သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဧရာဝတီတိုင်း ဝန်ကြီးချုပ် နုတ်ထွက်ခွင့်ပြု


ရာထူးကနုတ်ထွက်လိုက်တဲ့ ဧရာဝတီတိုင်း ဝန်ကြီးချုပ် မန်းဂျော်နီ (ဓာတ်ပုံ - မန်းဂျော်နီ Facebook)
ရာထူးကနုတ်ထွက်လိုက်တဲ့ ဧရာဝတီတိုင်း ဝန်ကြီးချုပ် မန်းဂျော်နီ (ဓာတ်ပုံ - မန်းဂျော်နီ Facebook)

ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတရုံး Facebook စာမျက်နှာမှာ ဧရာဝတီတိုင်း ဝန်ကြီးချုပ် မန်းဂျော်နီကို မိမိရဲ့ ဆန္ဒအလျောက် ရာထူးကနေ နုတ်ထွက်ခွင့်ပြုကြောင်း နိုင်ငံတော် သမ္မတ ဦးထင်ကျော်ရဲ့ နာမည်နဲ့ အမိန့်အမှတ် ၁/ ၂၀၁၈ ကို ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ အလားတူစွာဘဲ ဧရာဝတီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ဝန်ကြီး ဦးဘဟိန်းကိုလည်း သူ့ရဲ့သဘောဆန္ဒ အလျောက် တိုင်းဒေသကြီး ဝန်ကြီး ရာထူးကနေ နုတ်ထွက်ခွင့် ပြုလိုက်ကြောင်း အမိန့် အမှတ် ၂ /၂၀၁၈ နဲ့ ကြေညာချက် ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

အခုလို လက်ရှိ NLD အရပ်သား အစိုးရ အုပ်ချုပ်တဲ့ ၂ နှစ်တာ ကာလ အတွင်း ဧရာဝတီတိုင်း ဝန်ကြီးချုပ် မန်းဂျော်နီ အပါအဝင် အရင် မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးမင်းမင်းဦးတို့ ရာထူး တာဝန်ကနေ နုတ်ထွက်စာ တင်တာကို သမ္မတက ခွင့်ပြုခဲ့သလို စိုက်ပျိုးရေး ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းဝင်း ကိစ္စမှာတော့ သမ္မတ အမိန့်နဲ့ တာဝန်က ရပ်စဲ ခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်တွေမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အညီ သမ္မတက အစိုးရ အဖွဲ့ဝင် ဝန်ကြီး အပြောင်းအလဲတွေကို ဆောင်ရွက်တာ ဖြစ်ပေမယ့်လည်း NLD ဟာ လက်ရှိ အာဏာရ ပါတီ ဖြစ်တဲ့အတွက် ပါတီရဲ့ စည်းကမ်း ထိန်းသိမ်းရေးနဲ့ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာတွေနဲ့တော့ ဆက်စပ်နိုင်တယ်လို့ မြန်မာ့ အရေး လေ့လာသူ ဒေါက်တာ ရန်မျိုးသိန်းက သုံးသပ်ပါတယ်။

" ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ နုတ်ထွက်တာကို ခွင့်ပြုတာဘဲ ဖြစ်ဖြစ်၊ တာဝန်က ရပ်စဲတာကိုဘဲ ဖြစ်ဖြစ် ဆောင်ရွက်နိုင်တာဟာ နိုင်ငံတော် သမ္မတဘဲ ဖြစ်ပါတယ်။ ဒီ မွန်ပြည်နယ် ဝန်ကြီးချုပ်ရဲ့ ဖြစ်စဉ်ကို ကြည့်မယ်ဆိုရင် သူ့ကို တာဝန်ကနေ နုတ်ထွက်ခွင့် မပြုခင်မှာ ဒီ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက နေပြီးတော့ စုံစမ်းစစ်ဆေးတာတွေ မေးမြန်းတာတွေ လုပ်ခဲ့တာကို တွေ့ရပါတယ်။ ပါတီ စည်းကမ်းထိန်းသိမ်းရေး ကော်မတီရဲ့ အစီရင်ခံစာ ပေါ်မှာ ထင်ဟပ်မှု ရှိတယ်လို့ ပြောလို့ ရပါတယ်။

လာမယ့် ရက်ပိုင်းမှာ ဖြစ်ဖို့ အလားအလာ များနေတဲ့ ဝန်ကြီးချုပ် တဦး အပါအဝင်ပေ့ါလေ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးတွေ နုတ်ထွက်ခွင့်ပြုမယ့် ကိစ္စနဲ့ ပတ်သက်ရင်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ စည်းကမ်းထိန်းသိမ်းရေး ကော်မတီ အစီရင်ခံစာတွေ သူ့ရဲ့ စုံစမ်း စစ်ဆေးမှုတွေနဲ့ ဆက်စပ်တဲ့ ဖြစ်စဉ်တွေလည်းဘဲ ပါဝင်မယ်လို့ ကျနော်ကတော့ အဲလို သုံးသပ်ပါတယ်။ "

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ပါတီ ခေါင်းဆောင်ပိုင်းဟာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလ ပြောကြားခဲ့တဲ့ အတိုင်း လွှတ်တော် အမတ်တွေ အစိုးရ အဖွဲ့ဝင်တွေကို တိုင်ကြားမှုတွေနဲ့ ပတ်သက်လို့ လက်တွေ့ စုံစမ်း အရေးယူတာမှာတော့ ထိထိရောက်ရောက် ဖြစ်အောင် ဆောင်ရွက်ဖို့ လိုသေးကြောင်း ဒေါက်တာ ရန်မျိုးသိန်းက ထောက်ပြပါတယ်။

" ဟို အစိုးရဖွဲ့ပြီး နောက်ပိုင်းမှာပေါ့လေ အစိုးရ အဖွဲ့ဝင်တွေ ပါတီရဲ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပတ်သက်ပြီးတော့ တိုင်ကြားမှုတွေ အလေးထားပြီးတော့ ဆောင်ရွက်လာတာ တွေ့ရပါတယ်။ တနည်းအားဖြင့် ပြောရရင်တော့ ပါတီရဲ့ စည်းကမ်းထိန်းသိမ်းရေး ကော်မတီကို ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် အလုပ်လုပ်နိုင်အောင် လုပ်လာတာ တွေ့ရပါတယ်။ ဒါပေမယ့် ကျနော် လေ့လာမိသလောက်တော့ ပါတီ စည်းကမ်းထိန်းသိမ်းရေး ကော်မတီဟာ ဝန်နဲ့ အားနဲ့ မမ ျှတဲ့ အနေအထားမျိုး ဖြစ်နေတယ်လို့ မြင်ပါတယ်။ တိုင်ကြားစာတွေက အရမ်းများတယ်။ သို့သော်လည်း အဲဒီ တိုင်ကြားစာတွေကို စုံစမ်းစစ်ဆေးပြီးတော့ ဆုံးဖြတ်နိုင်မယ့် လူပုဂ္ဂိုလ် ပါဝင်မှု အပိုင်းမှာ အားနည်းနေတာ တွေ့ရပါတယ်။ အရေးယူမယ်လို့ ပြောနေတဲ့ လူတွေကို ဘယ်လို ပုံစံမျိုး အရေးယူတယ်၊ ဘယ်လို သတိပေးတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ အများပြည်သူကို ထုတ်ပြန်တာမျိုးတော့ မတွေ့ရပါဘူး။ "

လာမယ့်ရက်ပိုင်း အတွင်း ဒီ နုတ်ထွက်စာတင်မယ့် တိုင်းဒေသကြီးနဲ့ ပြည်နယ် ဝန်ကြီး တချို့ရဲ့ နာမည်တွေထဲမှာတော့ မကွေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့က လူမှုရေး ဝန်ကြီး ဦးနေမျိုးကျော်လည်း ဆန္ဒအလျောက် နုတ်ထွက်စာ တင်ဖို့ ရှိကြောင်း သတင်းတွေထွက်နေပါတယ်။ ဒီအတောအတွင်း NLD လွှတ်တော်ကိုယ်စားလှယ် တိုင်ကြားစာ ဌာနကနေ လက်ခံရရှိတဲ့ တိုင်ကြားစာတွေ အရ NLD လွှတ်တော် ကိုယ်စားလှယ် ၃၀ နီးပါးမှာ အရေးယူသင့်တဲ့ အနေအထားတွေကို တွေ့ရှိရတဲ့ အတွက် အရေးယူပေးဖို့ ဗဟို အလုပ်အမှုဆောင် အဖွဲ့ကို တင်ပြထားကြောင်း တိုင်ကြားစာ အဖွဲ့ ခေါင်းဆောင် ဒေါက်တာမျိုးညွန့်က ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့ အခမ်းအနား အပြီး သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ အဲဒီ လွှတ်တော် အမတ် အများစုဟာ ပါတီ စည်းကမ်းကို လိုက်နာခြင်း မရှိတာ၊ အများပြည်သူနဲ့ ဆက်ဆံရာမှာ မောက်မာတာ စတာတွေနဲ့ ပတ်သက်နေတယ်လို့ သူက ပြောသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG