(Zawgyi / Unicode)
ကွယ်လွန်သွားပြီဖြစ်တဲ့ ကမ္ဘောဒီးယားဘုရင် Norodom Sihanouk ရဲ့ သားတော်၊ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်းဖြစ်တဲ့ တော်ဝင်မင်းသား Norodom Ranariddh ဟာ အသက် ၇၇ နှစ်အရွယ် တနင်္ဂနွေနေ့က ပြင်သစ်နိုင်ငံမှာ ကွယ်လွန်သွားကြောင်း ကမ္ဘောဒီးယား ပြန်ကြားရေးဝန်ကြီး Khieu Kanharith က သူ့ရဲ့ လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ကမ္ဘောဒီးယား တော်ဝင်မိသားစုရဲ့ ဆွေမျိုးတော်စပ်သူ Um Daravuth ထံကနေ တော်ဝင်မင်းသား Norodom Ranariddh ကွယ်လွန်ကြောင်း သိရှိရတာဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး Khieu Kanharith က ပြောပေမယ့် သေဆုံးရတဲ့ အကြောင်းရင်းကိုတော့ မပြောပါဘူး။
၂၀၁၈ ခုနှစ်တုန်းက ကမ္ဘောဒီးယားမှာ ကားမတော်တဆမှု ဖြစ်ခဲ့ချိန်ကစလို့ မင်းသား Ranariddh ဟာ ကျန်းမာရေး ချို့တဲ့နေတာ ဖြစ်ပါတယ်။ တင်ပါးဆုံရိုး ကျိုးတာကို ဆေးကုသဖို့အတွက် ၂၀၁၉ ခုနှစ် နှောင်းပိုင်းမှာ မင်းသား Ranariddh က ပြင်သစ်နိုင်ငံ ပါရီမြို့တော်ကို သွားရောက်ခဲ့ကြောင်းလည်း သူ့ရဲ့ဝန်ထမ်းတဦးက ပြောပါတယ်။ ဒါပေမယ့်လည်း မီဒီယာကို ဖြေကြားခွင့် မရှိတာကြောင့် သူ့အမည်ကိုတော့ မဖော်ပါဘူး။
မင်းသား Ranariddh ရဲ့ ကြိုးပမ်းဆောင်ရွက်ချက်တွေဟာဆိုရင် သြဇာကြီးတဲ့ ဖခင်ဖြစ်သူ ဘုရင် Sihanouk ရဲ့ အရှိန်အဝါအောက်ကနေ မထွက်နိုင်သလိုဘဲ ထက်မြက်ပြီး ရက်စက်တဲ့ နိုင်ငံရေးပြိုင်ဘက် ဟွန်ဆန်ကိုလည်း မလွန်ဆန်နိုင် ဖြစ်ခဲ့ပါတယ်။
လက်ရှိဝန်ကြီးချုပ် ဟွန်ဆန်နဲ့ နိုင်ငံရေးအာဏာကို ခွဲဝေကျင့်သုံးခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ မင်းသား Ranariddh ကို ဟွန်ဆန်က ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5
ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း မင်းသား Norodom Ranariddh ကွယ်လွန်
--------------------
(Unicode)