လွတ်လပ်စွာပြောဆိုခွင့်လှုပ်ရှားသူတွေကို တပ်မတော်တရားမစွဲဖို့ အပြာရောင်တီရှပ်လှုပ်ရှားမှုဆင်နွှဲ

အပြာရောင်တီရှပ် လှုပ်ရှားသူများ

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုတွေအပေါ် တပ်မတော်က တရားစွဲဆိုတာတွေရပ်ဖို့ အပြာရောင်တီရှပ် လှုပ်ရှားမှုကို ပြုလုပ်နေကြပါတယ်။ အပြာရောင်တီရှပ် လှုပ်ရှားတာတွေအပြင် လူထု ဆန္ဒထုတ်ဖော်တာတွေပါ လုပ်ဖို့ရှိတယ်လို့ လှုပ်ရှားသူတွေက ပြောပါတယ်။ ဒီအကြောင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံ အရပ်ဘက် အဖွဲ့အစည်း ၂၀ ကျော်ဟာ တပ်မတော်က တရားစွဲဆိုတာတွေကို ရပ်တန့်ဖို့ အိတ်ဖွင့်ပေးစာတစောင် ပေးပို့ခဲ့ပါတယ်။ အရပ်ဘက်အဖွဲ့စည်း တွေက အိတ်ဖွင့်ပေးစာ ပေးပို့ပြီး တပတ်အကြာမှာပဲ တပ်မတော်က တရားစွဲဆိုမှုများ ရုပ်သိမ်းပေးပါ စာသားပါတဲ့ အပြာရောင် တီရှပ်လှုပ်ရှားမှုကို စတင်ပြုလုပ်ပါတယ်။

ဒီကနေ့မှာတော့ အပြာရောင် တီရှပ်လှုပ်ရှားမှုကို အရပ်ဘက်အဖွဲ့အစည်း ၅၀ လောက်က သင်္ကြန်အတွင်း သံချပ်ရွတ်ဆိုခဲ့လို့ တပ်မတော်က တရားစွဲဆိုထားတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေရဲ့ ရုံးထုတ်မှာ ပထမဆုံး စတင်ပြုလုပ်ခဲ့ပါတယ်။

အပြာရောင်တီရှပ် ပြုလုပ်တာနဲ့ပတ်သက်လို့ လှုပ်ရှားမှုမှာပါဝင်တဲ့ အသံအဖွဲ့က ကိုဆောင်းခက

"လက်ရှိတရားစွဲဆိုမှုတွေ ဆက်တိုက်ဖြစ်နေတဲ့အပေါ်မှာ ကျွန်တော်တို့ စိုးရိမ်ပူပန်မိတယ်။ အဲ့တော့ ဘယ်လိုမျိုး တုံ့ပြန် ဆောင်ရွက်ကြမလည်းဆိုတဲ့ ကိစ္စကို ဆွေးနွေးကြတယ်။ အဲ့အခါမှာ ဒီတပ်ကတရားစွဲဆိုထားတဲ့ အမှု ရုံးချိန်း တွေတိုင်းမှာ ဒီ Blue Shirt Campaign တွေ လုပ်သွားဖို့ ရှိခဲ့တာပေါ့။ ဒီနေ့ စလုပ်ဖြစ်တယ်ပေါ့။ နောက်ရက်တွေမှာလည်း ဒီ Blue Shirt Campaign ကို တပ်မတော်က တရားစွဲထားတဲ့ အမှုတွေတိုင်းမှာ ပုံမှန် ဆက်တိုက် ထပ်လုပ်သွားမယ်။"

ဒီအပြာရောင်တီရှပ်လှုပ်ရှားမှုကို တပ်မတော်က တရားစွဲဆိုထားတဲ့ ရုံးထုတ်တိုင်းမှာ လုပ်ဆောင်သွားမှာလည်း ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုပြုလုပ်ပြီးပါက နောက်တဆင့်အနေနဲ့ ဆန္ဒထုတ်ဖော်တာတွေ ပြုလုပ်သွားမယ်လို့ မောင်ဆောင်းခက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ တပ်မတော်က မန္တလေးက ဆရာတော် ဦးသောဘိတ၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေကို ပုဒ်မ ၅၀၅(က) တို့နဲ့ တရားစွဲဆိုထားပါတယ်။

တပ်မတော်က ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၇ ဦးကို ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းတို့မှာ တရားစွဲဆိုတာတွေ ပြုလုပ်ထားပါတယ်။ သံချပ်ထဲမှာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုပြီး တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ တရားစွဲဆိုခံထားရသူတွေဟာ အာမခံမရရှိပါဘူး။

ဒါနဲ့ပတ်သက်လို့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က မရှားယမုံက

"ကျမတို့ သံချပ်ဖျော်ဖြေမှုက ဒီနှစ်မှ မဟုတ်ဘူး။ လုပ်ခဲ့တာ နှစ်ပေါင်းများလာပြီ။ အဲ့မှာလည်း တချိန်တုန်းက လည်း သူတို့တွေ တရားစွဲမယ်အသံလွှင့်လိုက် မစွဲဘဲနေလိုက် သဘောထားကြီး ဟန်ဆောင်ခဲ့တယ်ပေါ့နော်။ အခုချိန်မှာ သူတို့က ဘာမှသူတို့အတွက် အဖတ်ဆယ်စရာလည်း မရှိတော့မယ့်အတူတူတော့ ညစ်တွန်းတွန်းပြီး အနာပေါ် ဆားကျ တုတ်ကျပြီး သူတို့ထလုပ်တာ။"

ပြီးခဲ့တဲ့လကစပြီး ရခိုင်မှာဖြစ်ပွားနေတဲ့ သတင်းတွေ ဖော်ပြတာနဲ့ ပတ်သက်လို့ တပ်မတော်ဘက် RFA ဧရာဝတီ နဲ့ Deploment Media Group တို့ကို တရားစွဲဆိုခဲ့ပါတယ်။ တပ်မတော်က မီဒီယာတွေအပေါ် တရားစွဲဆိုတာနဲ့ ပတ်သက်လို့ မြန်မာသတင်းမီဒီယာကောင်စီဝင် ဦးမြင့်ကျော်က အခုလိုမှတ်ချက်ပြုပါတယ်။

"တခါတလေမှာ မီဒီယာက ဘက်လိုက်တာမျိုးရှိရင်လည်း မီဒီယာက တိုက်ခိုက်ခံရတာလည်း ရှိနိုင်တယ်။ ဘက်မလိုက်ဘဲနဲ့လည်း ကြားညှပ်ပြီးတော့ တိုက်ခိုက်ခံရတာ ရှိနိုင်တယ်။ တရားစွဲခံရတာမျိုး အဲ့လို လုပ်ခံရတာ မျိုးရှိနိုင်တယ်။ ဒီဟာတွေရဲ့ အကျိုးဆက်လို့ကျွန်တော်ထင်တယ်။ နောက်ပြီး ပဋိပက္ခတွေနဲ့ ဆက်စပ်ပြီး ဖြစ်လာတဲ့ ပြသာနာ အကျိုးဆက်တွေပေါ့နော်။ မကောင်းတဲ့ အကျိုးဆက်တွေပေါ့။"

တပ်မတော်က တရားစွဲဆိုတာနဲ့ ပတ်သက်ပြီး တပ်မတော်အနေနဲ့ သည်းခံသင့်တဲ့ အတိုင်းအတာ သည်းခံတာပဲ ကောင်းပြီး မတုန့်ပြန်ဘူးဆိုရင် ခေါင်းမွှေးပြောင်ဖို့ပဲ ရှိတယ်လို့ သူတို့ရဲ့သဘောထားကို ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက သတင်းမီဒီယာတွေကို ဖြေကြားထားပါတယ်ခင်ဗျာ။

Your browser doesn’t support HTML5

လွတ်လပ်စွာပြောဆိုခွင့်လှုပ်ရှားသူတွေကို တပ်မတော်တရားမစွဲဖို့ အပြာရောင်တီရှပ်လှုပ်ရှားမှုဆင်နွှဲ