ထားဝယ်ရေနက်စီမံကိန်း ပတ်ဝန်းကျင်ထိခိုက်နစ်နာမှု (အပိုင်း ၃)

  • ဇော်ဝင်းလှိုင်

ထားဝယ်ရေနက်စီမံကိန်း ပတ်ဝန်းကျင်ထိခိုက်နစ်နာမှု

Your browser doesn’t support HTML5

ထားဝယ်ရေနက်စီမံကိန်း ပတ်ဝန်းကျင်ထိခိုက်နစ်နာမှု (အပိုင်း ၃)

ဒီတပတ် မြန်မာ့အရေးဆွေးနွေးခန်းမှာ ထားဝယ်ရေနက်စီမံကိန်းနဲ့ စီးပွားရေးဇုံစီမံကိန်းမှာ ပွင့်လင်းမြင်သာမှုမရှိလှလို့ စီမံကိန်းလက်တွေ့အကောင်အထည်ဖော်ရာမှာ ရည်မှန်းထားသလို ဖြစ်ပါ့မလားဆိုပြီး တက်ကြွလှုပ်ရှားသူတွေ၊ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ "ထားဝယ် ရေနက်စီမံကိန်းနဲ့ အထူးစီပွားရေးဇုံ အပိုင်း (၃)" အထူးအစီအစဉ်ကို ကိုဇော်ဝင်းလှိုင် တင်ဆက်ထားပါတယ်။

ဇော်ဝင်းလှိုင် ။ ။ မြန်မာနိုင်ငံအတွက်သာမကပဲ အရှေ့တောင်အာရှအတွင်းမှာပါ အကြီးဆုံးဖြစ်လာမယ့် ထားဝယ်ရေနက်စီမံကိန်း စတင်အကောင်အထည်ဖော်ကတည်းက ဒေသခံတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေရဲ့ ကန့်ကွက်ဝေဖန်မှုတွေအမျိုးမျိုး ရှိခဲ့တာပါ။ အဓိကတော့ အခုလို ကြီးမားတဲ့ စီမံကိန်းကြီး တည်ဆောက်တဲ့နေရာမှာ မူလဂေဟစနစ်နဲ့ ဒေသခံတွေရဲ့ လက်ငုတ်လက်ရင်းဖြစ်တဲ့ စိုက်ပျိုးရေးနဲ့ ရေလုပ်ငန်းတွေ ပျက်စီးဆုံးရှုံးမယ့်အရေးကို စိုးရိမ်ပူပန်ကြတာပါ။ ထားဝယ်ရေနက်စီမံကိန်း စတင်ကတည်းက တောက်လျှောက်လေ့လာခဲ့သူလည်းဖြစ်၊ ဒေသခံတွေရဲ့ မတရားဖိနှိပ်ခံနေရမှုတွေကို ဦးဆောင်ဖြေရှင်းပေးနေသူလည်းဖြစ်တဲ့ ကိုလေးလွင်ကတော့ စည်မျဉ်းစည်ကမ်းတွေ ချိုဖောက်ပြီး အာဏာအလွဲသုံးစားလုပ်ခဲ့တဲ့ အခြေအနေတွေကို အခုလို ပြောပြပါတယ်။

ကိုလေးလွင် ။ ။ သဘာဝပတ်ဝန်းကျင်အပိုင်းလည်း ဒီအတိုင်းပဲ ဘာမှလိုက်နာနေတာ မရှိဘူး။ ကျနော်တို့ ဒီအစိုးရတာဝန်ရှိတွေ ကိုယ်တိုင်က ဒါကြီးက ဘာမှန်းမကြည့် … နိုင်ငံတော်က ခိုင်းလိုက်တယ်ဆိုရင် ဒါက နိုင်ငံတော်၊ အစိုးရပဲ။ တိုင်းပြည်ရဲ့ကိစ္စပဲ။ ဒါကို အမျိုးသားရေးကိစ္စလို့ပဲ သူတို့က မြင်တယ်။ ဆိုပါစို့ မြေယာကော်မတီတခုကို ဈေးနှုန်းသတ်မှတ်မယ်လို့ ခေါ်လိုက်မယ်။ သူတို့က … ကိုပဲခေါ်တယ်။ ရွာလူချင်းအတူတူ တာဝန်ရှိတဲ့ ရပ်မိရပ်ဖခြင်း တူရင်တောင် အသိဉာဏ်ပညာရှိပြီးတော့ အရှေ့အနောက် တွေးခေါ်တတ်တဲ့လူ - နှစ်ခါသုံးခေါက်လောက်ပြောရင် မပါတော့ဘူး။ မခေါ်တော့ဘူး။ အခုအချိန်အထိ လုပ်နေတုန်း။

ကိုဇော်ဝင်းလှိုင် ။ ။ ဒေသဖွံ့ဖြိုးရေးအပါအဝင် နိုင်ငံတော်အတွက် ဝင်ငွေအများအပြား ရရှိစေမယ့် ဒီ စီမံကိန်းကြီး အောင်မြင်ရေးကို ဒေသခံတွေ လိုလားကြပေမယ့် သဘာဝပတ်ဝန်းကျင် ပျက်ဆီးဆုံးရှုံးမယ့်အရေးနဲ့ စီမံကိန်းနယ်မြေအတွင်းမှာပါတဲ့ လယ်မြေတွေ သိမ်းဆည်းတာတွေအပေါ် ကန့်ကွက်ဆန္ဒပြမှုတွေကြောင့် စီမံကိန်းကို ခေတ္တရပ်ဆိုင်းထားခဲ့တာပါ။ ဒါကြောင့် စီမံကိန်းကြီး ကောင်းမွန်စွာ ပြီမြောက်အောင်မြင်ရေးအတွက် ဒေသခံတွေရဲ့ သဘောဆန္ဒကိုလည်း ထည့်သွင်းစဉ်းစားသင့်တယ်လို့ ကိုလေးလွင်က ပြောပါတယ်။

ကိုလေးလွင် ။ ။ ကောင်းကောင်းမွန်မွန် ဖြစ်စေချင်တယ်ဆိုရင် ဒီလိုအသံတွေပါဖို့လိုတယ်။ ပြီးတော့ သူတို့ဘာကြောင့် ပြောနေတာလဲပေါ့။ အမုန်းထားပြောနေတာလား။ အချက်အလက် အကျိုးအကြောင်းခိုင်မာ သက်သေတွေနဲ့ ပြောနေတာလား။ ဘာဖြစ်လို့ မဆွေးနွေးနိုင်တာလဲ။ နားမထောင်နိုင်တာလဲ။ အဲဒါတွေ နားထောင်အကောင်အထည်ဖော်ရမယ်။ အဲဒါဆို အများကြီး အဆင်ပြေလာလိမ့်မယ်။ ဒီထက်အများကြီး ပြောရမယ်ဆိုရင် သဘာဝပတ်ဝန်းကျင်ကိစ္စ၊ အလုပ်သမားကိစ္စတွေ၊ မြေယာကိစ္စတွေ ရှိတယ်။ အခုအချိန်အထိတော့ ပုံမပြောင်းဘူး။ ဝန်ထမ်းဆိုတာ သိတဲ့အတိုင်း ပြည်သူက လစာပေးထားတာ။ သူတို့က ဒီနေရာမှာနေမယ်။ နောက် ရာထူးတက်မယ်။ မဟုတ်ရင် ပြောင်းမယ်၊ ပြုတ်မယ် .. ဒီလောက်ပဲ သူတို့က ဧည့်သည်သဘောလောက်ပဲ။ သူတို့က ထဲထဲဝင် ဒီမှာနေ၊ ဒီမှာကြီး .. ဒီကလူတွေ မဟုတ်ဘူး။

အခုရွာက စာသင်ကျောင်းလေး သေးသေးလေး။ အခုအစိုးရကပေးလို့ ကျောင်းကြီးတခုဆောက်မယ် … ကျောင်းသားတွေက များတယ် - အလယ်တန်းတိုးချဲ့တွေ ဆောက်တော့မယ်ဆိုတာ မြေက မရှိတော့ဘူး။ ရွာပိုင်ဖြစ်တဲ့ ရွှေကြီးမြေ ဘောလုံးကွင်းမြေကြီးကို ယူသွားပြီ။ အစကတည်းက ဒီရွာရဲ့ တိုးတက်လာမယ့် အနာဂတ်အခြေအနေ၊ လူမှုရေးအတွက် ဘယ်လိုထားမလဲ။ ဘာသာရေးအတွက် နတ်စင်က ဘယ်လိုထားမလဲ၊ ဘောလုံးကွင်းက ဘယ်လိုထားမလဲ .. ဒါတွေက တိုင်ပင်ဆွေးနွေးရမယ့်ကိစ္စကို မတိုင်ပင်မဆွေးနွေးဘဲ ဒီလိုဖျက်သွားတဲ့အခါ အခု ဘုန်းကြီးနဲ့ ရွာအိမ်မှူးပြောပြီ။ မနက်က ပြောနေပြီ။ အဲဒါတွေ ဖြစ်လာတယ်။ ဒီရွာတင်မကဘူး တခြားရွာတွေမှာလည်း ဖြစ်မှာပါ။ ဒါတွေကို ထည့်မတွက်ခဲ့ဘူး။ ထည့်မစဉ်းစားခဲ့ဘူး။ အဲဒီလို သဘောသဘာဝတွေ ရှိတယ်။ အဲဒါတွေကို အကျေအလည်ဆွေးနွေး၊ အသံတွေယူပြီးမှ လုပ်ရမှာ။ သူတို့ မြေတိုင်းစဉ်ကာလက ပြောသွားတယ် ရွာက (၁) ယောက်၊ (၂) ယောက်နဲ့ သူတို့ကုမ္ပဏီကလူတို့ ပတ်ပြီးတော့ တိုင်းသွားတယ်၊ တရွာလုံး ဘယ်သူမှ မသိလိုက်ဘူး။ ဘယ်နားက ဖြတ်မှန်းကို မသိပါဘူး။

ကိုဇော်ဝင်းလှိုင် ။ ။ ဒေသခံတွေရဲ့ အသိပညာနည်းပါးမှုကို အခွင့်ကောင်းယူပြီး၊ အစိုးရအရာရှိတွေအပါအဝင် သူတို့နဲ့ နီးစပ်တဲ့ ချမ်းသာကြွယ်ဝသူတွေက ဒီရေနက်စီမံကိန်း အကောင်အထည်ဖော်ဖြစ်ရင် အနာဂတ်မှာ အဖိုးတန်လာမယ့် မြေတွေကို အလုအယက် ဝယ်ယူထားကြပုံကိုလည်း ကိုလေးလွင်က အခုလိုရှင်ပြပါတယ်။

ကိုလေးလွင် ။ ။ မြေယာကိစ္စမှာလည်း အခုတော်တော်များများကို မြေယာလျော်ကြေးပေးမယ်ဆို လာထုတ်မယ့်လူတွေက ဒီကမဟုတ်ဘူး။ မြေယာလှုပ်ရှားလိုက်ပြီဆိုတာနဲ့ မြေပွဲစား၊ မြေဒလန်တွေ၊ မြေဝယ်ထိန်းတွေ မြေကစားတွေ။ မြေပိုက်ဘောသမားတွေ၊ မြေဘောလီဘောတွေ အများကြီးမြေဆရာတွေ။ ဟိုး ရှမ်းတရုတ်အထိက လာတယ်။ တရုတ်တွေလည်းလာတယ်။ အများကြီး ဒီကလူတွေ မဟုတ်ဘူး။ ဒီက မှတ်ပုံတင်တွေ၊ ဒီကအနီပေါက်တွေ မဟုတ်ဘဲ၊ ဝင်ပြီးဒိုင်ဗင်ထိုးသွားကြတယ်။ ဒီကလူက ပိုက်ဆံလိုနေတော့ ရောင်းတယ်။ ဟိုလူတွေက ဝယ်ထိန်းထားတယ်။ လာမယ့်လျော်ကြေး သူတို့ခံစားသွားကြမယ်။ ဒီကလူတွေက ရမှာမဟုတ်ဘူး။ ရခဲ့ရင်တောင် ဒေသခံက နည်းနည်းပဲရှိတယ်။ ဒါကတချက် စီစစ်ဖို့လိုတယ်။ ကျနော့်အမြင်က သူတို့က တခုခုလုပ်တော့မယ်ဆိုရင် ကြိုတင်ပြီးတော့ တားဆီးအမိန့်လိုမျိုး ဒေသန္တရအမိန့်လိုမျိုး သက်ဆိုင်ရာဥပဒတွေ ထုတ်ပြန်ပြီးမှာလုပ်တာမျိုး မဟုတ်ဘူး။ ဘယ်သူမဆို ယှဉ်ပြိုင်ခွင့်ရတဲ့ သဘောမျိုး ဖြစ်သွားတယ်။

ဒီမှာ ဘယ်သူမဆို ခင်များလည်း လာဝယ်လို့ရတယ်။ ဘယ်သူမဆို လာဝယ်လို့ရတယ်။ ဈေးပိုတဲ့လူ နီးစပ်တဲ့လူ ဝယ်သွားတာ။ ပိုင်ဆိုင်မှုက တခြားမှာ။ သူက မသိဘူး။ ဒါကိုဝယ်ထားတာ တစ်ကျပ်။ တစ်ဆယ်ရရင် ရောင်းမယ်။ တစ်ကျပ်ခွဲရရင် ရောင်းမယ်။ ဒီမှာ ဘာဖြစ်သွားတယ်။ ဘယ်လိုဆိုတာကို သူတို့အလုပ်လည်း မဟုတ်ဘူး။ သူတို့ စိတ်မဝင်စားဘူး။

ကိုဇော်ဝင်းလှိုင် ။ ။ စီမံကိန်းအစပိုင်းကာလပဲ ရှိသေးတဲ့ လက်ရှိအချိန်မှာတောင် ဒေသခံတွေရဲ့ လက်ငုတ်လက်ရင်း အသက်မွေးဝမ်းကြောင်းမှုတွေ ထိခိုက်ပျက်စီးကုန်ပြီဆိုတာကိုလည်း ကိုလေးလွင်က ဆက်ပြောပါတယ်။

ကိုလေးလွင် ။ ။ အခုလက်ရှိ အရင်က ရွှေကြီးရွာ ရှိတယ်။ တံငါးအိမ်၊ တဲတွေ ရှိတယ်။ အခု မရှိတော့ဘူး။ ပြောင်းလိုက်ရတယ်။ ချက်ချင်း ဒီဟာကြီးတွေ ဖြစ်လာခဲ့တယ်။ ဒီမှာ ကျောက်ပုံကြီးတွေ၊ အမိုးကြီးတွေ ဒါမျိုးတွေ ဖြစ်ကုန်တယ်။ ဆရာတို့အမြင် တိုးတက်သွားတယ်လို့ ပြောချင်ရင် ပြောနိုင်တယ်။ ဒါမှမဟုတ် သူတို့အတွက် ဖယ်ရှားလိုက်လို့ နစ်နာတယ်ဆိုရင်လည်း နစ်နာတယ်ပေါ့။ ဒါက ကိုယ့်ရဲ့အမြင်နဲ့ ကိုယ့်အယူအဆပေါ်မှာ မူတည်မှာပေါ့။ ဒေသခံတွေအတွက်တော့ အစက ဒီမှာ ရွာတန်းကြီး ရှိတယ်။ အခုတော့ ရွာက အထဲမှာပဲ ရှိတော့တယ်၊ အပြင်မှာ မရှိတော့ဘူး။ အခုက ဒီအတောအတိုင်းပဲ တိုင်းတာပြီး ပိုင်ဆိုင်မှုတွေ လုပ်ထားကြတာ။ ဒီအတိုင်းပဲ ဆက်လက်ရှာဖွေ စားသောက်နေကြတာ။ တကယ်လို့ ဒါကြီးက ပိုင်ဆိုင်မှုတခုခုက ဒီမြေပေါ်မှာ အသုံးချတော့မယ်ဆိုမှ ဒါကြီးက ဘယ်သူပိုင်ပါတယ်။ ခြံစည်းရိုးတွေခတ်မယ်။ မြေတွေဖို့မယ် စသဖြင့် ဖြစ်လာတော့မယ်။ အဲဒီအခါမှာမှ အခုန အများစုက ဒီရေတောထဲမှာပဲ ဂုံးတွေ၊ ရှပ်တွေ၊ ကမာတွေ၊ ကဏန်းတွေ ထောင်ပြီးတော့ စားကြတာ။ အဲဒါတွေ လုပ်ခွင့်ရမှာ မဟုတ်တော့ဘူး။ အခုကတော့ လုပ်ခွင့်ရနေသေးတယ်။ ပျက်စီးတယ်လို့ ဘာမှပြောလို့ မရသေးဘူး။ အရင်က Community Land အားလုံးပိုင်တယ်။ ဘယ်သူမဆို သွားရောက်လုပ်ကိုင် စားသောက်လို့ရတဲနေရာက လုပ်ခွင့်ရမှာ မဟုတ်တော့ဘူး။

ကိုဇော်ဝင်းလှိုင် ။ ။ ရွာအနီးဝန်းကျင်က မြေတွေအားလုံးကို စီမံကိန်းအတွက်ဆိုပြီး Italian-Thai Development Company က သိမ်းထားတာကြောင့် ဘုရင်ကြီးရွာသားတွေအနေနဲ့ အပြင်မှာ စိုက်ပျိုးလုပ်ကိုင်စားသောက်ဖို့ မလွယ်တော့တဲ့အကြောင်းကိုလည်း ရွာသူကြီး ဦးကျော်အောင်က ပြောပါတယ်။

ဦးကျော်အောင် ။ ။ အခု သူတို့ယူထားတဲ့နေရာက ကျနော်တို့ရွာနဲ့လည်း နီးတယ်။ နောက်ပြီးတော့ ရွာထဲကလည်း ရွာနားဘေးက ပါသွားတာလည်း ရှိတယ်။ သူတို့ လာလှုပ်ရှားလို့ရှိရင်တော့ ရွာတရွာပဲ ကျန်မယ်။ ရွာသူရွာသားတွေတော့ ဘာမှလုပ်လို့ မရတော့ဘူး။

ကိုဇော်ဝင်းလှိုင် ။ ။ ထားဝယ်ရေနက်စီမံကိန်းကို စီစဉ်ထားတဲ့အတိုင်း အခုနှစ် မကုန်ခင်မှာ ပြန်စနိုင်မယ်၊ မစနိုင်ဘူး ဆိုတာကတော့ အတိအကျ မသိရသေးပါဘူး။ ဒါပေမဲ့ အခြေခံအဆောက်အအုံ၊ တည်ဆောက်မှုတွေ ပြီးစီးပြီ၊ ဆေးရုံတွေ စတင်လည်ပတ်တော့မယ် ဆိုရင်တော့ အဲဒီစက်ရုံတွေ ရေရှည်လည်ပတ်နိုင်ရေးအတွက် ရေအလုံအလောက် ရရှိဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒေသခံတွေကတော့ မူလတည်ရှိနေတဲ့ သဘာဝဂေဟစနစ် ပျက်စီးသွားမယ့်အရေးကို စိုးရိမ်ပူပန်နေကြပါပြီ။

ကိုလေးလွင့် ။ ။ ရေပြဿနာကတော့ ရှိမယ်။ ပြီးရင် သူတို့ ဒီစက်ရုံတွေ လုပ်တော့မယ်ဆိုတာနဲ့ ဒီအနားမှာရှိနေတဲ့ ရေဝေရေလည်တောတွေကို အရင် ဥပဒေတခု ပြဌာန်းပြီးတော့ ထိန်းသိမ်းတာတွေ လုပ်သင့်တယ်။ ဥပမာ ဇိမ်ကြီးက ဒီက ဘယ်လောက်ယူမလဲ။ သူ့ရဲ့လိုင်းအပြင်မှာ ဒီချောင်းတွေ၊ ဒီမြောင်းတွေ၊ ဒီရေတွေကို ရလာစေတဲ့ ဘေးနားက ဒီဇုန်ထဲမှာ ပါသည်ဖြစ်စေ၊ ဇုန်ရဲ့အပြင် အနီးအနားမှာ ရှိသည်ဖြစ်စေ အဲဒီတောင်တန်းတွေ၊ တောဧရိယာတွေကို ကြိုတင်ပြီးတော့ ထိန်းသိမ်းကာကွယ်ထားတာမျိုးကို မလုပ်ခဲ့တဲ့အတွက် ဒီဇုန်ကြီး ရှိတယ်လို့ ပြောလိုက်တာနဲ့ လူတွေက ဇုန်ရဲ့ဘေးနားမှာ၊ ဇုန်ရဲ့ အပြင်မှာ၊ ဇုန်ထဲမှာရှိတဲ့ Green Area စိမ်းလန်းဧရိယာတွေကို ဖြိုဖျက်ပြီးတော့ လူတွေက သစ်ပင်တွေခုတ်ကြ၊ ပိုင်ဆိုင်မှုတွေလုပ်ကြ၊ တောတွေထွင်ကြ .. အဲဒီလိုမျိုးတွေ လုပ်ကြတဲ့အခါကြတော့ ဒီသစ်ပင်တွေက မရှိတော့တဲ့အခါကြတော့ ဒီရေဝေရေလွှဲက ထိန်းနိုင်ဖို့က မလွယ်ဘူး။

ကိုဇော်ဝင်းလှိုင် ။ ။ ဒါက စက်ရုံလည်ပတ်ဖို့၊ ရေရရှိဖို့အတွက်ပဲ ပြောနေတာ။ တကယ့်တကယ် စက်ရုံတွေ လည်တဲ့အခါ စက်ရုံတွေက ထွက်လာမယ့် အညစ်အကြေးတွေကို သဘောက ဓါတုပစ္စည်း ဘေးထွက်တွေ Waste ကို ဘယ်နားသွားပစ်မလဲဆိုတဲ့ ပြဿနာလည်း ရှိတယ်။ အဲဒီကနေလည်း သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မယ့် နောက်ဆက်တွဲ အကျိုးဆက်တွေလည်း ရှိသေးတယ်။

ကိုလေးလွင် ။ ။ သူတို့ ဟိုဘက်မှာတော့ တနေရာပဲ Water Treatment ဘာလားမသိဘူး စက်ရုံတရုံ ဆောက်မယ်ဆိုတာလေး လုပ်ထားတာကို တွေ့တယ်။ ဒီက ရေကိုပဲ သောက်လို့ရအောင် Treatment လုပ်မယ်ဆိုတာလား။ Waste water, Waster တွေကို Treatment လုပ်ပြီးတော့ ဒီချောင်းတွေ၊ မြောင်းတွေ၊ မြစ်တွေထဲကို ထည့်မှာလား။ သူများတွေ လုပ်သလိုမျိုးပဲ ကန်ကြီးတွေ တူးပြီးတော့ ကွန်ဂရစ်ကန်ကြီးတွေနဲ့ အုပ်ပြီးတော့ သိမ်းထားမှာလား။ ဘယ်လိုမျိုး လုပ်သွားမယ်ဆိုတာကို ကျနော်တို့ မသိဘူး။

ကိုဇော်ဝင်းလှိုင် ။ ။ နောက်ပြီးတော့ ဒီရေကန် စက်ရုံတွေ ဆောက်မယ့်နေရာဆိုတာလဲ ထားဝယ်မြစ်နဲ့က ခဲတပစ်လောက်ပဲ ဝေးတယ်။ မလွှဲမသွေ တနေ့နေ့ တချိန်ချိန်မှာတော့ ဒီ Waste water တွေ ဓါတုပစ္စည်းတွေပါတဲ့ စက်ရုံကထွက်လာတဲ့ အညစ်အကြေးတွေဟာ ထားဝယ်မြစ်ထဲကို တချိန်ချိန်တော့ တနည်းနည်းနဲ့ မိုးရွာတဲ့အခါဖြစ်ဖြစ် ပါသွားမှာ၊ ကျသွားမှာ ဖြစ်သွားမှာပဲ။ အဲဒီအခါကြရင်တော့ ထားဝယ်မြစ်ကြီးရဲ့ အနာဂတ်ကလည်း သိပ်မကောင်း ဖြစ်ရမှာ။

ကိုလေးလွင် ။ ။ အဲဒါတော့ သေချာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရေ၊ မြေ၊ လေ ဆိုတာက အားလုံးက ဆက်သွယ်နေတာ။ ဘယ်လိုမှ ထိန်းချုပ်ကိုင်တွယ် မောင်းနှင်လို မရဘူး။ သူဟာသူ အကြောင်းကြောင်း၊ အခြေအနေ၊ သဘောတရာ တခုခုနဲ့တော့ ဆက်စပ်နေတာ။ အငွေ့ပဲဖြစ်ဖြစ်၊ အငွေ့ပျံရင်လည်း ပျံမယ်။ မိုးရွာလို့ ရေလျှံရင်လည်း လျှံမယ်။ မြေအောက် စိမ့်ရင်လည်းစိမ့်မယ်။ ဖြစ်နိုင်တာ အများကြီးပဲ။

ကိုဇော်ဝင်းလှိုင် ။ ။ ဒီ စီမံကိန်း အောင်မြင်ဖို့အတွက် ပြည်သူတွေရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးတာ အပါအဝင် ပွင့်လင်းမြင်သာစွာ လုပ်ကိုင်ဖို့ လိုအပ်ကြောင်း တနင်္သာရီတိုင်း Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ဝင် ကိုသန်းဝင်း က ပြောပါတယ်။

ကိုသန်းဝင်း ။ ။ ဒီနေ့ဒီအချိန်မှာ ပွင့်လင်းမြင်သာစွာ လုပ်ပါ။ ပွင့်လင်းမြင်သာစွာ ပူးပေါင်းပါ။ ပြည်သူလူထုကို ယုံကြည်ပေးပါ။ ပြည်သူလူထုကို ဖြည့်ဆည်းပေးစေချင်တယ်။ တကယ်ကြတော့ အဲဒီလိုသာ ကောင်းကောင်းလုပ်မယ်။ ကျနော်တို့ ဂျပန်ဆိုလည်း ယုံကြည်စိတ်ချရမယ့် သီလဝါ က ဒီနေ့အထိ ပြဿနာ ရှိနေတုန်း။ အဲဒီတော့ ပိုကောင်းလာအောင် လုပ်မယ်ဆိုရင် ပိုပြီးတော့ ပွင့်လင်းမြင်သာအောင် လုပ်ရင်တော့ အဆင်ပြေမှာပေါ့။ အခုက Information ဆိုတာ မေးမှ သိရတဲ့ခေတ်၊ ဒါတောင်မှ တခါတလေဆို တောသားဆိုပြီး အဆဲခံရသေးတယ်။ အဲဒီတော့ ပိုအဆင်ပြေစေချင်ရင် ပြည်သူလူထုကို ပွင့်လင်းမြင်သာလုပ်ပါ။ ပြည်သူလူထုအကျိုးကို ရှေ့ရှုပါ။ တကယ် အမှန်တကယ် ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်လို့ ရှိရင်တော့ အဆင်ပြေမှာပါ။

ကိုဇော်ဝင်းလှိုင် ။ ။ စီမံကိန်းစတင်ဖို့ အရင် စစ်အစိုးရလက်ထက်မှာ သဘောတူညီမှု ရရှိခဲ့ပြီး သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၂ ခုနှစ်မှာ အကောင်အထည်ဖော်ခဲ့ရာမှာ ၂၀၁၃ ခုနှစ်မှာ ရပ်ဆိုင်းထားခဲ့တာပါ။ လက်ရှိ NLD အစိုးရအနေနဲ့ ဒီ စီမံကိန်းကို ပြစနိုင်ဖို့ စီစဉ်နေတာပါ။ စီမံကိန်း ပထမအကြိမ် စတင်ချိန်က ပြဿနာ အခက်အခဲပေါင်းများစွာ ရင်ဆိုင်ခဲ့ပြီးဖြစ်တာကြောင့် NLD အစိုးရအနေနဲ့ အရင်ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲ သင်ခန်းစာတွေကိုယူပြီး စီမံကိန်း ပြစတဲ့နေရာမှာ ဒေသခံတွေရဲ့ လိုလားချက်တွေ၊ စိုးရိမ်ပူပန်မှုတွေအပါအဝင် ရေရှည်သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေမယ့် ကိစ္စတွေကို ရှောင်ရှားလုပ်ကိုင်ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ကြောင်းပါ။