ဘင်္ဂလားဒေ့ရှ် အမတ်တဦး အသတ်ခံရ

ဘင်္ဂလားဒေ့ရှ် လုံခြုံရေးရဲများ

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အာဏာရပါတီက လွှတ်တော်အမတ်တဦးကို မျက်နှာဖုံးစွပ် သေနတ်သမားတွေက ပစ်သတ်သွားကြောင်း တနင်္ဂနွေနေ့မှာ ရဲတပ်ဖွဲ့က ပြောပါတယ်။

ဝန်ကြီးချုပ် Sheikh Hasina ရဲ့ Awami အဖွဲ့ချုပ်ပါတီက ဥပဒေပြုအမတ် Manzurul Islam Liton ဟာ သူ့နေအိမ်ရှိရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမြောက်ပိုင်းက Gaibandha ခရိုင်မှာ စနေနေ့ ညနေခင်းမှာ ပစ်သတ်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့အကြီးအကဲ Atiar Rahman က ပြောပါတယ်။

မျက်နှာဖုံးစွပ်ထားတဲ့ လူ လေးယောက်က မော်တော်ဆိုင်ကယ်တွေနဲ့ရောက်လာပြီး အိမ်ထဲကိုဝင်ပြီး မစ္စတာ Liton ကို အနီးကပ် ပစ်ပြီး ထွက်ပြေးသွားတာဖြစ်ကြောင်း မိသားစုဝင်တွေက ပြောတဲ့အကြောင်း ရဲမှူးက ပြောပါတယ်။

သူသေဆုံးကြောင်းကို မြို့နယ်ဆေးရုံဆရာဝန်တွေက အတည်ပြုပေးပါတယ်။ နောက်ထပ် သတင်းအသေးစိတ်ကိုတော့ ရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။

မစ္စတာ Liton က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဘာသာရေးအစွန်းရောက်မှုတွေကို ဆန့်ကျင်ပြောဆိုသူ တယောက်ဖြစ်ပါတယ်။

Awami အဖွဲ့ချုပ်ပါတီရဲ အတွင်းရေးမှူးချုပ်ဖြစ်တဲ့ Obaidul Quader ကတော့ Liton အသတ်ခံရမှုဟာ စံနစ်တကျလုပ်ကြံမှု တခု ဖြစ်ပုံရပြီး ဒါဟာ ဂိုဏ်းဂဃစွဲတွေရဲ့ သူရဲဘောကြောင်တဲ့လုပ်ရပ်ဖြစ်ကြောင်း ပြောပါတယ်။

ဒီလုပ်ရပ်အတွက် ဘာသာရေးအစွန်းရောက်တွေကို အစိုးရဘက်က ကြီးလေးတဲ့ပြစ်ဒဏ်ချမှတ်မှာဖြစ်ကြောင်းလည်း သူက ပြောခဲ့ပါတယ်။

မွတ်ဆလင်အများစုနေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မကြာခင်နှစ်တွေအတွင်း IS အဖွဲ့ကို အားကျနေပုံရတဲ့ အစ္စလာမ် အစွန်းရောက် တွေရဲ့ ခြိမ်းခြောက်မှုကို ခံနေရပြီး ဘာသာရေး အယူသိပ်မသီးတဲ့ စာရေးဆရာတွေ၊ ထုတ်ဝေသူတွေ၊ ဘလော့ဂါတွေ အပြင် နိုင်ငံခြားသားတွေနဲ့ လူနဲစုဘာသာခြားတွေ ဒါဇင်နဲ့ ချီ အသတ်ခံခဲ့ရ တာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဘင်္ဂလားဒေ့ရှ် အမတ်တဦး အသတ်ခံရ