သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၀ ရွေးကောက်ပွဲနှင့် NLD အလားအလာ


ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရအာဏာရလာပြီး (၂) နှစ်ပြည့်တော့မဲ့ အချိန်မှာနောက်တစ်ခေါက်လာမဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် စဉ်းစားချက်တွေ စပေါ်ထွက်လာနေပါတယ်။ အရင် ၂၀၁၅ ရွေးကောက်ပွဲတုံးက သောင်ပြိုကမ်းပြိုနိုင်ခဲ့တဲ့ NLD ပါတီ အနေနဲ့ အရင် ရွေးကောက်ပွဲကတိတွေနဲ့ အများမျှော်လင့်ချက်တွေအပေါ် တိုးတက်အောင် မလုပ်ဆောင်နိုင်တာကြောင့် လာမဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ အရင်လို အပြတ်နိုင်ပါ့မလားလို့ မေးခွန်းထုတ်တာတွေ ရှိနေပါတယ်။

ဒီအကြောင်း VOA သတင်းထောက် Oliver Slow သတင်းပို့ထားတာကို ကိုဝင်းမင်းက ပြောပြပေးမှာပါ။

လာမယ့် မတ်လကုန်မှာ အစိုးရသက်တမ်း ၂ နှစ် ပြည့်တော့မယ့် NLD အစိုးရအနေနဲ့ အရင်ရွေးကောက်ပွဲ ကတိတွေဖြစ်တဲ့ စစ်တပ်ကြီးစိုးတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံပြောင်းလဲရေးအပေါ် တိုးတက်အောင်လုပ်ဆောင်ဖို့ နှေးကွေးနေတာအပြင် စီးပွားရေးတိုးတက်ဖို့ကလည်း နှေးကွေးလာနေပါတယ်။ အခုလိုအချိန်မှာ နိုင်ငံရေးပါတီအသစ်တွေလည်း ပေါ်လာတာကြောင့် လာမယ့် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲကျရင် အရင်၂၀၁၅ တုန်းကလို မဲ ၄ ပုံ ၃ ပုံ ကျော်နိုင်ပါ့မလားလို့ မေးခွန်းတွေ ထွက်ပေါ်နေပါတယ်။

ပွင့်ပွင့်လင်းလင်းပြောချင်လို့ အမည်မဖော်လိုတဲ့ နိုင်ငံခြားသံတမန်တဦး က အစိုးရစွမ်းဆောင်ရည်အားနည်း မှုအပေါ်

"ကျွန်တော်ထင်ပါတယ်။ NLD ပါတီက အဆင့်တိုင်းမှာ အသဲအသန် ရုံးကန်နေရပါတယ်။ ဝန်ကြီး အများအပြားဟာလဲ တကယ့်ကို ခက်ခက်ခဲခဲ ရုန်းကန်လုပ်ဆောင်နေရပါတယ်၊ သူတို့ ကိုယ်တိုင်ရဲ့ စွမ်းဆောင်ရည် ပြဿနာအပြင်၊ အရင်က အစိုးရ ဗျူရိုကရေစီယန္တယားနဲ့ပဲ ဆက်လည်ပတ်နေရလို့ပါ။"

ဒီသံတမန်ကဆက်ပြီး အစိုးရရေရှည်အားနည်းမှုအပေါ်မှာ လည်း

"အခုဟာက ချိတ်ဆက်ညှိုနှိုင်းပေးတဲ့ မူဝါဒ မရှိဘူးဖြစ်နေပါတယ်။ နောက် ဘယ်လိုရည်မှန်းချက်မျိုး ရောက်ချင်တယ်ဆိုတာအတွက်လဲ အရှေ.ကို ကြိုတွေးထားတာ မရှိပါဘူး။ သူတို့က တနေ့ဓူဝကိစ္စ လုပ်ဆောင်နေသူတွေ သက်သက်ပါ။ မဟာဗျူဟာ သမားတွေ မဟုတ်ပါဘူး။ အခုလိုဖြစ်နေတာကလည်း မကြာခင် ပြောင်းသွားမဲ့ အနေအထား မရှိပါဘူူး။"

တပ်မတော်အနေနဲ့လည်း လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်းပါဝင်ခွင့် အရေးကြီးတဲ့ လုံခြုံရေးဆိုင်ရာ အစိုးရဝန်ကြီးဌာန ၃ ခုကို ယူထားခွင့်ပြုတဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံကို ပြင်မယ်လို့ ကတိ ပေးထားတဲ့ NLD အစိုးရအနေနဲ့ လက်တွေ့မှာ တပ်နဲ့ ဆက်ဆံရေး မတည်ငြိမ်တာကြောင့် ဒီကတိတွေအပေါ် သိပ်အသံမထွက်နိုင်ဘူး ဖြစ်နေပါတယ်။

ဒီအပေါ်ရှားရှားပါးပါးအသံထွက်ခဲ့တာကတော့ နှစ် ၇၀ မြောက်လွှတ်လပ်ရေးနေ့တုန်းက သမ္မတ ဦးထင်ကျော်က တိုင်းပြည်နဲ့ သင့်တော်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံဖြစ်လာရေးအတွက် အတူဝိုင်းကြိုးစားပေးကြဖို့ နိုးဆော်လိုက်တာပဲဖြစ်ပါတယ်။ ဒီ ၂၀၀၈ ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးအတွက် အဓိက အဟန့်အတားဖြစ်ခဲ့တာကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရာထူးကို အကြံပေးခဲ့တယ်လို့ အများက ချီးကျူးခဲ့တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံဆိုင်ရာ ကျွမ်းကျင်လွန်းသူ ရှေ့နေ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခဲ့မှုပါ။

ဒီအမှုအတွက် တပ်မတော်သားအဟောင်းတွေကို ဖမ်းဆီး ခုံရုံးတင်ထားပါတယ်။ ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေး နှေးကွေးသွားရတာအပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာလည်း တိုးတက်မှု အနည်းငယ်သာ ရှိခဲ့တာကြောင့် လာမယ့်ရွေးကောက်ပွဲမှာ NLD အပေါ်လူကြိုက်များမှု ကို အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ ထိခိုက်သွားစေနိုင်တယ်လို့ နိုင်ငံရေးသုံးသပ်သူ စိုင်းဝမ်စိုင်းက ထောက်ပြလိုက်ပါတယ်။

"တိုင်းရင်းသားအဖွဲ့တွေအနေနဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုံပြီး ယုံခဲ့ကြတယ်လေ၊ ဘာလို့လဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံကို ပြင်ဆင်ပေးမယ်၊ ဒါမှမဟုတ် ပြန်ရေးပေးမယ်လို့ သူတို့ ထင်ခဲ့ကြတာကိုး။ ဒါကြောင့် NLD ကို မဲ ပုံအော ပေးခဲ့လိုက်တာလေ။"

ဒါ့အပြင် ကချင်ငြိမ်းချမ်းရေးကွန်ရက်က ပေါင်းစပ် ညှိနှိုင်းရေးမှူး ခွန်ဂျာကလည်း ကချင်ပြည်နယ်မှာ လမ်းပန်းဆက်သွယ်ရေး အဆောက်အအုံတချို့တိုးတက်မှုရှိခဲ့ပေမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ဆက်ဆံရေးကတော့ နောက်ဆုတ်သွားတယ်လို့ အခုလို ဆိုပါတယ်။

"အရင်လက်ထက်တုန်း ကတော့ ကျွန်မတို့ ရင်ဆိုင်ခဲ့ရတဲ့ အစိုးရက စစ်တပ်ပါ။ ဒါပေမဲ့ သူတို့မှာက ဂယ်ပေါက်တွေ အများကြီးရှိတော့ အဲ့ဒါတွေကို သုံးပြီး အလုပ်ဖြစ်အောင် လုပ်ဖို့ အကူအညီတွေ ရခဲ့တယ်လေ။ ဒါပေမဲ့ အခု NLD အမတ်တွေနဲ့ အစိုးရအဖွဲ့ဝင်တွေ၊ နောက် အဲ့ဒိက ကျွန်မတို့ အရင် မိတ်ဆွေတွေကတော့ များသောအားဖြင့် ကျွန်တော်တို့ကို ကူဖော်တောင် မရတော့ပါဘူး။"

ခွန်ဂျာကဆက်ပြီး NLD အစိုးရအနေနဲ့ ပြည်တွင်းစစ်ကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူတွေ အိမ်ပြန်လာနိုင်ရေး အကူအညီမပေးလို့ စိတ်ပျက်မိတယ်၊ ဒါပေမယ့် တိုင်းရင်းသားပါတီတွေ တစုတစည်းထဲ အားကောင်းအောင်မဖွဲ့နိုင်ရင်တော့ စစ်အုပ်ချုပ်ရေး ပြန်ရောက်မှာစိုးလို့ NLD ကိုပဲ မဲပေးနိုင်သေးတယ်လို့ ထောက်ပြလိုက်ပါတယ်။ ဒီအချက်ကို အမည်မဖော်လိုတဲ့ သံတမန်ကလည်း ထောက်ခံပါတယ်။ သူက တိုင်းရင်းသားတွေအနေနဲ့ NLD အပေါ် စိတ်ပျက်နေမှုကို တိုင်းရင်းသားပါတီတွေ အနေနဲ့ အခွင့်ကောင်းယူပြီး မဟာမိတ်ဖွဲ့ဖို့လိုတယ်လို့ အခုလို ထောက်ပြလိုက်ပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တိုင်းရင်သားတွေရဲ့ ဆန္ဒမဲ ကိုတော့ တကယ့်ကို လက်လွှတ်လိုက်ရပါပြီ။ အရင် ဒီတိုင်းရင်းသားတွေ တကယ်ယူဆခဲ့တာက တပ်မတော်အစိုးရကို အာဏာကနေဆင်းသွားအောင် မျိးဆက်တွေနဲ့ချီပြီး တိုက်ခိုက်အောင်မြင်လာခဲ့တဲ့ အရပ်သားအစိုးရတစ်ခု ရလိုက်ပြီ၊ အဲ့ဒီတော့ သူတို့အတွက် မဟာမိတ် ရှိလာပြီပေါ့နော်။ ဒါပေမဲ့ ဘာမှမကြာလိုက်ပါဘူး၊ သူတို့ တကယ် မျက်ဝါးထင်ထင်တွေ့လိုက်ရတာက သူတို့ထင်ထားတာရဲ့ ဆန့်ကျင်ဖက်ဖြစ်သွားတယ်လေ။"

နောက်တချက်ကတော့ ထင်ရှားတဲ့သူတွေဦးဆောင်တဲ့ ပါတီသစ်ပေါ်လာတာပါ။ ဦးကိုကိုကြီးဦးဆောင်ဖို့ အလားအလာရှိတဲ့ ၈ လေးလုံးပါတီဟာ ၂၀၂၀ မှာ ဝင်ရွေးဖို့အတွက် မှတ်ပုံတင်ထားပြီးပါပြီ။ ဆိုင်းဝမ်ဆိုင်းကတော့ မကြာသေးခင်ကပဲ NLD အစိုးရအနေနဲ့ တိုင်းအဆင့်ဝန်ကြီးအပြောင်းအလဲတချို့ကို လုပ်ဆောင်ခဲ့ပေမယ့် အခုလိုလုပ်ဆောင်ရာမှာ ပါတီအနေနဲ့ ပွင့်လင်း မြင်သာမှုမရှိခဲ့ဘူးလို့ ထောက်ပြလိုက်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲနှင့် NLD အလားအလာ
please wait

No media source currently available

0:00 0:04:51 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG