သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ ခေါင်းဆောင် ၅ ဦးဖမ်းဆီးခံရ


ဒေါင်းတိုမျိုးဆက်သံချပ်အဖွဲ့ ခေါင်းဆောင်များကို ဖမ်းဆီး (ဓါတ်ပုံ- Chan Myae Oo)
ဒေါင်းတိုမျိုးဆက်သံချပ်အဖွဲ့ ခေါင်းဆောင်များကို ဖမ်းဆီး (ဓါတ်ပုံ- Chan Myae Oo)

မဟာသင်္ကြန်ကာလ သံချပ်ရွတ်ဆိုရာမှာ တပ်မတော်ကို ထိခိုက်စေတယ်ဆိုပြီး ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ ဦးဆောင်သူ ၅ ယောက်ကို အမှုဖွင့်ထားတာနဲ့ ပတ်သက်လို့ မရမ်းကုန်းတရားရုံးက ဒီကနေ့ အာမခံ မပေးခဲ့ပါဘူး။ ဒါ့အပြင် တပ်မတော်အနေနဲ့ ဒီမိုကရေစီစနစ်ရဲ့ ဝေဖန် ထောက်ပြတာတွေကို တရားမစွဲဘဲ သည်းခံသင့်တယ်လို့ ပြောဆိုတာတွေလည်းရှိပါတယ်။ ဒီအကြောင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

သင်္ကြန်ကာလမှာ သံချပ်ရွတ်ဆိုတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ ဦးဆောင်သူ ၅ ဦးကို သံချပ်ထဲမှာ တပ်မတော်ကို ထိခိုက်စေတဲ့ အသုံးအနှုန်းတွေ ပါဝင်ခဲ့တဲ့အတွက် ရန်ကုန်တိုင်း စစ်ဌာနချုပ်က ဒုတိယ ဗိုလ်မှူးကြီး သန်းထွန်းမြင့်က တရားလိုပြုလုပ်ပြီး ပုဒ်မ ၅၀၅(က) အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆို ထားတာဖြစ်ပါတယ်။

တရားစွဲဆိုခံရသူတွေဖြစ်တဲ့ ဇေယျာလွင် ၊ ပိုင်ရဲသူ ၊ ပိုင်ဖြိုးမင်း ၊ ဖိုးသားနဲ့ ကေခိုင်ထွန်းတို့ဟာ ဒီနေ့ မရမ်းကုန်းတရားရုံးမှာ လာရောက် စစ်ဆေးခံခဲ့ပြီး သူတို့ကိုတော့ တရားရုံးက အာမခံမပေးခဲ့ပါဘူး။ ဒီကနေ့ တရားရုံး အခြေအနေနဲ့ ပတ်သက်လို့ သူတို့ရဲ့ အကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်ဆန်းအောင်က

"ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီး သန်းထွန်းမြင့်ကနေ တရားလိုလုပ်ပြီးတော့ ဧပြီလ ၁၈ ရက်နေ့က ဦးတိုက်လျှောက်ထား စွဲဆိုပါတယ်။ အဲ့ဒီစွဲဆိုတဲ့အမှုကို မရမ်းကုန်းမြို့နယ် တရားရုံးက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) အရ လက်ခံပြီးတော့ ဒီကနေ့ ရုံးချိန်းထားတာ။ ရုံးချိန်းရောက်တဲ့အခါ အာမခံခွင့် မပြုတဲ့အတွက် အခုအင်းစိန်ထောင်ကို ရောက်ရှိသွားပါတယ်။"

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဟာ သံချပ်ဆင်ဆာမတင်ဘဲ ဘုရင့်နောင်ပွဲရုံနားက စိတ်တိုင်းကျ လက်ဖက်ရည် ဆိုင်မှာ ဖျော်ဖြေခဲ့ရာမှာ တပ်မတော်အပေါ် ထိခိုက်စေတဲ့ အသုံးအနှုန်းတွေ ပါဝင်တဲ့အတွက် အခုလို တရားစွဲဆိုခံရတာဖြစ်ပါတယ်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဟာ ဧရာဝတီတိုင်းမှာ ဖျော်ဖြေစဉ်တုန်းက လူအုပ်နဲ့ နှောက်ယှက်တာလည်း ခံခဲ့ရပါသေးတယ်။ သူတို့ကို ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့မှာလည်း ၅၀၅(က) အပါအဝင် ပုဒ်မတချို့နဲ့ တရားစွဲဆိုထားတာရှိပါတယ်။ သံချပ်ဖျော်ဖြေမှုကို လူမှုကွန်ယက်ပေါ်မှာ လွှင့်တင်ခဲ့တဲ့ အတွက် သူတို့ ၅ ယောက်အပါအဝင် ၂၅ ယောက်ကို တရားစွဲဆိုထားတယ်လို့ စွပ်စွဲခံရသူတွေက ပြောပေမဲ့ ရဲတပ်ဖွဲ့က တရားဝင် အကြောင်းကြား လာတာမျိုးတော့ မရှိသေးပါဘူး။

ဒေါင်းတို့မျိုးဆက် သံချပ်အသင်းဟာ သံချပ်ဆင်ဆာမတင်ဘဲ နှစ်တိုင်းဖျော်ဖြေလာတာ ဒီနှစ်နဲ့ဆို ၈ နှစ်ရှိပါပြီ။ အရင်အစိုးရဟောင်းလက်ထက်ကတည်းက ဖျော်ဖြေခဲ့ပေမယ့် အခုလို တရားစွဲဆိုခံရတာ မရှိခဲ့ပါဘူး။ တရားစွဲဆိုခံရတာနဲ့ ပတ်သက်လို့ ဒေါင်းတို့မျိုးဆက်အဖွဲ့က မရှားယမုံက

"ကျွန်မတို့နှစ်စဉ်နှစ်တိုင်းဘယ်တော့မှ ဆင်ဆာမတင်ခဲ့ဘူး။ ပြီးတော့ ကျွန်မတို့ နှစ်တိုင်းဖျော်ဖြေမှုမှာ အမြဲတမ်း လက်ရှိပေါ့နော် တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး စီးပွားရေးအခြေအနေ အမြဲတမ်းထောက်ပြ ခဲ့တယ်။ မတရားမှုတွေဆိုလည်း ထောက်ပြတယ်။ ဖော်ပြတယ်။ ဒါပေမယ့် နှစ်စဉ်နှစ်တိုင်း အရင်ဦးသိန်းစိန် အစိုးရ လက်ထက်တုန်းကလည်း ဒီအတိုင်းပဲ တောက်လျှောက်လုပ်ခဲ့တဲ့အပေါ်မှာ အရင်နှစ်တွေ အနီးကပ်ဆုံးက မနှစ်ကပေါ့နော်။ မနှစ်ကအထိ တရားစွဲဆိုမှု မရှိခဲ့ဘူး။ မနှစ်ကစပြီးတော့ဖြစ်တာ။ ခြိမ်းခြောက်တယ်။ ပထမ အရင် ဦးသိန်းစိန် လက်ထက်တုန်းကတော့ အဲ့လိုမျိုးတွေလုပ်ခဲ့တယ် တရားစွဲတာ ဘာညာမရှိခဲ့ဘူး။ မနှစ်ကစပြီး ဘာဖြစ်လည်းဆိုတော့ တရားစွဲမယ်ဆိုတဲ့ အသံကြားတယ်။ ဦးသိန်းစိန် အစိုးရ လက်ထက်မှာလည်း လုပ်ခဲ့တယ်။ တရားစွဲဆိုတာမရှိခဲ့ဘူး။ သူတို့တုန်းကတော့ ခြောက်တာလှန့်တာတော့ ရှိတာပေါ့နော်။ တရားစွဲတော့မယ်တို့ဘာတို့ အဲ့လိုပြောခဲ့တာတွေရှိတယ်။ သို့သော်လည်း အစွဲခံမထိခဲ့ဘူး။ ဒီအစိုးရလက်ထက်မှ ကျွန်မတို့ တရားစွဲခံထိတာ။"

တရားစွဲဆိုတာနဲ့ ပတ်သက်လို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အသံအဖွဲ့က မောင်ဆောင်းခက

"တပ်မတော်အနေနဲ့ ဒါမျိုးမလုပ်သင့်ဘူး။ တကယ်လို့ တပ်မတော်ဟာ ဒီမိုကရေစီစနစ်ကို သွားမယ် ဒီမိုကရေစီ ဖြစ်အောင် ဖော်ဆောင်ခဲ့တယ်လို့ သူတို့ကိုသူတို့ ယုံကြည်တယ်ဆိုရင် သံချပ်ထိုးဖျော်ဖြေတဲ့ အခြေခံ ဝေဖန်မှု ပေါ့နော်။ အခြေခံဝေဖန်မှု ဒီမိုကရေစီစနစ်ရဲ့ အခြေခံအုတ်မြစ်လေးကို တောင်မှပဲ သည်းခံသင့်တယ်။ ဒါကို နားလည် လက်ခံသင့်တယ်လို့ ကျွန်တော်တို့မြင်တယ်။"

၅၀၅(က) ဟာ အာမခံပေးလို့မရတဲ့ ပုဒ်မတခုဖြစ်ပြီး တရားသူကြီးရဲ့ ဆင်ခြင်တုံတရားနဲ့သာ အာမခံပေးလို့ရပါတယ်။ နောက်လာမယ့် ရုံးချိန်းကိုတော့ ဧပြီ ၂၉ ရက်နေ့မှာ ပြန်လည် ချိန်းဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG