သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီး တာဝန်က ရပ်စဲရခြင်း အကြောင်း


ရခိုင်ပြည်နယ်စည်ပင်ဝန်ကြီး ဦးမင်းအောင်
ရခိုင်ပြည်နယ်စည်ပင်ဝန်ကြီး ဦးမင်းအောင်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဌာနဝန်ကြီးဦးမင်းအောင်ကို နိုင်ငံတော်သမ္မတအမိန့်နဲ့ တာဝန်က ရပ်စဲလိုက်ပြီဖြစ်ပါတယ်။ ရခိုင်စည်ပင်ဝန်ကြီးအနေနဲ့ တာဝန်ထမ်းဆောင်ဖို့မသင့်တော့ကြောင်းလည်း ရခိုင်ပြည်နယ်လွှတ်တော်ရဲ့ အရေးပေါ်လွှတ်တော်အစည်းအဝေးက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ထောက်ခံမဲအများစုနဲ့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ နောက်တက်လာမယ့်ဝန်ကြီးသစ်အနေနဲ့ ပြည်နယ်လွှတ်တော်ရဲ့အသံနဲ့ ပြည်နယ်လွှတ်တော်ရဲ့သဘောထားကို အလေးထားဖို့ လိုအပ်တယ်လို့လည်း ရခိုင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တဦးက ဆိုပါတယ်။ အသေးစိတ် မဆုမွန်ဆက်ပြောပြပါမယ်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၃ ပုဒ်မခွဲ (င) ပုဒ်မခွဲငယ် (၂) ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ (၈၀) နဲ့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၅၅ ပါ ပြဋ္ဌာန်းချက်တွေအရ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီးဌာန ဝန်ကြီးဦးမင်းအောင်ကို နိုင်ငံတော်သမ္မတအမိန့်အရ ထုတ်ပယ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဇန်နဝါရီလ ၁၈ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်အမိန့်အမှတ် ၉/၂၀၁၈ ကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်စည်ပင်ဝန်ကြီးဦးမင်းအောင်ကို တာဝန်က ထမ်းဆောင်ဖို့ မသင့်တော့ဘူးဆိုတဲ့ အဆိုကိုလည်း ရခိုင်ပြည်နယ်လွှတ်တော်မှာ အရေးပေါ်အစည်းအဝေးခေါ်ယူပြီး လွှတ်တော်ကိုယ်စားလှယ်တွေကြား မဲခွဲဆုံးဖြတ်ရာမှာလည်း လွှတ်တော်ကိုယ်စားလှယ်အများစု ထောက်ခံမဲရပြီး ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အတည်ပြုဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဝန်ကြီးဦးမင်းအောင်အနေနဲ့ ရခိုင်ပြည်နယ်လွှတ်တော်ကို တိုင်ပင်ဆွေးနွေးခြင်း တင်ပြခြင်းမရှိပဲ သူ့သဘောနဲ့သူလုပ်ဆောင်ခဲ့တာတွေ ရှိခဲ့တဲ့အကြောင်း ဒါကြောင့် အခုလို တာဝန်က ရပ်စဲဖို့ ပြည်နယ်လွှတ်တော်ဘက်က အရေးဆိုခဲ့ကြရတာဖြစ်တဲ့အကြောင်း ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဘူးသီးတောင်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပြပါတယ်။

"အဓိကတော့ ကျနော်တို့ အချက်(၉)ချက်နဲ့ ကျနော်တို့ သူ့ကို စွပ်စွဲပြစ်တင်တယ်။ အဲဒီအထဲမှာ အဓိကပါလာတာကတော့ ကျနော်တု့ိ စီမံကိန်းတွေကို အကောင်အထည်ဖော်တဲ့နေရာမှာ ကျနော်တို့စီမံကိန်းကို လွှတ်တော်ကို တင်ပြရပါတယ်ခင်ဗျ ။ အခုက ဖွဲ့စည်းပုံအခြေခံပုဒ်မ ၂၅၁ အရ ကျနော်တို့စီမံကိန်းစီမံချက်တွေ ဘက်ဂျက်တွေသုံးဖို့နေရာမှာ ကျနော်တို့ ပုဒ်မ ၂၅၁ အရ ကျနော်တို့ ပြည်နယ်လွှတ်တော်ရဲ့ အတည်ပြုချက်ရပြီးမှ လုပ်ရပါတယ်ခင်ဗျ ။ သူကနေပြီးတော့မှ ပြည်နယ်လွှတ်တော်ကို ပြီးပြီးချင်း လွှတ်တော်သို့ တင်ခြင်းမရှိပဲ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့ လုပ်ဆောင်တာ ဖြစ်နေတယ် အဲဒီအတွက်ကြောင့် ဥပဒေကို ကျော်လွန်တဲ့အတွက်ကြောင့် အဓိကအားဖြင့် စွပ်စွဲချက် တင်ရတာဖြစ်ပါတယ်ခင်ဗျ။

မေး။။ အဲဒီတော့ အခုဆိုရင် ဆရာတို့ရဲ့ အဆိုပြုချက်လည်းရှိတယ်။ သူ့ကို တာဝန်ကနေပြီးတော့ ရပ်စဲဖို့လည်း လုပ်ခဲ့တယ်ပေါ့နော်။ ဒါပေမယ့်ဆရာ ခရိုင်ပြည်နယ်အစိုးရတခုလုံးမှာ ရော ဒီကိစ္စက တာဝန်ရှိတယ်လို့ မထင်ဘူးလားဆရာ။

ဖြေ။ ။အဓိကအားဖြင့် စည်ပင်နဲ့ ဆိုင်တဲ့အတွက်ကြောင့် ဒါက စည်ပင်သာယာဝန်ကြီးအပေါ်မှာ တိုက်ရိုက်သတ်ဆိုင်နေတယ်။ ကျနော်တို့ လိုအပ်ရင်တော့ အစိုးရအဖွဲ့ကိုရော ကျနော်တို့ ပြန်လည်သုံးသပ်ရမယ့်အခြေအနေကတော့ ရှိကောင်းရှိနိုင်ပါတယ်ခင်ဗျ။"

အဓိကကတော့ ရခိုင်ပြည်နယ်စည်ပင်ဝန်ကြီးဦးမင်းအောင်ကို နိုင်ငံတော်က ပေးအပ်တဲ့တာဝန်ကို ကျေပွန်အောင် မထမ်းဆောင်ဘူးဆိုတဲ့ အချက်အပါအဝင် စွပ်စွဲပြစ်တင်ချက်(၉)ချက်နဲ့ ရခိုင်ပြည်နယ်လွှတ်တော်ကို လွှတ်တော်ကိုယ်စားလှယ်( ၁၇) ဦးက တိုင်ကြားခဲ့တာဖြစ်ပါတယ်။ ဒီစွပ်စွဲချက်ကို ရခိုင်ပြည်နယ်လွှတ်တော်မှာ ကော်မတီဖွဲ့ပြီး စုံစမ်းစစ်ဆေးခဲ့ကြပြီးတဲ့နောက် စစ်ဆေးတွေ့ရှိချက်တွေကို အစီရင်ခံစာထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီ့နောက်မှာတော့ အဲ့ဒီအစီရင်ခံစာပါတွေ့ရှိချက်တွေအရ ဝန်ကြီးဦးမင်းအောင်ဟာ တာဝန်က ထမ်းဆောင်ဖို့မသင့်တော့ကြောင်း အရေးပေါ်အစည်းအဝေးခေါ်ယူပြီး မဲခွဲဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

အခုလို ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ နိုင်ငံတော်သမ္မတဘက်က ရခိုင်ပြည်နယ်လွှတ်တော်ရဲ့သဘောထားနဲ့ အရေးပေါ်အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်အပေါ် အလေးထားပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးတဦးကို ရာထူးက ရပ်စဲလိုက်တဲ့အပေါ် ကြိုဆိုကြောင်းလည်း ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။

"ကျနော်တို့က ဘာပဲဖြစ်ဖြစ် ကျနော်တို့ ကျေနပ်မှုရှိတယ်လို့ ပြောရမှာပဲခင်ဗျ ။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ ဒီမှာ စွပ်စွဲပြစ်တင်လိုက်တဲ့အတွက်ကြောင့် ဥပဒေနဲ့အညီ ဒီကနေ့ ပြည်နယ်လွှတ်တော်က ဆောင်ရွက်တဲ့အပေါ်မှာ ကျနော်တို့ သဘောထားကတော့ ပြည်ထောင်စုအစိုးရဟာ ပြတ်ပြတ်သားသားကိုင်တွယ်တယ်ဆိုတာကို ကျနော်တို့ သဘောပေါက်ပါတယ်ခင်ဗျ။"

တာဝန်က ရပ်စဲလိုက်တဲ့ စည်ပင်ဝန်ကြီးဦးမင်းအောင်နေရာမှာ နောက်ထပ် အသစ်ခန့်အပ်မယ့် ဝန်ကြီးအသစ်ရာထူးကို ဆက်ခံမယ့် အစိုးရအဖွဲ့ဝန်ကြီးအနေနဲ့လည်း အထူးသဖြင့် ဒေသခံပြည်သူတွေ ဆန္ဒ မဲအများစုနဲ့ လွှတ်တော်ကိုယ်စားလှယ်တာဝန်ကို ယူထားတဲ့လွှတ်တော်ရဲ့အသံကို အလေးထားလိုက်နာဖို့လိုသလို ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်တွေကိုလည်း လေးစားလိုက်နာဖို့လိုတယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းအောင်သိန်းကပြောပါတယ်။

"ကျနော်တို့ကတော့ ဘယ်ဝန်ကြီးပဲ တက်တက်၊ ပြည်သူအတွက် အကောင်းဆုံးဖြစ်ဖို့လိုအပ်တယ်။ ပြည်သူက တင်မြောက်ထားတဲ့ လွှတ်တော်ကို လေးစားဖို့လိုပါတယ်။ အဲဒီလို လေးလေးစားစားနဲ့ လွှတ်တော်မှာ တင်ပြနိုင်တဲ့အခြေအနေတွေ ၊ ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်တယ်ဆိုရင် ကျနော်တို့က ဘယ်ဝန်ကြီးမဆို လက်ခံပါတယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါတဲ့ ဥပဒေအရသော်လည်းကောင်း ၊ ကျနော်တို့ ပြည်နယ်အစိုးရရဲ့ သူတို့ရဲ့ ဥပဒေအရသော်လည်းကောင်း မှန်မှန်ကန်ကန်နဲ့ ဆောင်ရွက်မယ်ဆိုရင် ဒီလိုပြဿနာမျိုး ဖြစ်လာစရာအကြောင်းမရှိပါဘူးခင်ဗျ။"

အကြမ်းဖက်တိုက်ခိုက်မှုတွေ နယ်မြေမတည်ငြိမ်မှုတွေနဲ့ ဒေသခံ နှစ်ဘက် အသိုင်းအဝိုင်းတွေကြား တင်းမာမှုတွေနဲ့ ရင်ဆိုင်နေရဆဲ ရခိုင်ပြည်နယ်တွင်း ဖွံ့ဖြိုးတိုးတက်ရေး လမ်းပမ်းဆက်သွယ်ရေး လုံခြုံရေး စီးပွားရေး နိုင်ငံတကာနဲ့ ဖက်စပ်ဆောင်ရွက်တဲ့ ရေရှည်စီမံကိန်းတွေ အရေးတကြီးဆောင်ရွက်ဖို့ လိုအပ်နေတဲ့ရခိုင်ပြည်နယ်အတွက် ဆောင်ရွက်လုပ်ကိုင်မှုတွေမှာ NLD အစိုးရက ခန့်အပ်ထားတဲ့ ရခိုင်ပြည်နယ်အစိုးရအနေနဲ့ စိန်ခေါ်မှု အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်သလို ဆန္ဒမဲအများစုနဲ့ လွှတ်တော်မှာအနိုင်ရထားတဲ့ ရခိုင်အမျိုးသားပါတီ ANP တို့ကြား ထိပ်တိုက်တွေ့ဆုံမှုတွေ ရှိလေ့ရှိပြီး ဒီတကြိမ်မှာတော့ ပြည်ထောင်စုအစိုးရဘက်က ပြည်နယ်လွှတ်တော်ရဲ့သဘောထားအတိုင်း ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးတဦးကို ရာထူးကနေ ထုတ်ပယ်ပစ်လိုက်တာလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG