Capital Hypermarket ပေါက်ကွဲမှု လက်သည် စုံစမ်းဆဲ

Capital Hypremarket ပေါက်ကွဲမှု လက်သည် စုံစမ်းဆဲ

ရန်ကုန်တိုင်း ဒေါပုံမြို့နယ်က Capital Hypermarket မှာ မနေ့က ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုတွေနဲ့ ပတ်သက်လို့ သံသယရှိသူတွေကို ဖမ်းဆီးနိုင်ဖို့ အာဏာပိုင်တွေ ကြိုးပမ်းနေပါတယ်။ ရဲတပ်ဖွဲ့က တရားခံကို ဖမ်းဆီးအရေးယူဖို့ ကြိုးပမ်းမှုတွေမှာ အပြည့်အ၀ ပူးပေါင်းကူညီသွားမယ်လို့လည်း ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ Capital Hypermarket ရဲ့အကြီးတန်းမန်နေဂျာ ဦးဇော်ဦး ဒီကနေ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုသွားခဲ့တာပါ။

“ဒေါပုံမြို့နယ်ရဲတပ်ဖွဲ့စခန်းကတော့ အမှုဖွင့်ထားလိုက်ပြီ ၊ ဖွင့်တယ်ဆိုတာ ဘယ်လိုဖွင့်တယ်၊ ဘာအကြောင်းအရာဖွင့်တယ်ဆိုတာကတော့ ကျနော်တို့ မသိရသေးပါဘူးခင်ဗျ။ အဓိကတော့ ကျနော်တို့ဆီက သူတို့ စစ်မေးချင်တဲ့သူ ၊ သူတို့မေးချင်တဲ့လူကို ခေါ်ရင် ကျနော်တို့က လုပ်ပေးရပါမယ်။ အဲဒါတွေကို ဒေါပုံမြို့နယ်ရဲတပ်ဖွဲ့စခန်းက ဆောင်ရွက်နေပါတယ်။”

တနင်္ဂနွေညနေပိုင်းက Capital Hypermarket မှာ အသေးစားပေါက်ကွဲမှု ၄ ကြိမ်ဖြစ်ခဲ့တဲ့အတွက် ပေါက်ကွဲစေတတ်သော ဝတ္တုပစ္စည်းများ အက်ဥပဒေပုဒ်မနဲ့ ဒေါပုံမြို့နယ်ရဲစခန်းမှာ အမှုဖွင့်ထားပြီး တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။ ပေါက်ကွဲမှုမှာ ဓာတုဗေဒပစ္စည်းတွေနဲ့ ရောစပ်ထားတဲ့ လက်လုပ်ဖောက်ခွဲရေးပစ္စည်းတွေကို အသုံးပြုခဲ့တယ်လို့လည်း အာဏာပိုင်တွေက ပြောကြားထားပါတယ်။ ပေါက်ကွဲမှုကြောင့် ထိခိုက်သူ တစုံတရာမရှိခဲ့သလို၊ ဆုံးရှုံးမှုအနည်းငယ်သာရှိခဲ့ပြီး လုံခြုံစိတ်ချရပြီဖြစ်တဲ့အတွက် ဈေးဝယ်စင်တာကို တနင်္လာနေ့ နေ့လည်ပိုင်းကစပြီးတော့ ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ကြောင်းလည်း ဈေးဝယ်စင်တာရဲ့ တာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

တနင်္ဂနွေနေ့ညက ပေါက်ကွဲမှုဖြစ်ပွားပြီးချိန်မှာတော့ မိုင်းရှင်းလင်းရေးတပ်ဖွဲ့တွေ အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့သလို၊့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း လည်း လာရောက်ကြည့်ရှုခဲ့ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က မရမ်းကုန်း Ocean စင်တာမှာလည်း အသေးစား ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး လူထိခိုက်မှုမရှိခဲ့ဘဲ အလားတူ အချိုရည်ပုလင်းထဲကို ဓာတုဗေဒအရည်ထည့်ပြီး ဖောက်ခွဲခဲ့တာ ဖြစ်တဲ့အကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

Your browser doesn’t support HTML5

Capital Hypermarket ပေါက်ကွဲမှု လက်သည် စုံစမ်းဆဲ