင့်၊ ဟုတ်ကဲ့။ ဝန်ကြီး ဦးအောင်ကျော်မိုး ကျေးဇူးအများကြီးတင်ပါတယ်။

ဦးအောင်ကျော်မိုး။ ။ ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်ခင်ဗျ။

NUG လူ့အခွင့်အရေးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးနဲ့ မဆုမွန်တွေ့ဆုံမေးမြန်းမှု အပြည့်အစုံကိုတော့ ဗွီအိုအေစနေနေ့ ညပိုင်း အပတ်စဉ်အစီအစဉ်တခုဖြစ်တဲ့ ရိုဟင်ဂျာအရေးမျှော်လင့်ချက် အစီအစဉ်မှာ တင်ဆက်ပေးဖို့ရှိပါတယ်။

Your browser doesn’t support HTML5

ရိုဟင်ဂျာပြဿနာ စာနာစိတ်နဲ့ချည်းကပ်ဖြေရှင်းဖို့ NUG ဒုဝန်ကြီး တိုက်တွန်း