အသက် ၁၀၀ မှာ ကွယ်လွန်ခဲ့သူ အမေရိကန် သမ္မတဟောင်း Jimmy Carter ကို အောက်မေ့ဂုဏ်ပြုတဲ့ အနေနဲ့ ဇန်နဝါရီလ ၉ ရက်နေ့ကို အားလပ်ရပ် အဖြစ် အမေရိကန် သမ္မတ Joe Biden က ကြေညာလိုက်ပြီး ဖယ်ဒရယ် အစိုးရရုံးတွေ အားလုံး ပိတ်မှာ ဖြစ်ပါတယ်။ မြို့တော် ဝါရှင်တန် ဒီစီမှာ ဇန်နဝါရီလ ၉ ရက်နေ့ ကျင်းပမယ့် ကွယ်လွန်သူ သမ္မတဟောင်း ကာတာရဲ့ နိုင်ငံတော် ဈာပန အခမ်းအနားမှာတော့ သက်ရှိ အမေရိကန် သမ္မတအားလုံးနဲ့ ဂုဏ်သရေရှိ ပုဂ္ဂိုလ်များ တက်ရောက်ကြမှာ ဖြစ်ပါတယ်။
သမ္မတဟောင်း ကာတာ ကွယ်လွန်မှု အတွက် အောက်မေ့သတိရမှု အနေနဲ့ နိုင်ငံတဝန်းက အစိုးရရုံးတွေ၊ စာတိုက်တွေနဲ့ နိုင်ငံတကာမှာ ရှိတဲ့ အမေရိကန် အစိုးရ ရုံးတွေမှာ ရက်ပေါင်း ၃၀ တိတိ နိုင်ငံတော် အလံကို တိုင်ဝက်ချ လွှင့်ထူကြဖို့လည်း သမ္မတ Biden က ညွှန်ကြားထားပါတယ်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ကွယ်လွန်ခဲ့တဲ့ သမ္မတဟောင်း ကာတာ အတွက် ဇန်နဝါရီလ ၄ ရက်နေ့မှာတော့ သူ့ရဲ့ ဇာတိ ဂျော်ဂျီယာ ပြည်နယ် လွှတ်တော်မှာ အောက်မေ့ဂုဏ်ပြုမှာ ဖြစ်ပြီး ဇန်နဝါရီလ ၄ ရက်နေ့ကနေ ၆ ရက်နေ့ အထိတော့ ကာတာ စင်တာမှာ ထားရှိမှာ ဖြစ်ပြီး လူထု လာရောက် ဂါရဝပြုနိုင်မှာ ဖြစ်ပါတယ်။
ဇန်နဝါရီလ ၇ ရက်နေ့ မှာတော့ မြို့တော် ဝါရှင်တန် ဒီစီကို သယ်ဆောင်လာမှာ ဖြစ်ပြီး လွှတ်တော်မှာ ဇန်နဝါရီလ ၈ ရက်နေ့ အထိ လူထု ဂါရ၀ ပြုနိုင်ရေး အတွက် ထားရှိမှာ ဖြစ်ပါတယ်။ ဇန်နဝါရီလ ၉ ရက်နေ့မှာတော့ Washington National Cathedral - အမျိုးသား ဘုရားရှိခိုးကျောင်းမှာ နိုင်ငံတော် ဈာပန အခမ်းအနားကို ကျင်းပမှာ ဖြစ်ပြီး အဲဒီနေ့မှာပဲ သူ့ရဲ့ ဇာတိ ဂျော်ဂျီယာ ပြည်နယ် Plains မြို့ကို ပြန်လည် သယ်ဆောင်ပြီး ဇနီးဖြစ်သူ Rosalynn Carter အုတ်ဂူအနီးမှာ သဂြိုဟ်မှာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5