သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူငယ်သံချပ်အဖွဲ့ဝင် တချို့အပေါ် တပ်မတော် တရားစွဲဆို


ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်များကို ၆၆(ဃ) နဲ့တရားစွဲ
ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်များကို ၆၆(ဃ) နဲ့တရားစွဲ

သင်္ကြန်ကာလမှာ အစဉ်အလာ သံချပ်ထိုးကြသူတွေထဲက လူငယ်တချို့ကို တပ်မတော်ကို ဂုဏ်သိက္ခာ ထိခိုက်စေတယ်လို့ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆိုလိုက်ပါတယ်။ စိစစ်ရေးဆင်ဆာ မတင်ပဲ သံချပ်ထိုးကြသူတွေကိုလည်း အာဏာပိုင်တွေက အနည်းကပ် ဆက်လက် စောင့်ကြည့်နေကြတယ်လို့လည်း သံချပ်အဖွဲ့ဝင် တချို့က ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ မဆုမွန် ကအပြည့်အစုံ ပြောပြပေးမှာပါ။

သင်္ကြန်တွင်း သံချပ်ထိုးသူတွေထဲက လူငယ်တချို့ကို အာဏာပိုင်တွေက ဟန့်တားမှုတွေ အနီးကပ် စောင့်ကြည့်နေတာတွေ အပြင်၊ အခုနောက်ဆုံး တရားစွဲတဲ့အထိ ဖြစ်ခဲ့တာပါ။ သံချပ်ထိုး ဖျော်ဖြေရာမှာ စစ်တပ်ကို ထိခိုက်စေတဲ့ အပြုအမူတွေ ပါဝင်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူငယ်သံချပ် အဖွဲ့တခုဖြစ်တဲ့ "ဒေါင်းတို့မျိုးဆက်"အဖွဲ့က ဦးဆောင်သူတွေကိုတော့ ရန်ကုန်တိုင်း စစ်ဌာနချုပ်က အရာရှိတဦးက တရားလိုလုပ် တရားစွဲခဲ့တဲ့အကြောင်း ကိုယ်တိုင်တရားစွဲခံခဲ့ရသူ တဦးဖြစ်တဲ့ ကိုပိုင်ရဲသူက ပြောပါတယ်။

"ကျနော်တို့ကို ရန်ကုန်တိုင်း စစ်ဌာနချုပ်က ဒုတိယ ဗိုလ်မှူးကြီး သန်းထွန်းမြင့်ဆိုသူက တရားလိုလုပ်ပြီးတော့ မရမ်းကုန်းရဲစခန်းမှာ ကျနော်တို့ကို တရားစွဲထားပါတယ်။ ဆိုတော့ မနေ့ညက ကျနော်တို့ သံချပ်ပြီးတဲ့ အချိန်အထိ ရဲတွေ စောင့်ပြီးတော့ ရဲစခန်းကို ခေါ်သွားတယ်။ ပြီးတော့ ကျနော်တို့ ရဲစစ်ချက်တွေ ပေးလိုက်ရတာတွေ ရှိပါတယ်။ ၆၆ ဃ နဲ့ တရားစွဲထားတာပါ။ ကျနော်တို့ သံချပ်တွေထဲမှာ စစ်တပ်နဲ့ ပတ်သက်တဲ့ သံချက်တွေ ပါပါတယ်။ အဲလိုသံချပ်မျိုးကို ကျနော်တို့ Facebook page မှာ live လွှင့်တာမျိုးတွေ အဲလိုအချက်အလက်နဲ့ လုပ်တယ်လို့ ကျနော်တို့အကြမ်းဖျင်းသိထားပါတယ်။"

သံချပ်အဖွဲ့က လူငယ်တချို့ တရားစွဲခံခဲ့ရပြီး နောက်တနေ့ဖြစ်တဲ့ သင်္ကြန်အတက်နေ့မှာလည်း လုံခြုံရေးအာဏာပိုင်တွေက အနီးကပ် စောင့်ကြည့်မှုတွေ ရှိနေတုန်းပဲလို့လည်း " ပြည်သူ့အသံ အိုးဝေအသံ"သံချပ်အဖွဲ့က မပိုပိုကပြောပြပါတယ်။

"ကျမတို့နောက်ကို တောက်လျှောက် လိုက်နေတာတွေရှိတယ်။ ကျနော်တို့ကားကို တောက်လျှောက်လိုက်နေတာ။"

ဒီနေ့အတက်နေ့ သံချပ်ဖျော်ဖြေရာမှာတော့ တရားစွဲခံလိုက်ရတဲ့ သံချပ်အဖွဲ့က လူငယ်တွေကို အားပေးထောက်ခံကြောင်း ပြသခဲ့တယ်လို့လည်း ကျောင်းသားလူငယ်တွေ စုဖွဲ့ထားတဲ့ "ကေတုအိုးဝေသံချပ်"အဖွဲ့က ကိုဖြိုးဓနကပြောပါတယ်။

"ကျနော်တို့ ညီနောင်သမဂ္ဂ ရဲဘော်တွေဖြစ်တဲ့ အိုးဝေသံနဲ့ ဒေါင်းတို့မျိုးဆက်သံချပ် အဲဒီ ၂ အဖွဲ့ တွေ၊ တို့အသံ ကျောင်းနံရံ ပိတ်ခံရတယ်ပေါ့နော် ။ အဲလိုပိတ်ခံရတဲ့အပေါ်မှာ ကျနော်တို့ တက်သွားတဲ့မဏ္ဍပ်မှာ ကျနော်တို့ ဝမ်းနည်းခြင်းအနေနဲ့ ၁ မိနှစ်တိတိ ငြိမ်သက်ပြီးတော့ ကျနော်တို့ မြန်မာပြည်ရဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့် ဈာပနကို ကျနော်တို့ လုပ်ပါတယ်။ ၁ မိနှစ်ပေါ့နော် အမြဲတမ်း အဲဒါကို လုပ်ဖြစ်ပါတယ်။ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပြည်သူ့ဘက်ကို မျက်နှာမမူပဲနဲ့ ပြည်သူ့ဘက်ကို ကျောခိုင်းလိုက်ပြီလားပေါ့နော် ။ ပြည်သူ့ဘက်ကို ကျောခိုင်းပြီးတော့ စစ်တပ်နဲ့ လက်ဆွဲနှုတ်ဆက်လိုက်ပြီလားပေါ့နော် ဆိုတဲ့ ကျနော်တို့ဘက်က မေးခွန်းထုတ်မှုတွေကတော့ ဒီ ၁ မိနစ်ထဲမှာ အမြဲထည့်ဖြစ်ပါတယ်။"

မြန်မာ့ရိုးရာ အတာသင်္ကြန်ကာလမှာ အစဉ်အလာအားဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပကတိ အခြေအနေတွေအပေါ် လူထုရဲ့ ခံစားချက်တွေကို ရောင်ပြန်ထင်ဟပ်ပြီး သံချပ်ထိုး သရော်ထောက်ပြလေ့ ရှိတတ်ပါတယ်။ ဒါပေမဲ့လည်း သံချပ်တွေမှာ ဝေဖန်ထောက်ပြမှုတွေကိုတော့ မကြာခဏဆိုသလို အာဏာပိုင်တွေက ငြိုငြင်လေ့ရှိသလို၊ အခုအခါမှာ ကြိုတင်ခွင့်ပြုချက် ရယူပြီးမှသာ သင်္ကြန်မဏ္ဍပ်တွေမှာ ဖျော်ဖြေခွင့် ပေးထားတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG