သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေ စတင်


ဧပြီလ ၂၀၁၇ တုန်းက ကြားဖြတ်ရွေးကောက်ပွဲ
ဧပြီလ ၂၀၁၇ တုန်းက ကြားဖြတ်ရွေးကောက်ပွဲ

လာမယ့်နိုဝင်ဘာ ၃ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပါဝင်ယှဉ်ပြိုင်မယ့် ပါတီတွေ မဲဆန္ဒနယ်မြေတွေမှာ မဲဆွယ်စည်းရုံးရေးတွေ စတင်နေကြပါပြီ။ ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံရေး ပါတီတွေနဲ့ တသီးပုဂ္ဂလပါတီ ၂၅ ပါတီက ကိုယ်စားလှယ်တွေက လစ်လပ်နေရာ ၁၃ နေရာအတွက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ဒီကြားဖြတ်ရွေးကောက်ပွဲဟာ အစိုးရတရပ် အုပ်ချုပ်ရေးအာဏာ အလွှဲအပြောင်း အဆုံးအဖြတ်ပေးမယ့်၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီး အတွက် ပြည်သူ့ဆန္ဒသဘောထား ခန့်မှန်း သိရနိုင်ဖွယ်ရှိတဲ့အတွက် နိုင်ငံရေးပါတီတွေ ဘက်ကတော့ အင်တိုက်အားတိုက် ကြိုတင်ပြင်ဆင်မှုတွေလုပ်နေကြတယ်လို့လည်း ဆိုပါတယ်။ ပါတီတာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် က စုစည်းတင်ပြထားပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲဝင်မယ့်ပါတီတွေအနေနဲ့ စက်တင်ဘာလ ၃ ရက် ဒီသီတင်းပတ် တနင်္လာနေ့ ကစပြီး မဲဆွယ်စည်းရုံးရေးတွေ စတင်နိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာခွင့်ပြုလိုက်ပြီးတဲ့နောက် နိုင်ငံရေးပါတီတွေ၊ တသီးပုဂ္ဂလတွေနဲ့ တိုင်းရင်းသားပါတီတွေရဲ့ ဝင်ယှဉ်ပြိုင်ကြမယ့် မဲဆန္ဒနယ်မြေတွေဆီမှာ မဲဆွယ်စည်းရုံးရေး တွေ စတင်နေကြပြီဖြစ်ပါတယ်။

တရားဝင်မဲဆွယ်စည်းရုံးခွင့်စချိန်မှာတော့- ပါတီတွေရဲ့ စည်းရုံးမှုတွေကို အစိုးရပိုင်ရုပ်မြင်သံကြားကနေ ရက်အလိုက် ထုတ်လွှင့်ပေးနေတဲ့အထဲ ဒီကနေ့ည ၈နာရီ ည ၈ နာရီ သတင်းအပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီရဲ့ မဲဆွယ် ဟောပြောစည်းရုံးမှုကို ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ မနက်ဖြန် စက်တင်ဘာ ၆ ရက်နေ့ထုတ် အစိုးရပိုင်သတင်းစာတွေဖြစ်တဲ့ မြန်မာ့အလင်း၊ ကြေးမုံစတဲ့ သတင်းစာတွေမှာဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ရှမ်းပြည်နယ် လဲချားနဲ့ မန္တလေးတိုင်း ရှမ်းတိုင်းရင်းသားရေးရာမဲဆန္ဒနယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်ထားတဲ့အခြေအနေကိုတော့ ရှမ်းးတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ရဲ့ အထွေထွေအတွင်းရေးမှူး ဦးစိုင်းဖိုးအောင်က ဗွီအိုအေမြန်မာပိုင်းကို အခုလိုရှင်းပြပါတယ်။

"၂ နေရာရှိပါတယ် ရှမ်းပြည်နယ်ထဲက လဲချားမြို့နယ်မှာ ၁ နေရာပေါ့ ပြည်သူ့လွှတ်တော်၊ အဲဒါကတော့ ဝင်ပြိုင်မယ့် ကျနော်တို့ ကိုယ်စားလှယ်လောင်းကတော့ ဦးစိုင်းရွှေစိုင်းလို့ခေါ်ပါတယ်။ နောက် မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာ နေရာကို ဝင်ပြိုင်မှာ ဖြစ်ပါတယ်။ ဒေါက်တာ စိုင်းကျော်အုန်းပါ။ ကျနော်တို့ လာမယ့် ၁၁ ရက်နေ့ နောက်ပိုင်းကျရင်တော့ ဆင်းဖို့အစီအစဉ်ရှိပါတယ်။ ပြည်သူတွေကို သတင်းစကားမှာကြားချင်တာကတော့ အမှန်တကယ်ပြောင်းလဲဖို့ ကျနေ်ာတို့ကျိုးစားမယ်ဆိုတဲ့အကြောင်းပါ။ လောလောဆည်တော့ ဘာမှ အခက်အခဲမရှိသေးပါဘူး အားလုံးပြေလည်ပါတယ်ခင်ဗျ။"

ရှမ်းတိုင်းရင်းသားလစ်လပ်မဲဆန္ဒနယ်မြေတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်စာရင်းသွင်းထားတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD အနေနဲ့ ရှမ်းမဲဆန္ဒနယ်မြေတွေထဲက ရှမ်းပြည်သူတွေအတွက် ရှမ်းပါတီအနိုင်ရရေး မဲဆွယ်စည်းရုံးရေးတွေ စတင်နေပြီဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူးလည်းဖြစ် SNLD ပြောခွင့်ရ ဦးစိုင်းလိတ်ကလည်း အခုလိုပြောပါတယ်။

"ဟုတ်ကဲ့ ဝင်ပြိုင်မှာကတော့ မဲဆန္ဒနယ် ၂ ခုပါခင်ဗျ။ ရှမ်းပြည်နယ် လဲချားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာရယ်။ နောက် မန္တလေးတိုင်းက ရှမ်းတိုင်းရင်းသားရေးရာ လွှတ်တော်ကိုယ်စားလှယ် နေရာ ပေါ့နော် အဲဒီ ၂ နေရာပဲ ဝင်ပြိုင်မှာ ဖြစ်ပါတယ်။ လောလောဆည်တော့ ကျနော်တို့ မဲစာရင်းတွေ လိုက်ကောက်နေတယ်။ ပြီးတော့ Door to Door စနစ်နဲ့ တအိမ်တက် တအိမ်ဆင်း ပါတီမူဝါဒ ပြီးတော့ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်လောင်းများရဲ့ လူထုအပေါ်မှာ အလုပ်အကျွေးပြုနိုင်တဲ့အနေအထား ကျနော်တို့ ပါတီရဲ့ လမ်းညွန်ကြားချက်တွေ အစရှိသဖြင့်ကို ပြန်ရှင်းလင်းဖို့ မနေ့ကပဲစတင်တယ်။ အဓိကတော့ ကျနော်တို့ တန်းတူညီမျှရေးကို တည်ဆောက်ဖို့အတွက် SNLD က ဒီရွေးကောက်ပွဲကို ဝင်ပြိုင်ခြင်းဖြစ်တယ်။ နောက်တခုကတော့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက်ကို ကျနော်တို့ အစွမ်းကုန်ကြိုးပမ်းမယ်။ ဒါကြောင့် အမျိုးသားတန်းတူရေးအတွက်ကို လိုချင်တယ်ဆိုရင် SNLD ကို မဲပေးပါ။ နောက်စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို လိုချင်တယ်ဆိုရင် SNLD ကို မဲပေးကြပါဆိုတဲ့ Message လေး၂ ခုကို ကျနော်တို့ မဲဆန္ဒရှင် ပြည်သူလူထုကို သတင်းစကားပါးခြင်ပါတယ်ခင်ဗျ။"

လစ်လပ်မဲဆန္ဒနယ်မြေ(၁၃)နေရာထဲမှာ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က ပြည်နယ်လွှတ်တော် တနေရာလည်း ပါဝင်ပါတယ်။ လက်ရှိ ရခိုင်ပြည်နယ် တပြည်နယ်လုံး အတိုင်းအတာနဲ့ ကိုယ်စားလှယ်အများဆုံးနေရာရထားတဲ့ ANP ရခိုင်အမျိုးသားပါတီ အနေနဲ့လည်း တခြားယှဉ်ပြိုင်မယ့် ပါတီတွေနဲ့အတူ မဲဆွယ်စည်းရုံးရေးတွေ စတင်နေပြီဖြစ်တယ် လို့ မဲဆွယ်စည်းရုံးရေး ဦးဆောင်လှုပ်ရှားနေတဲ့ လက်ရှိ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက လစ်လပ်မဲဆန္ဒနယ်မှာ ကိုယ်စားပြုဝင်ပြိုင်ဖို့ပြင်ဆင်နေကြတဲ့အခြေအနေ အခုလိုရှင်းပြပါတယ်။

"ကျမတို့ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်မှာပေါ့နော်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နေရာ တနေရာလစ်လပ်ပါတယ်။အဲဒီအတွက်ကြောင့် ဒီတခေါက် ကြားဖြတ်ရွေးကောက်ပွဲ ၁၃ နေရာမှာ ကျမတို့ ANP ပါတီအနေနဲ့ကတော့ ဒေသခံဖြစ်တဲ့ ဦးမောင်လှမြင့်ကို ကျမတို့ ရွေးချယ်ထားပါတယ်။ ကျမတို့ ANP ပါတီမှာတော့ ဗဟိုဦးစီးမှု စနန်နဲ့ ရွေးချယ်မှုတော့ မရှိပါဘူး။ ကျမတို့က ပါတီအတွင်းမှာ ပြိုင်တဲ့လူတွေကို ဖိတ်ခေါ်ပါတယ်။ ဦးမောင်လှမြင့်နဲ့ ဦးထွန်းထွန်းလင်းကို ရွေးချယ်တဲ့အခါမှာ ဦးမောင်လှမြင့်က အနိုင်ရရှိပါတယ်။ ကျမတို့ တနင်္လာနေ့က စပြီးတော့ ရသေ့တောင်မြို့မှာ ရှိတဲ့ မြို့မနယ်မြေမှာဆိုရင် ဘာထလေကျေးရွာကိုကျမတို့ မဲဆွယ်စည်းရုံးခဲ့ပါတယ်။ မနေ့ကတော့ ကျမတို့ ကူတောင်နယ်မြေဖြစ်တဲ့ ဇီးကိုင်းကျေးရွာ ကို မဲဆွယ်စည်းရုံးပွဲ ဆင်းခဲ့ပါတယ်။ပြိုင်ဖို့အတွက်ဆိုရင် ပါတီ၄ ခုက စာရင်းပေးထားပါတယ်။ ALP ပါတီရယ်၊ NLD ပါတီရယ်၊ ကျမတို့ ပါတီရယ် နောက်တယောက်ကတော့ တသီးကိုယ်စားလှယ်ပါ။ ပြည်သူတွေကလည်း ကိုယ့်ရဲ့ရင်ထဲက အသဲကြားက မဲတပြားကို တကယ့်ကို လုပ်နိုင်တဲ့သူကို မဲပေးစေချင်ပါတယ်။"

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လာမယ့် ၂၀၁၈ခုနှစ် နိုဝင်ဘာလ ၃ရက်နေ့ စနေနေ့မှာကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမှာဖြစ်ပြီး ဒီကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြရမယ့် လစ်လပ် မဲဆန္ဒနယ်တွေကတော့ ပြည်သူ့လွှတ်တော်က ၄နေရာ၊ အမျိုးသားလွှတ်တော်က ၁နေရာ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်အတွက် ၈နေရာ စုစုပေါင်း ၁၃နေရာ အတွက် ကျင်းပမှာဖြစ်ကြောင်း မေလ ၈ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။ လစ်လပ်မဲဆန္ဒနယ်(၁၃)နေရာကတော့ ပြည်သူ့လွှတ်တော်အတွက် ချင်းပြည်နယ် ကန်ပက်လက်၊ ရှမ်းပြည်နယ် လဲချား၊ ရန်ကုန်တိုင်းဒေသကြီး တာမွေ၊ မန္တလေးတိုင်းဒေသ ကြီးမြင်းခြံ၊ အမျိုးသားလွှတ်တော်အတွက် ကချင်ပြည်နယ်မြစ်ကြီးနားနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်အတွက် မတူပီ၊ တမူး၊ အုတ်တွင်း၊ သပိတ်ကျင်း၊ ရသေ့တောင်၊ မင်းဘူး၊ ဆိပ်ကမ်းနဲ့ မန္တလေးတိုင်းဒေသကြီးက ရှမ်းတိုင်းရင်းသားမဲဆန္ဒနယ်တွေ ပါဝင်မှာဖြစ်ပါတယ်။

ဝင်ရောက်ယှဉ်ပြိုင်ကြမှာကတော့ လက်ရှိအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD၊ အတိုက်အခံပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားပါတီတွေအပါအဝင် တသီးပုဂ္ဂလဝင်ရောက်ယှဉ်ပြိုင်အရွေးခံကြမယ့် နိုင်ငံရေးပါတီသစ်တွေအပါအဝင် နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ် ၆၉ ယောက်က ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။။ ပြီးခဲ့တဲ့ ၂၀၁၇ ဧပြီလ၁ရက် ကြားဖြတ်ရွေးကောက်ပွဲတုန်းကတော့ လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာအတွက် ၂၄ပါတီ ဝင်ပြိုင်ကြပြီး NLD ပါတီက ၉ နေရာအနိုင်ရခဲ့ပြီး ပြည်ခိုင်ဖြိုးက ၂ နေရာနဲ့ ကျန်တဲ့ ပြည်နယ်နေရာအများစု ကိုတော့ တိုင်းရင်းသားပါတီတွေကရရှိထားတာဖြစ်ပါတယ်။

ပါတီတွေဘက်က မဲဆွယ်စည်းရုံးနေချိန် တပြိုင်နက်တည်းမှာပဲ ရွေးကောက်ပွဲကော်မရှင်ဘက်ကလည်း ရွေးကောက်ပွဲဥပဒေနဲ့အညီ ကျင်းပနိုင်ဖို့ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် တိုင်းရင်းဒေသတွေ ပြည်နယ်တိုင်း ခရိုင်၊မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်တွေဘက်ကလည်း မဲစာရင်းပြုစုတာတွေ ကိုယ်စားလှယ်စာရင်းနဲ့ မဲရုံအနေအထားတွေကို လုံခြုံရေးစနစ်တကျဖြစ်ဖို့အတွက် ပြင်ဆင်နေကြပြီလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG