သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD အစိုးရတွင်း၊ ဝန်ကြီးအပြောင်းအလဲတွေ ဆက်လုပ်


၀န်ကြီးများ ကျမ်းသစ္စာကျိန်ဆိုနေစဉ် (မတ်လ၊ ၃၀ ရက် ၂၀၁၆)
၀န်ကြီးများ ကျမ်းသစ္စာကျိန်ဆိုနေစဉ် (မတ်လ၊ ၃၀ ရက် ၂၀၁၆)

ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန နှစ်ခုကို ပူးတွဲတာဝန်ယူထားတဲ့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ကို လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးအဖြစ်ပဲ တာဝန်ပေးအပ်လိုက်ပြီး နိုင်ငံ တော် သမ္မတက ဆောက်လုပ်ရေးဝန်ကြီးဌာနအတွက် ပြည်ထောင်စုဝန်ကြီးနေရာကို ဦးဟန်ဇော်ကို ခန့်အပ်ဖို့ ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ တင်ပြထားပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုး ရ တာဝန်ယူပြီး ၂နှစ်နီးပါးရှိလာချိန်မှာ ပြည်ထောင်စုဝန်ကြီးနဲ့ ဒေသဆိုင်ရာ ဝန်ကြီး အပြောင်းအလဲ တွေ ဆက်တိုက် လုပ်လာတာလည်း ဖြစ်ပါတယ်။ သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြပေးပါမယ်။

နိုင်ငံတော် သမ္မတက ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ ပြည်ထောင်စု ဝန်ကြီးအဖြစ် ဦးဟန်ဇော် ကို ခန့်အပ်ဖို့ ပြည်ထောင်စုလွှတ်တော်ကို ဒီကနေ့ တင်ပြထားပါတယ်။ဦးဟန်ဇော်ကို ဆောက်လုပ်ရေး ဝန်ကြီးအဖြစ် ခန့်အပ်မယ့်အပေါ် ကန့်ကွက်လိုတဲ့ လွှတ်တော်ကိုယ်စား လှယ်တွေအနေနဲ့ သက်ဆိုင်ရာ အရည်အချင်းတွေနဲ့ မပြည့်စုံကြောင်း သက်သေပြပြီး ဒီသီတင်းပတ် သောကြာနေ့ လွှတ်တော် အစည်း အဝေးမှာ ကန့်ကွက်နိုင်တယ်လို့ ပြည်ထောင်စုလွှတ်တော် အလှည့်ကျ ဥက္ကဌ မန်းဝင်းခိုင်သန်းက ဒီက နေ့ လွှတ်တော်အစည်းအဝေးမှာ ပြောသွားတာပါ။

“ပြည်ထောင်စု ဝန်ကြီးအဖြစ် ခန့်အပ်လိုကြောင်း တင်ပြထားတဲ့ ပုဂ္ဂိုလ်ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၃၂ ပုဒ်မခွဲ (က) မှာ သတ်မှတ်ထားတဲ့ အရည်အချင်းများနဲ့ မပြည့်စုံကြောင်း သက်သေ အထင်အရှားပြပြီး ကန့်ကွက်လိုတဲ့ လွှတ်တော်ကိုယ်စားလှယ် ရှိပါက ၁၈.၁.၂၀၁၈ ကြာသပတေးနေ့ မွန်းလွဲ ၁နာရီ နောက်ဆုံးထားပြီး ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ နာမည် စာရင်း ပေးပို့နိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၂၇ နည်းဥပဒေခွဲ (ခ) နဲ့အညီ ကြေညာ ပါတယ်။”

အရင်က ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ၂ခုကို ပူးတွဲတာဝန်ယူ နေတဲ့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ကိုတော့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးအဖြစ် တာဝန်ပေးလိုက် ကြောင်း ဇန်နဝါရီ ၁၅ရက်နေ့က သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။ အလားတူပဲ ပြန်ကြားရေးဝန်ကြီး ဌာနရဲ့ ဒုဝန်ကြီးအဖြစ် ဝါရင့်သတင်းစာ ဆရာ ဦးအောင်လှထွန်းကို ခန့်အပ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တိုင်းဒေသကြီး အစိုးရအဖွဲ့တွေက ဝန်ကြီး စုစုပေါင်း ၆ ဦး နုတ်ထွက်ထားတာ ပါ။ ဇန်နဝါရီ ၉ ရက်နေ့က ဧရာဝတီတိုင်းက ဝန်ကြီးချုပ် မန်းဂျော်နီနဲ့ စိုက်ပျိုး၊ မွေးမြူရေး၊ သယံ ဇာတနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးဘဟိန်း၊ ဇန်နဝါရီ ၁၀ရက်နေ့က မကွေးတိုင်းက စိုက်ပျိုး မွေးမြူ ရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးစိုးမြင့်နဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော်၊ ဇန်နဝါရီ ၁၁ရက်နေ့က ပဲခူးတိုင်းအစိုးရအဖွဲ့ထဲက သယံဇာတ၊ သစ်တောနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးကျော်မင်းဇံနဲ့ စည်ပင်သာယာရေးနဲ့ လူမှုရေးဝန်ကြီး ဦးမောင် မောင်လွင်တို့ကို သူတို့ သဘောဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုတယ်လို့ အစိုးရက ကြေညာထားပါ တယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ အနေနဲ့ အစိုးရသက်တမ်း ၂နှစ်နီးပါးရှိလာချိန်မှာ ပြည်ထောင်စု ဝန်ကြီးတွေ အပြောင်းအလဲလုပ်လာတာနဲ့ ပတ်သက်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်း က သူ့အမြင်ကို အခုလိုပြောပါတယ်။

“ယေဘုယျအားဖြင့်တော့ ကျွန်တော်တို့ ရွေးကောက်ပွဲ သက်တမ်းရှိပါတယ်။ အဲ့တော့ သက် တမ်း တဝက်လောက် ဖြစ်လာတဲ့အခါကျတော့ ကိုယ့်ထဲမှာလည်း ခြေမပေါ်တဲ့ သူတွေရှိတယ်၊ သို့မဟုတ်ရင်လည်း စွမ်းဆောင်မှု မကောင်းတဲ့သူတွေပေါ့နော်။ အဲ့တော့ ဒါတွေကို အစားထိုးရတဲ့ သဘော ရှိပါတယ်။ အဲ့တော့ ကျွန်တော်ထင်တယ်၊ NLD အစိုးရ သက်တမ်း ၂နှစ် ပြည့်ခါနီးပြီဆိုတော့ ဒီလို ကိစ္စမျိုးတွေ စဉ်းစားတယ်လို့ ထင်ပါတယ်။ ကျွန်တော်မြင်တာတော့ အစိုးရတခုဆိုတာ Team Work သဘောမျိုးပေါ့နော်။ အဖွဲ့အစည်းတခုပုံစံ ချဉ်းကပ်ဖို့လိုပါတယ်။ အရင် အစိုးရတုန်းကလည်း ကျွန်တော် တို့ ဆွေးနွေးကြဖူးတာရှိပါတယ်။ Government as a Whole ပေါ့နော်။ ဆိုလိုတာက အစိုးရ ကြီးတခု လုံးရဲ့ Move အနေနဲ့ ရွေ့လျားနိုင်အောင်ဆိုတဲ့ ပုံစံမျိုးပေါ့။ တက်ညီ လက်ညီပေါ့။ အခုအနေထားမှာ တော့ တချို့ ဝန်ကြီးတွေကို အနားယူခွင့်ပေးတယ်၊ ပြန်ပြီး အားဖြည့်တာတွေ တွေ့ရပါတယ်။ ဒါပေမယ့် ရှေ့လေ ျှာက် ဘယ်လိုသွားမလဲဆိုတာ ဗျူဟာ သဘောဆန်တယ်။ ဆိုတော့ ဒီ ဗျူဟာ သဘောမျိုးနဲ့ ပြုပြင်ပြောင်းလဲရေးကို ဘယ်လို တွန်းမှာလဲ၊ ဘယ်ကဏ္ဍကို တွန်းမှာလဲ၊ စီးပွားရေး ကို တွန်းမှာလား၊ စသဖြင့်ပေါ့။ ဒီလိုကိစ္စမျိုးတွေကို သိနိုင်ရင် ပိုကောင်းမယ်လို့ ထင်ပါတယ်။”

အစိုးရအနေနဲ့ ဒေသဆိုင်ရာ ဝန်ကြီးတွေကို နုတ်ထွက်ခွင့်ပြုကြောင်း ပြည်သူတွေကို သတင်း ထုတ်ပြန် ရာမှာ အခုထက်ပိုပြီး ပွင့်လင်းမြင်သာမှုရှိသင့်တယ်လို့ ဦးအောင်သူငြိမ်းက ထောက်ပြပါတယ်။

“အထူးသဖြင့်တော့ ပွင့်လင်းမြင်သာမှု အရေးကြီးတယ်ပေါ့နော်။ ကျွန်တော်တို့ အခုမြင်ရတာက တော့ နုတ်ထွက်ခွင့်ပြုလိုက်သည် ဆိုတာပဲ မြင်ရတယ်။ တချို့လည်း စွမ်းဆောင်ရည် မကောင်းလို့ ဖြစ်နိုင်တယ်၊ တချို့လည်း အကျင့်ပျက်လာဘ်စားလို့ ဖြစ်နိုင်တယ်ပေါ့နော်။ ဒါပေမယ့် ကျွန်တော်တို့ သာမန်ပြည်သူတွေ အပိုင်းမှာတော့ ဒါတွေကို ဘာမှ မသိနိုင်တဲ့ သဘောဖြစ်သွားတာပေါ့”

NLD ပါတီ ဦးဆောင်တဲ့ အစိုးရအဖွဲ့ တက်လာပြီးနောက် ဝန်ကြီးအပြောင်းအလဲတွေနဲ့ ဒေသဆိုင်ရာ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ အရေအတွက်များများနဲ့ နုတ်ထွက်တာ ဒါ ပထမဆုံးလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG