ချင်းအမျိုးသားနိုင်ငံရေးပါတီ သုံးပါတီ ပူးပေါင်း

ချင်းနိုင်ငံရေးပါတီ သုံးပါတီပူးပေါင်းပြီး၊ ရှေ့လထဲမှာ ပါတီသစ်အဖြစ်နဲ့ ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင် နိုင်ဖို့ ပြင်ဆင်နေပါပြီ။ မတူကွဲပြားတဲ့ချင်းနိုင်ငံရေးပါတီတွေ ပေါင်းစည်းမှုဟာ၊ လာမယ့် ၂၀၂၀ ရွေးကောက် ပွဲကြရင် ချင်းပြည်နယ်မှာ ချင်းတိုင်းရင်းသားပါတီအနိုင်ရဖို့ မျေျာ်လင့်ချက်တွေ တိုးလာစေပါတယ်။ ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

မတူကွဲပြားနေတဲ့ ချင်းနိုင်ငံရေးပါတီတွေဖြစ်တဲ့ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ (CNDP)၊ ချင်းတိုးတက်ရေး ပါတီ(CPP)၊နှင့် ချင်းဒီမိုကရေစီအဖွဲ ့ချုပ်ပါတီ(CLD) တို့ဟာ တပါတီတည်းပေါင်းစည်းဖို့ သဘောတူခဲ့ကြပြီး၊ မကြာခင်မှာ ပါတီသစ်တရပ်ဖွဲ့စည်းရေးအတွက် သုံးပါတီက ခေါင်းဆောင်တွေ လက်မှတ်ထိုး သွား မယ်လို့ ချင်းတိုးတက်ရေး ပါတီဥက္ကဌ ပူးနိုထန်ကပ်ကပြောပါတယ်။

"ပေါင်းစည်းရေးနောက်ဆုံးအခြေအနေက လိုဂို ပါတီမူဝါဒ အလံ နောက်ပြီးတော့ ပထမဆုံးညီလာခံ သုံးပါတီ ပေါင်းပြီးတော့ မတိုင်ခင်ဘယ်လိုဆက်သွားမလဲဆိုတာ အကုန်လုံးညှိနှိုင်းလို့အဖြေရသွားပါပြီ။ ဆိုတော့ (၂၉)ရက်နေ့လက်မှတ်ရေးထိုးဖို့ဘဲကျန်တော့တာပေါ့။ ပေါင်းစည်းဖို့လိုအပ်တဲ့အချက်တွေ အချက်အလက် တွေ အကုန်လုံးပြီးဆုံးသွားပြီ။"

ချင်းနိုင်ငံရေးပါတီ(၃)ခု ပေါင်းစည်းရေးဆိုင်ရာ သဘောတူစာချုပ်ကို စက်တင်ဘာလ (၂၉)ရက်နေ့ ရန်ကုန် မြို့မှာ လက်မှတ်ရေးထိုးကြမှာဖြစ်ပါတယ်။

ပါတီအသစ်အမည်ကို ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် Chin National Leauge for Democracy ခေါ်တွင် ပြီး အောက်တိုဘာလဒုတိယအပတ်မှာ ပါတီနိုင်ငံရေးမှတ်ပုံတင်သွားမယ်လို့ ပူးနိုထန်ကပ်ကဆိုပါတယ်။

မတူကွဲပြားနေတဲ့ ချင်းနိုင်ငံရေးပါတီတွေပေါင်းစည်းနိုင်ရေးမှာ အခက်ခဲတွေကြားကအချိန်ယူ လုပ်ဆောင်နေရ တယ်လို့ ပူးနိုထန်ကပ်ကပြောပါတယ်။

"အခက်ခဲက သူ့ပါတီရဲ့မူဝါဒလေးတွေ၊ ဖွဲ့စည်းပုံလေးတွေ အလံလေးတွေ လိုဂိုလေးတွေက တပါတီနဲ့တပါတီ မတူညီတဲ့အပိုင်းလေးတွေရှိတယ်။ အဲတာညှိရတာ လွယ်မယောင်ယောင်နဲ့တော်တော်လေးအချိန်ယူရတယ်။ ကျွန်တော်တို့စိုးရိမ်တာက မတူညီတဲ့အရာတွေကို ကြေကြေလည်လည် မဆွေးနွေးမိဘူးဆိုရင် ပေါင်းပြီးမှ တပါ တီဖြစ်ပြီးမှ သူ့အကြိုက် ကိုယ့်အကြိုက်ဆိုတဲ့ဟာလေး အငြင်းပွါးမှာစိုးပြီးတော့ နောက်ဘိတ်ဆုံးဆန္ဒချင်းမကိုက် ညီဘဲနဲ့ပြန်ကွဲတာမျိုးကို လုံးဝကြိုတင် ရှောင်ချင်တဲ့သဘောပေါ့။"

ချင်းနိုင်ငံရေးပါတီတွေ တပါတီထဲအဖြစ်ပူးပေါင်းလာတာကြောင့် လာမဲ့ ၂၀၂၀ရွေးကောက်ပွဲမှာ အောင်နိုင်ရေး အတွက်မျှော်လင့်ချက်ရှိလာတယ်လို့ ပူးထန်နိုကပ်က ဆက်ပြောပါတယ်။

"ကျွန်တော်တို့မျှော်လင့်တာက ပြည်သူတွေဆီက အသံကိုအခြေခံပြီးတော့ ပြောရမယ်ဆိုရင် ၂၀၂၀မှာ ကျွန် တော်တို့ပါတီပေါင်းပြီးမှတော့ အခြေအနေတော်တော်လေးကောင်းလာမယ်။ ၂၀၁၅ပုံစံမျိုးတော့ မဖြစ်နိုင်တော့ဘူးလို့ယုံကြည်တယ်။"

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ချင်းနိုင်ငံရေးပါတီတွေ အများအပြားကွဲပြားနေသလို ရွေးကောက်ပွဲမှာ ကိုယ် စားလှယ်နေရာ တနေရာမှအနိုင်မရရှိခဲ့ပါဘူး။

ချင်းပြည်သူတွေမျှော်လင့်နေတဲ့ချင်းပါတီတွေ အချင်းချင်းပူးပေါင်းလာတဲ့အပေါ် ခိုနှုန်းတုန်သတင်းဌာန အယ်ဒီ တာဆလိုင်းရောဘတ်ကအခုလိုအမြင်သဘောထားပေးထားပါတယ်။

"ချင်းပြည်နယ်မှာလဲ NLDရယ် ပြည်ထောင်စုကြံ့ခိုင်ရေးပါတီရယ်။ ဆိုတော့အင်အားကြီးတဲ့ပါတီနှစ်ခုကိုယှဉ်ပြိုင် ဖို့ ဆိုတာက ဒီချင်းပါတီတွေတကွဲတပြားစီ မဟုတ်ဘဲနဲ့ အခုလိုမျိုးပူးပေါင်းခြင်းအားဖြင့် အင်အားကြီးမားတဲ့ ပါတီတခု ဖြစ်လာအောင်သူတို့စုစည်းသင့်တယ်လို့ ချင်းလူထုတွေကလဲ သူတို့ချင်းပါတီတွေပူးပေါင်းဖို့ ဆိုတာ အများကြီးမျှော်လင့်ခဲ့ကြတယ်။ အခုလိုမျိုးပူးပေါင်းဖို့လုပ်လာတဲ့အပေါ်မှာ အများကြီးအလားလာ ကောင်းမယ် လို့ ထင်တယ်။"

ချင်းပြည်နယ်အတွင်း ၂၀၁၅ခုနှစ် နိုဝင်ဘာ(၈)ရက်နေ့ကကျင်းပခဲ့တဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ NLD ခေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ ၊ ချင်းတိုးတက်ရေးပါတီ၊ ဇီုမီးဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် နိုင်ငံရေးပါတီ(၁၃)ဖွဲ့က ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ဒီအထဲမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်(၈၀)ရာခိုင်နှုန်းကျော် အနိုင်ရရှိခဲ့ ပါတယ်။

Your browser doesn’t support HTML5

ချင်းအမျိုးသားနိုင်ငံရေးပါတီ သုံးပါတီ ပူးပေါင်း