လားရှိုး ပေါက်ကွဲမှု ၂ ဦးသေ၊ ၁ ဒါဇင်ခန့် ဒဏ်ရာရ

လားရှိုးမြို့ပေါက်ကွဲမှု လူ ၂ ဦးသေ (စက်တင်ဘာ ၂၇၊ ၂၀၂၃)

စစ်ရေးတင်းမာနေတဲ့ ရှမ်းပြည်မြောက်ပိုင်းက လားရှိုးမြို့မှာ ဗုဒ္ဓဟူးနေ့ ညနေပိုင်းက ပေါက်ကွဲမှုတခု ဖြစ်ခဲ့တာကြောင့် လူ ၂ ယောက် သေဆုံးပြီး နောက်ထပ် ၁ ဒါဇင်လောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကိုယ်တိုင်တွေ့သူတွေက ပြောပါတယ်။ စက်သုံးဆီဆိုင်က ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ဘယ်သူ့လက်ချက်ဆိုတာတော့ မသိရသေးပါဘူး။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ ထားတာကို ကိုရန်နိုင် ပြောပြပေးမှာပါ။

ဟိုတယ်၊ ဘဏ်၊ ရွှေဆိုင်နဲ့ ဓါတ်ဆီဆိုင် စတဲ့ နေရာတွေမှာ မကြာခန ဗုံးပေါက်ကွဲတာတွေ ဖြစ်ပွားတဲ့ လားရှိုးမြို့မှာ ဒီလ ၂၇ ရက်နေ့ ညနေ ၅နာရီလောက်မှာ ပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့တာပါ။ ဒီပေါက်ကွဲမှုဟာ လားရှိုးမြို့ကနေ သီပေါဘက်အထွက် ကားကြီးကွင်းအလွန်က Denko စက်သုံးဆီဆိုင်မှာ ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူ ၂ယောက်သေဆုံးခဲ့ကြောင်း မြို့ခံတစ်ဦးက VOA ကို အခုလို ပြောပါတယ်။

“ မနေ့က ၅နာရီပတ်ဝန်းကျင် ကျနော်တို့ Denko ဆီဆိုင်ပေါ့။ Denko ဆီဆိုင်ဆိုတာ လားရှိုးက နေထွက်သွားရင် နားမခေါ်ကားကြီးကွင်း အကျော်နားလေးမှာ ရှိတာပေါ့။ အဲဒီမှာ ဆိုင်ကယ်အစုတ်ထဲမှာ ဗုံးထည့်ပြီးတော့ လာထား ထားသွားတဲ့ ပုံစံပဲ။ အဲဒီမှာ ဆိုင်ကယ်ထဲက Tool Box ထဲကနေ ကွဲတာဗျ။ အဲဒီဗုံးက။ မိုင်းကွဲတဲ့အသံကြောင့် ဆီတိုင်ကီကလည်းကွဲကုန်တာကို Pump ဆိုင်ဆိုတော့ ဒီ Pump ပုံးတွေက ကွဲတာကိုး။ ဗုံးကွဲတာကလည်း ပြင်းအားကောင်းသလို ဒီဆီပုံးတွေ ပြန်ကွဲတာကလည်း ပြင်းအားက ပြန်ကောင်းပြန်ရော၊ အဲဒီမှာ ၂ယောက်သေသွားတယ်လို့ ပြောတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူကတော့ ၁၂ယောက်လို့ ပြောတယ်။ ”

လားရှိုးမြို့ပေါက်ကွဲမှု လူ ၂ ဦးသေ (စက်တင်ဘာ ၂၇၊ ၂၀၂၃)

ဗုံးပေါက်ကွဲပြီးနောက် နာရီဝက်ကျော်ကြာ မီးလောင်ခဲ့ရာမှာ Express မှန်လုံကားတစီး၊ ခွေးဘီလူးကားတစီး မီးလောင်ပျက်စီးခဲ့ပါတယ်။ ပေါက်ကွဲမှုဖြစ်ပြီးနောက် အခင်းဖြစ်ပွားရာနေရာကို ရောက်ရှိသွားသူ အခြား လားရှိုးမြို့ခံ တဦးကလည်း ၁၂ဦး ထိခိုက်ပြီး ၂ဦးသေဆုံးကြောင်း ပြောပါတယ်။

“ ကနဦး အားလုံး ထိခိုက်တာ ၁၂ဦးပေါ့။ ပြင်းထန်တာ ၄ဦးလောက်ရှိတယ်ဗျ။ ဗုံးစမှန်တာကတော့ ပိုများတယ်ဗျ။ သေဆုံးက မီးလောင်သေဆုံးတာက တဦး။ ကားပေါ်မှာပေါ့နော်။ တဦးက ဆေးရုံရောက်မှ သေတာဗျ။ ယောက်ျားလေးလို့ပဲ ပြောတယ်။ ၂ဦးလုံးက။ ”

ပေါက်ကွဲမှုဖြစ်ပြီးချိန်နဲ့ ဒီကနေ့ မနက်ပိုင်းမှာတော့ လားရှိုးမြို့မှာ အစစ်အဆေးတွေများပားနေတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။ ဒေသခံ လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေကြား စစ်ရေးတင်းမာနေတဲ့ ဒေသမှာ အခုနောက်ဆုံး ကြုံခဲ့ရတဲ့ ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ဘယ်သူ့လက်ချက် ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ၁၉ရက်နေ့ကလည်း လားရှိုးမြို့လယ်ခေါင် လူစည်းကားရာ ဈေးအနီး CS ဟိုတယ်နဲ့ နယူးအာရှ တည်းခိုခန်းကြားက လမ်းမှာ ပေါက်ကွဲမှုတခုဖြစ်ခဲ့ပါတယ်။ ဒီပေါက်ကွဲမှုမှာ လူ ၅ယောက်ထိခိုက်ပြီး အမျိုးသား တဦးပွဲချင်းပြီး သေဆုံးခဲ့သလို နောက်တရက်မှာ အမျိုးသမီးတဦး ထပ်မံ သေဆုံးခဲ့ပါတယ်။

ဒီနှစ်ဧပြီလ ၁၃ရက်၊ သင်္ကြန်အကြိုနေ့က လားရှိုးမြို့ ရန်တိုင်းအောင်ဘုရားရှေ့ ပေါက်ကွဲမှုမှာ လူ ၄ဦးသေဆုံးပြီး ၁၁ဦး ဒဏ်ရာရတဲ့ဖြစ်စဉ်ဟာ ဒီနှစ်အတွင်း အဆိုးဆုံးဖြစ်ခဲ့သလို ဇူလိုင်လ ၁၅ရက်နေ့ ဇွဲထက်ရွှေဆိုင်ရှေ့ပေါက်ကွဲမှုမှာတော့ လူ ၁ဦးသေဆုံးပြီး လူ ၁၀ယောက်ထိခိုက်ခဲ့ပါတယ်။

ဒီပေါက်ကွဲမှုတွေဟာ ဆိုင်ကယ်နဲ့ ဗုံးထောင်ဖောက်ခွဲတာဖြစ်တာကြောင့် လက်သည်တရားခံ တဖွဲ့တည်းဖြစ်နိုင်ကြောင်း နဲ့ ဒါဟာ လက်နက်ကိုင်အဖွဲ့တွေကို ဆက်ကြေး အခွန် မပေးတာနဲ့ ဆက်စပ်နိုင်ကြောင်း ဒေသခံတွေက သုံးသပ်ကြပါတယ်။ဒီပေါက်ကွဲမှုတွေနဲ့ပတ်သက်လို့တော့ လက်သည်တရားခံဖော်ထုတ်နိုင်တာမရှိပါဘူး။

Your browser doesn’t support HTML5

လားရှိုး ပေါက်ကွဲမှု ၂ ဦးသေ၊ ၁ ဒါဇင်ခန့် ဒဏ်ရာရ