သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်လပ်စွာထုတ်ဖေါ်ပြောကြားခွင့် မြန်မာနိုင်ငံမှာ ကျဆင်းမှုအတွက် စိုးရိမ်မှုတိုး


လွတ်လပ်စွာထုတ်ဖေါ်ပြောကြားခွင့်အတွက် လူထုဆန္ဒပြပွဲ (၂၀၁၈ မတ်လ)
လွတ်လပ်စွာထုတ်ဖေါ်ပြောကြားခွင့်အတွက် လူထုဆန္ဒပြပွဲ (၂၀၁၈ မတ်လ)

သတင်းမီဒီယာတွေနဲ့ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်တွေ၊ ငြိမ်းချမ်းစွာ စုရုံးခွင့်တွေ အပေါ် မြန်မာအစိုးရက တိုးပြီး ဖိနှိပ်လာတာကြောင့် မြန်မာနိုင်ငံထဲမှာ ကြောက်ရွံ့ံမှုနဲ့ သတင်းတွေကို ကိုယ့်ဖာသာ တည်းဖြတ်ပြီးမှ ဖြန့်ဝေတဲ့ အလေ့ပေါ်လာစေတယ်လို့ တက်ကြွလှုပ်ရှားသူ တွေနဲ့ လူ့အခွင့်ရေးလုပ်ဆောင်သူတွေက ပြောပါတယ်။ VOA သတင်းထောက် Steve Sandford ရန်ကုန်ကပေးပို့တဲ့ သတင်းကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

ရန်ကုန်မှာတော့ လက်ကိုင်ဖုန်းသုံးသူတွေ တနေ့တခြား တိုးလာနေတဲ့အတွက် ဆက်သွယ်ရေး လမ်းကြောင်းတွေ ကောင်းကောင်းပွင့်နေတဲ့ ပုံပေါ်နေပါတယ်။

ဒါပေမယ် လွတ်လပ်ပွင့်လင်းတဲ့ လူမှုအသိုင်းဝိုင်းပေါ်ပေါက်ဖို့ ကတိပေးတာကြောင့် အာဏာရလာတဲ့ NLD အစိုးရလက်ထက်မှာ ပြောရဲ ဆိုရဲရှိသူ အများအပြားရဲ့ အတွက် သူတို့ရဲ့ အိပ်မက်တွေ အလှမ်းဝေးနေဆဲပါ။

ဝေဖန်ရေးသမားတွေနဲ့ သတင်းသမားတွေကို စောင့်ကြည့်တဲ့ အသံအဖွဲ့ကို ဦးဆောင်သူ ကဗျာဆရာ မောင်ဆောင်းခဟာ သတင်းမီဒီယာတွေကို ဖိနှိပ်တဲ့ ဥပဒေဖြစ်တဲ့ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ ထောင်ချခံခဲ့ရသူပါ။

"လက်ရှိ အချိန်မှာ မြန်မာပြည်ရဲ့ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့် အခြေနေဟာ တဖြေးဖြေးနဲ့ ပိုပိုပြီး ကျဆင်းတဲ့ ဘက်ကို သွားနေတယ်လို့ ကျနော်တို့ မြင်လာပါတယ်။ ထင်ရှားတာကတော့ သတင်းမီဒီယာသမားတွေ ထောင်သွင်းအကျဉ်းချတာ၊ တရားစွဲတာတွေ ဒီအစိုးရလက်ထက်မှာ ပိုပိုများလာတယ် ဆိုတော့”

ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေကတော့ ပြည်သူတွေကို ကောင်းကောင်း အကာကွယ်ပေးနိုင်အောင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့ လိုတယ်လို့ ပြောပါတယ်။

၁၉၈၈ ခုနှစ် လူထုအုံကြွမှုနောက်ပိုင်း ၁၄ နှစ်ကြာ တရားရင်ဆိုင်ခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးရှဲ ကတော့ ဒီလိုပြင်ဖို့ အချိန်အတော်ကြာ နိုင်တယ်လို့ ပြောပါတယ်။

“အဲဒီအတွက် လူထုရွေးချယ်ထားတဲ့ အစိုးရက သပ်သပ်၊ စစ်အစိုးရက သပ်သပ်။ အဲဒီလို ဖြစ်နေတဲ့ အခါ ကျတော့ ကိုင်တွယ် ဖြေရှင်းရတဲ့ တချို့ကိစ္စတွေ အားလုံး ပေါ်မှာ မူတည်ပြီးတော့ လုပ်ရကိုင်ရတာတွေက အခက်အခဲတွေ အများကြီး ရှိလာနေတယ်။ ”

နိုင်ငံတကာက မြန်မာနိုင်ငံအတွက်ဖွံ့ဖြိုးရေး အကူအညီတွေ တိုးပေးနေချိန်မှာပဲ လာရောက်ရင်းနှီးမြှုပ်နှံမယ့် နိုင်ငံခြားလုပ်ငန်းရှင်တွေ အနေနဲ့ သတိထားသင့်တယ်လို့ Human Rights Watch လူ့အခွင့်ရေးအဖွဲ့က Linda Lakhdhir ကပြောပါတယ်။

“နိုင်ငံတနိုင်ငံမှာ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှု လုပ်တော့မယ်ဆိုရင် အဲဒီနိုင်ငံက အဂတိ လိုက်စားမှုလို ပြဿနာမျိုးကို တင်ပြတာနဲ့ ထောင်ကျနိုင်တယ်၊ ကိုယ်ရင်းနှီးမြုှပ်နှံမယ့် ဒေသအစိုးရ ရဲ့ စီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်တာနဲ့ ထောင်ကျနိုင်တယ်ဆိုရင် အဲဒီလို နိုင်ငံမျိုးမှာ သွားပြီး ကိုယ့်ငွေတွေ ရင်းနှီးဖို့ ၂ ခါတော့ ပြန်စဉ်းစား သင့်တာပေါ့။ ဒါက သိပ်အန္တရာယ်ရှိတဲ့ ရင်းနှီးမြုပ်နှံမှု ဖြစ်နေတာကိုး။”

မြန်မာနိုင်ငံမှာ ၂၀၂၀ ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ လွတ်လပ်စွာထုတ်ဖေါ်ခွင့်နဲ့ ပြောဆိုခွင့်တွေ အပြည့်မရပဲ လွတ်လပ်ပြီး မျှတမှုရှိတဲ့ ရွေးကောက်ပွဲ ဖြစ်လာနိုင်ပါ့ မလားလို့ စောင့်ကြည့်လေ့လာသူတွေက မေးခွန်းတွေ ထုတ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG