ဗုဒ္ဓမြတ်စွာဘုရား ဟောကြားခဲ့တဲ့ ပိဋက ၃ ပုံဆိုင်ရာ ညီလာခံကို တိဘက် ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်း လားမားက အိန္ဒိယနိုင်ငံ၊ Bihar ပြည်နယ်မှာရှိတဲ့ ဗုဒ္ဓဂါယာမှာ ဒီဇင်ဘာ ၂၂ ရက်၊ စနေနေ့ ဖွင့်လှစ်ပေးလိုက်ပါတယ်။
၂ ရက်ကြာ ကျင်းပမယ့် ဒီ ညီလာခံကို ဘုန်းတော်ကြီး ဒလိုင်း လားမားက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး - ဘာသာရေးအရ သည်းခံမှုတရား ထွန်းကားရေးအတွက် ရည်ရွယ်ပြီး ဗုဒ္ဓဘာသာရဲ့ အဓိက ဂိုဏ်းကြီး ၂ ခုဖြစ်တဲ့ မဟာယနနဲ့ ဟိနာယနအကြား ကွဲပြား ခြားနားမှု မရှိဆိုတာကို အဓိကထား ဆွေးနွေး ကြမှာဖြစ်ကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။
ဒီ ညီလာခံကို မြန်မာ၊ ထိုင်း၊ မွန်ဂိုလီးယား၊ တောင်ကိုရီးယား၊ ဗြိတိန် စတဲ့ နိုင်ငံပေါင်း ၁၁ နိုင်ငံက ကိုယ်စားလှယ်တွေ တက်ရောက်ကြကြောင်း ထိုင်း-အိန္ဒိယ ချစ်ကြည်ရေးအဖွဲ့ အတွင်းရေးမှူး Ratneshwar Chakma က ပြောပါတယ်။
ဗုဒ္ဓဘာသာအတွင်း ဂိုဏ်းတွေ ကွဲပြားနေပေမယ့်လည်း အားလုံးဟာ အတူတူဘဲ ဖြစ်ကြောင်း၊ မြတ်စွာဘုရားရဲ့ ဟောကြားချက်တွေဟာ လူသားအားလုံး ကောင်းမွန်ရေးအတွက် ဖြစ်ကြောင်း၊ မဟာယနနဲ့ ဟိနာယနအကြား ကွဲပြား ခြားနားမှု မရှိကြောင်း၊ အဲဒီ ၂ ခုအကြား ကွဲပြားမှု မရှိဘူးဆိုတဲ့ကိစ္စကို ဆွေးနွေးကြမှာ ဖြစ်ကြောင်း Ratneshwar Chakma က ပြောပါတယ်။
တိဘက် ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်း လားမားဟာ တိဘက်ပြည်ကို တရုတ်တို့က ဝင်ရောက် သိမ်းပိုက်ပြီးတဲ့နောက်ပိုင်း တရုတ်တို့ရဲ့ အုပ်ချုပ်မှုကို တွန်းလှန်နိုင်ဖို့ ကြိုးစားတာ မအောင်မမြင် ဖြစ်ခဲ့ပြီးတဲ့နောက် အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးလာပြီး လက်ရှိမှာ မြောက်ပိုင်း Himachal Pradesh ပြည်နယ်၊ Dharamsala မြို့မှာ အခြေစိုက် သီတင်းသုံးနေတာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5