ဂါဇာဒေသ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကန်နိုင်ငံခြားရေးဝန်ကြီး အရှေ့အလယ်ပိုင်းသွားရောက်

အီဂျစ်နိုင်ငံရောက်လာတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken (ဇွန် ၁၀၊ ၂၀၂၄)

အစ္စရေးနဲ့ ဟာမတ်စ်အဖွဲ့အကြား အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆိုပြုချက်ကို ဟာမတ်စ်အဖွဲ့က လက်ခံလာရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မဲခွဲ ဆုံးဖြတ်ပေးဖို့ အမေရိကန်ပြည်ထောင်စုက တောင်းဆိုနေပါတယ်။ ဒီအတောအတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရနိုင်ဖို့ ဒီကနေ့ ဇွန်လ ၁၀ ရက်နေ့မှာ အီဂျစ်သမ္မတနဲ့ တွေ့ဆုံခဲ့ပြီး အစ္စရေးဝန်ကြီးချုပ်နဲ့လည်း နောက်ပိုင်းမှာ တွေ့ဆုံဖို့ ရှိနေပါတယ်။

ဝန်ကြီး Blinken ဟာ အီဂျစ်သမ္မတ Abdel Fattah El-Sissi နဲ့ ကိုင်ရိုမြို့မှာ ဒီကနေ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် အစ္စရေးနိုင်ငံကို ခရီးဆက်ပြီး ဝန်ကြီးချုပ် Benjamin Netanyahu ၊ ကာကွယ်ရေးဝန်ကြီး Yoav Gallant တို့နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဝန်ကြီး Blinken ဟာ ကာတာနိုင်ငံကို သွားရောက်တာအပြင် ဂျော်ဒန်နိုင်ငံမှာ ကျင်းပမယ့် ဂါဇာအတွက် စာနာမှုဆိုင်ရာ အကူအညီပေးရေးကိစ္စ ဆွေးနွေးကြမယ့် ညီလာခံကို တက်ရောက်မှာ ဖြစ်ပါတယ်။

ဂါဇာမှာ ဟာမတ်စ်တို့ ဖမ်းဆီးထားတဲ့ ဓားစာခံတွေ ပြန်လွှတ်ပေးရေး၊ အစ္စရေးတို့ဖမ်းထားတဲ့ ပါလက်စတိုင်း အကျဉ်းသားတွေ ပြန်လွှတ်ပေးရေး၊ ပါလက်စတိုင်းတို့အတွက် စာနာမှုဆိုင်ရာ အကူအညီတွေ တိုးမြင့် ပို့ပေးရေး၊ အရပ်သားတွေနေထိုင်တဲ့နေရာတွေမှာ ရှိနေတဲ့ အစ္စရေး တပ်ဖွဲ့တွေ ပြန်ရုပ်သိမ်းပိုင်း ပါလက်စတိုင်းတွေ နေရပ်ပြန်လာခွင့်ပြုရေး စတဲ့အချက်တွေပါဝင်တဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆိုပြုချက်ကို အစ္စရေးက လက်ခံမယ်လို့ အမေရိကန်က ပြောထားပါတယ်။ ဒီအဆိုပြုချက်ကို လက်ခံမယ်၊ မခံဘူးဆိုတာ ဟာမတ်စ်ဘက်က အကြောင်းမပြန်သေးပါဘူး။

ဒီအတောအတွင်း အစ္စရေး စစ်ဝန်ကြီးအဖွဲ့ ၃ ဦးထဲက တဦးဖြစ်သူ Benny Gantz ဟာ အစိုးရအဖွဲ့ထဲက နုတ်ထွက်ကြောင်း ဇွန်လ ၉ ရက်၊ တနင်္ဂနွေနေ့က ကြေညာလိုက်ပါတယ်။ လက်ရှိ ဂါဇာစစ်ပွဲအပေါ် ဝန်ကြီးချုပ် Benjamin Netanyahu ရဲ့ ကိုင်တွယ် ဆောင်ရွက်ပုံတွေနဲ့ ပတ်သက်လို့ သဘောထားကွဲပြားမှုတွေ ကာလအတန်ကြာ ဖြစ်‌ပေါ်ခဲ့ပြီးနောက် အခုလို နုတ်ထွက်သွားတာပါ။

Your browser doesn’t support HTML5

ဂါဇာဒေသ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကန်နိုင်ငံခြားရေးဝန်ကြီး အရှေ့အလယ်ပိုင်းသွားရောက်