သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ကြားဖြတ်ရွေးကောက်ပွဲ ရှမ်းပြည်နယ်အတွင်း ပြင်ဆင်


၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ

လာမယ့်နိုဝင်ဘာမှာကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အတွက် ပြည်သူ့ဆန္ဒသဘောထား ခန့်မှန်း သိရနိုင်ဖွယ်ရှိတဲ့အတွက် နိုင်ငံရေးပါတီတွေဘက်ကတော့ အင်တိုက်အားတိုက် ကြိုတင်ပြင်ဆင်မှုတွေလုပ်နေကြတယ်လို့ နိုင်ငံရေးအကဲခတ်ကပြောပါတယ်။ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဘက်ကလည်း ကြားဖြတ်ကျင်းပမယ့် ရှမ်းပြည်နယ်တွင်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပါအဝင်ပြည်နယ်၊ ခရိုင်၊မြို့နယ် ရွေးကော်အဖွဲ့ခွဲတွေကို ကိုယ်တိုင် သွားရောက်တွေ့ဆုံဆွေးနွေးနေပါတယ်။ အသေးစိတ် မဆုမွန် တင်ပြပေးပါမယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လာမယ့် ၂၀၁၈ခုနှစ် နိုဝင်ဘာလ ၃ရက်နေ့ စနေနေ့မှာ့ ကြားဖြတ်ရွေးကောက်ပွဲတရပ် ကျင်းပမှာဖြစ်ပြိး လစ်လပ်နေရာတွေကတော့ ပြည်သူ့လွှတ်တော်မှာ ၄နေရာ၊ အမျိုးသားလွှတ်တော်မှာ ၁နေရာ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်အတွက် ၈နေရာ စုစုပေါင်း ၁၃နေရာ အတွက် ကျင်းပမှာဖြစ်ကြောင်း မေလ ၈ရက်နေ့ နေ့စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။

ပြည်သူ့လွှတ်တော်အတွက်ကတော့ ချင်းပြည်နယ် ကန်ပက်လက်၊ ရှမ်းပြည်နယ် လဲချား၊ ရန်ကုန်တိုင်းဒေသကြီး တာမွေ၊ မန္တလေးတိုင်းဒေသကြီးမြင်းခြံ၊ အမျိုးသားလွှတ်တော်အတွက် ကချင်ပြည်နယ်မြစ်ကြီးနားနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်အတွက် မတူပီ၊ တမူး၊ အုတ်တွင်း၊ သပိတ်ကျင်း၊ ရသေ့တောင်၊ မင်းဘူး၊ ဆိပ်ကမ်းနဲ့ မန္တလေးတိုင်းဒေသကြီးက ရှမ်းတိုင်းရင်းသားမဲဆန္ဒနယ်တွေ ပါဝင်မှာဖြစ်ပါတယ်။

စစ်ရေးတင်းမာမှုတွေနဲ့ နယ်မြေမတည်ငြိမ်မှုရှိတဲ့ရှမ်းပြည်နယ်ထဲက ကြားဖြတ်ရွေးကောက်ပွဲ ပြင်ဆင်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီး မြန်မာ့နိုင်ငံရေးအကဲခတ်လည်းဖြစ် ရှမ်းပြည်နယ် သီပေါမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးဖြစ်တဲ့ ဦးရဲထွန်းက အခုလိုသုံးသပ်ပါတယ်။

"လုံခြုံရေးက အဲဒီအဖွဲ့တွေနဲ့လည်း အစိုးရနဲ့က ပြောဆိုဆွေးနွေးမှုတွေရှိပါတယ်။ ဥပမာ SSA ၀မ်ဟိုင်းအဖွဲ့ဆိုရင်လည်း ဦးသိန်းဇော်တို့ဘာတို့သွားပြီးတော့ ဆွေးနွေးပွဲတွေလုပ်ထားတယ်လေ။ ရှမ်းပြည်နယ်ဘက်မှာကတော့ တိုင်းရင်းသားပါတီတွေကတော့ စိတ်ဝင်စားမှုတော့ရှိပါတယ်။ ကျနော်တို့ ရှမ်းပါတီကလည်း ၁ ပါတီပေါ့။ SNLD နဲ့ SNDP သက်ဆိုင်ရာဒေသမှာရှိတဲ့ နိုင်ငံရေးပါတီတွေလည်း ပြိုင်ကြမှာပေါ့။

မေး။ ။ ရှမ်းပြည်ဘယ်မှာ ဒေသခံပြည်သူတွေရဲ့ ရွေးကောက်ပွဲမှာ စိတ်ဝင်စားမှုပေါ့ ၊ နိုင်ငံရေးရည်ရွယ်ချက်အရရော၊ ဒေသလုံခြုံရေးအနေအထားအရရော ရွေးကောက်ပွဲအပေါ်မှာ ဒေသခံပြည်သူတွေရဲ့ စိတ်ဝင်စားမှုဘယ်လောက်အနေအထားအထိ ရှိလဲ။

ဦးရဲထွန်း။ ။ ရှမ်းပြည်ဘယ်မှာ ကျနော်တို့ လက်လှမ်းမီရာမှာတော့ နည်းနည်းလေးတော့ ကြားဖြတ်ရွေးကောက်ပွဲတွေအပေါ်မှာတော့ စိတ်ဝင်စားမှု နည်းတယ်ပေါ့။ ဘာကြောင့်လဲဆိုတော့ ပထမအကြိမ်တုန်းကတော့ ဒီမိုကရေစီစနစ်ကို စပြီးတော့ ကူးပြောင်းတဲ့ကာလလည်းဖြစ်တယ်။ ကျနော်တို့ လွှတ်တော်ထဲမှာလည်း လွှတ်တော်အမတ်တွေက သူတို့ တော်တော်လေးပြောတာဆိုတာတွေအပေါ်မှာလည်း ထိထိရောက်ရောက်ဖြစ်လာတယ်ပေါ့။ အပြောင်းအလဲက နည်းနည်းလေး သိသာလာတော့ အဲဒီအပေါ်မှာတော့ စိတ်ဝင်စားမှု စိတ်တက်ကြွမှုရှိတယ်။ ရှိပြီးတဲ့အခါကျတော့ အခု ၂၀၁၅ ရွေးကောက်ပွဲတုန်းကလည်း ပိုပြီးတော့ မျှော်လင့်တာပေါ့နော်။ မျှော်လင့်ပြီးတော့ သူတို့ မဲပေးရွေးချယ်လိုက်ပြီးတဲ့အခါမှာ ဒေသမှာလည်း လုံခြုံရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ ပိုပြီးတော့ အခြေအနေကတော့ ကောင်းမလာပဲနဲ့ ဆိုးလာတယ်။ နောက်ပြီးတော့ အလုပ်အကိုင်အခွင့်အလမ်းကိစ္စတွေ ၊ ကုန်ဈေးနှုန်းတွေတက်လာတဲ့ ကိစ္စတွေရှိတော့ နည်းနည်းတော့ သူတို့စိတ်ထဲမှာ အားမလိုအားမရဖြစ်လာတဲ့အနေအထားတွေရှိတယ်။"

မနေ့ ဇူလိုင်လ ၂၁ရက်နေ့ကတော့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးလှသိန်းဟာ ရှမ်းပြည်နယ် အတွင်းရှိ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌတွေနဲ့ အဖွဲ့ဝင်တွေကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးမှာတွေ့ဆုံခဲ့ပြီး ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းအမည်စာရင်းတွေ တင်သွင်းတာ ရွေးကောက်ပွဲကျင်းပတဲ့အခါ ရွေးကောက်ပွဲဥပဒေနဲ့အညီ ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ အဆင်ပြေချောမွေ့စွာပြီးဆုံးနိုင်ရေး လုံခြုံရေးအခြေအနေစတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။

အခုလိုမျိုး ရွေးကောက်ပွဲကော်မရှင်ဘက်က မကြာခင်ကျင်းပတော့မယ် ကြားဖြတ်ရွေးကောက်ပွဲအတွက် သက်ဆိုင်ရာပြည်နယ်တိုင်းတွေက ရွေးကောက်ပွဲ ပြင်ဆင်ရေး ခရိုင်၊ မြို့နယ်တွေမှာ ပြင်ဆင်နေချိန်နဲ့တပြိုင်နက်တည်းမှာပဲ အာဏာရပါတီ NLD၊ အတိုက်အခံပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားပါတီတွေအပါအဝင် တသီးပုဂ္ဂလဝင်ရောက်ယှဉ်ပြိုင်အရွေးခံကြမယ့် နိုင်ငံရေးပါတီသစ်တွေအပါအဝင် နိုင်ငံရေးပါတီတွေဘက်ကလည်း ပြည်သူလူထုရဲ့သဘောထား၊ ဆန္ဒမဲအခြေအနေကို လေ့လာအကဲနိုင်ရေး အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်နေကြတယ်လို့ လည်း ဦးရဲထွန်းက ရှု့မြင်ပါတယ်။

" ကြားဖြတ်ရွေးကောက်ပွဲလုပ်မယ့်နေရာတွေ သူတို့ နိုင်ခဲ့တဲ့ ပါတီတွေကတော့ ပိုပြီးတော့ အခြေနေကောင်းတာပေါ့။ ဆိုလိုတာက သူတို့ ပါတီကြီး ၂ ခုက အခုကြားဖြတ်ရွေးကောက်ပွဲက သူတို့စမ်းတဲ့အနေမျိုးနဲ့ သူတို့ကို ထောက်ခံမှုဘယ်လောက်ရှိသလဲဆိုတာကို သိချင်တဲ့အနေနဲ့ ပြိုင်ပွဲဝင်မယ်ဆိုတာလည်း ဖြစ်နိုင်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ့် နေရာရဲ့ အခြေအနေကိုတော့ ထည့်တွက်မယ်လို့ ကျနော်ထင်တယ်။ ဆိုလိုတာက ကျင်းပမယ့်နေရာတွေမှာ အရင်တပတ်က သူတို့မဲတွေက မတိမ်းမရိမ်းနဲ့ ရှုံးခဲ့တာ ၊ နိုင်ခဲ့တာဆိုတာမျိုးဆိုရင်တော့ သူတို့က ပြန်ပြီးတော့ ၀င်ပြိုင်တာပေါ့နော်။ ပြိုင်ရမယ့်နေရာရဲ့ အခြေအနေကိုသူတို့ တွက်ဆပြီးတော့ တခုချင်းဆုံးဖြတ်တာကတော့ ပိုကောင်းမယ် လို့ ကျနော်ထင်ပါတယ်။"

၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးအပြီး ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ် ဧပြီလမှာလည်း ကြားဖြတ်ရွေးကောက်ပွဲ တကြိမ် ကျင်းပ ခဲ့ပါသေးတယ်။ အဲဒီရွေးကောက်ပွဲမှာတော့ လစ်လပ်မဲဆန္ဒနယ် ၁၉နယ်ရှိခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် က ၉နေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ၆နေရာနဲ့ အများဆုံးရခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG