ဗလီပစ်ခတ်မှုက လွတ်မြောက်ခဲ့တဲ့ ဘင်္ဂလားခရစ်ကက်အသင်း အိမ်ပြန်ရောက်

ဘင်္ဂလားဒေ့ရှ်က ခရစ်ကက် အသင်းသား Sabbir Ahmed အပြည်ပြည်ဆိုင်ရာလေဆိပ် Hazrat Shahjalal သို့ ရောက်စဉ် (မတ်၊ ၁၆၊ ၂၀၁၉)

နယူးဇီလန် ဗလီပစ်ခတ်မှုဖြစ်ရာ နေရာအနီးကို ရောက်ခဲ့ကြတဲ့ ဘင်္ဂလားဒေ့ရှ်က ခရစ်ကက် အသင်းသားတွေ မြို့တော် ဒါကာကို မနေ့ စနေနေ့ မှာ ပြန်ရောက်လာကြပါပြီ။

သေနတ် ပစ်ခတ်မှုဖြစ်ခဲ့တဲ့ ဗလီတွေဟာ ခရစ်ကက်ကစားမယ့် Hagley Oval အားကစား ရုံကနေ လမ်းလျှောက်သွားရင် ၁၀ မိနစ်သာ ကြာပါတယ်။ ဝတ်ပြုဖို့ ခရစ်ကက် အားကစား သမားတွေ ဘတ်စ်ကားစီးပြီး ဗလီအနီးကို ရောက်လာတဲ့အချိန်မှာပဲ ပစ်ခတ်မှု စတင်ခဲ့တာ ဖြစ်ပါတယ်။

အားကစားရုံမှာ ကျန်အသင်းသားတွေနဲ့ မတွေ့ခင် အဲဒီဗလီမှာ အရင်ဆုံး ဝတ်ပြု ဆုတောင်းဖို့ စီစဉ်ခဲ့တဲ့အတွက် အဲဒီလို ရောက်သွားကြတာပါ။ ပစ်ခတ်မှုဖြစ်နေတဲ့အချိန်မှာ အားကစားသမားအားလုံး ဘတ်စ်ကားပေါ်မှာ ဝပ်နေခဲ့ကြတာဖြစ်ပါတယ်။

အဲဒီ ပစ်ခတ်မှုမှာ လူပေါင်း ၄၉ ဦးထက်မနည်းသေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။ ပစ်ခတ်မှုတွေ ပြီးသွားမှ အားကစားသမားတွေ ဘတ်စ်ကားပေါ်ကဆင်းပြီး အားကစားရုံက အဝတ်လဲခန်းမှာ ရဲတွေ ပြန်ခွင့်ပြုတဲ့အချိန်ထိ နေနေခဲ့ရတယ်လို့ တွစ်တာမှာ ရေးထား ပါတယ်။

ပစ်ခတ်မှုဖြစ်ပြီး ၃ နာရီအကြာမှာတော့ ဘင်္ဂလားဒေ့ရှ် ခရစ်ကက်ဘုတ် အဖွဲ့နဲ့ အပြည်ပြည် ဆိုင်ရာ ခရစ်ကက် ကောင်စီတို့ တိုင်ပင်ပြီး ၅ ရက်ကြာမယ့် အားကစားပွဲစဉ်ကို ဖျက်လိုက်ပါတယ်။

Your browser doesn’t support HTML5

ဗလီပစ်ခတ်မှုက လွတ်မြောက်ခဲ့တဲ့ ဘင်္ဂလာခရစ်ကတ်အသင်း အိမ်ပြန်ရောက်