ဟာမတ်စ်နဲ့စစ်ပြေငြိမ်းဖို့ အစ္စရေးဝန်ကြီးချုပ်ကို ကန်ဝန်ကြီးဘလင်ကန် တိုက်တွန်း

အစ္စရေးနိုင်ငံ၊ တဲလ်အဗစ်မြို့ကိုရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinkenb နဲ့ အစ္စရေးသမ္မတ Isaac Herzog (အောက်တိုဘာ ၂၂၊ ၂၀၂၄)

အစ္စရေးနိုင်ငံ၊ တဲလ်အဗစ်မြို့ကိုရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinkenb နဲ့ အစ္စရေးသမ္မတ Isaac Herzog (အောက်တိုဘာ ၂၂၊ ၂၀၂၄)

ဟာမတ်စ်ခေါင်းဆောင် Yahya Sinwar သေဆုံးသွားတာကိုအကြောင်းပြုပြီး ဂါဇာမှာ ဟာမတ်စ်နဲ့ ဖြစ်နေတဲ့စစ်ကို အဆုံးသတ်၊ ဓားစာခံတွေ လွတ်အောင်လုပ်ဖို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန်က အင်္ဂါနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

ကျန်နေသေးတဲ့ ဓားစာခံ ၁၀၁ ယောက်အနက် အနည်းဆုံး ၆၀ တော့ အသက်ရှင်နေသေးတယ်လို့ ယူဆရပါတယ်။ ၂ နာရီခွဲကြာ တွေ့ဆုံခဲ့ကြတယ်ဆိုတဲ့သတင်းတွေအရ ယာယာ ဆင်းဝါး သေဆုံးသွား တဲ့အတွက် ဓားစာခံတွေလွတ်မြောက်ရေးနဲ့ ဂါဇာမှာ ဟာမတ်စ်အုပ်ချုပ်ရေး အဆုံးသတ်လိုတဲ့ အစ္စရေး ရည်မှန်းချက်အပေါ် အပြုသဘော သက်ရောက်မှုရှိလိမ့်မယ်လို့ နေတန်ယာဟုက ဘလင်ကန်ကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

အစ္စရေးနဲ့ပါလက်စတိုင်းနှစ်ဘက်လုံး တာရှည်လုံခြုံနိုင်ကြမယ့်နည်းလမ်းနဲ့ ဂါဇာပဋိပက္ခကို အဆုံးသတ် ဖို့ ဘလင်ကန်က အစ္စရေးခေါင်းဆောင်ကို တိုက်တွန်းခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Matthew Miller က ပြောပါတယ်။ အုပ်ချုပ်ရေး၊ လုံခြုံရေးနဲ့ဂါဇာ ပြန်လည်ထူထောင်ရေး မှာ ပါလက်စတိုင်းတွေ သူတို့ဘဝ သူတို့ဘာသာ ပြန်လည်တည်ဆောက် နိုင်ကြမယ့် နည်းလမ်းသစ် တရပ်ကို ပဋိပက္ခလွန်ကာလမှာ ချမှတ်နိုင်ဖို့ အရေးကြီးကြောင်း ဘလင်ကန်က ဆွေးနွေးခဲ့တယ်လို့ မက်သယူး မီးလ်လာက ပြောပါတယ်။

လက်ဘနွန်အခြေစိုက် ဟက်ဇ်ဘိုလာတွေနဲ့အစ္စရေးကြား စစ်ပွဲအကြောင်းလည်း ဆွေးနွေးခဲ့တယ်လို့ မီးလ်လာက ဆိုပါတယ်။

Your browser doesn’t support HTML5

ဟာမတ်စ်နဲ့စစ်ပြေငြိမ်းဖို့ အစ္စရေးဝန်ကြီးချုပ်ကို ကန်ဝန်ကြီးဘလင်ကန် တိုက်တွန်း