မြန်မာနိုင်ငံအတွက် စာနာမှုအကူအညီ ဒေါ်လာ ၉ သန်းပေးဖို့ သြစတြေးလျကြေညာ

နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ် သတင်းစာရှင်းလင်းပွဲတခုမှာ စကားပြောကြားနေတဲ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Penny Wong (စက်တင်ဘာ ၂၄၊ ၂၀၂၄)

မြန်မာနိုင်ငံမှာ ပဋိပက္ခတွေကြောင့် ဒုက္ခရောက်နေကြသူတွေအတွက် စာနာမှု အကူအညီအဖြစ် ဒေါ်လာ ၉ သန်း ထောက်ပံ့ဖို့ သြစတြေးလျနိုင်ငံက ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။ အခုနောက်ဆုံး အကူအညီနဲ့ပါဆိုရင် သြစတြေးလျက ၂၀၁၇ ခုနှစ်ကစ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ စာနာမှုအထောက်အပံ့ စုစုပေါင်း ဒေါ်လာသန်း ၈၈၀ ရှိပြီလို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ လူပေါင်း ၃ သန်း ၄ သိန်းကျော် ပြည်တွင်းဒုက္ခသည် ဖြစ်နေကြပြီး ၁၈ သန်း ၆ သိန်းလောက်ဟာ စာနာမှု အကူအညီတွေ လိုအပ်နေတာကြောင့် အကူအညီတွေဟာ အလိုအပ်ဆုံးသူတွေအတွက် အထောက်အပံ့ ဖြစ်လိမ့်မယ်လို့လည်း ပြောပါတယ်။ အထောက်အပံ့တွေကိုတော့ စစ်ကောင်စီကတဆင့် ပေးအပ်မှာ မဟုတ်သလို၊ စစ်ကောင်စီကို အသိအမှတ်ပြုဖို့ မဟုတ်ဘူးလို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံက ပဋိပက္ခတွေအပေါ် သြစတြေးလျနိုင်ငံက အလေးအနက် စိုးရိမ်ပူပန်ကြောင်းနဲ့ စကားလုံးနဲ့ မဖော်ပြနိုင်လောက်တဲ့ အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ရင်ဆိုင်နေရတာကို ကြံ့ကြံ့ခံနေကြတဲ့ မြန်မာပြည်သူတွေကိုလည်း ဆက်လက် အားပေးသွားဖို့ သန္နိဋ္ဌာန်ချထားကြောင်း နိုင်ငံခြားရေးဝန်ကြီး Penny Wong ကလည်း ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့တာပါ။

စစ်ကောင်စီအနေနဲ့ အရပ်သားတွေအပေါ် အကြမ်းဖက် လုပ်ရပ်တွေကို ရပ်တန့်ဖို့၊ မတရားဖမ်းဆီးထားသူတွေကို ပြန်လွှတ်ဖို့၊ အကူအညီတွေ ပေးအပ်နိုင်အောင် ခွင့်ပြုဖို့နဲ့ ဒီမိုကရေစီ လမ်းကြောင်းကို ပြန်လည်ဦးတည်ဖို့လည်း ထပ်မံတောင်းဆိုခဲ့ပါတယ်။

Your browser doesn’t support HTML5

မြန်မာနိုင်ငံအတွက် စာနာမှုအကူအညီ ဒေါ်လာ ၉ သန်းပေးဖို့ သြစတြေးလျကြေညာ