သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တော စီးပွားရေးဇုံစီမံကိန်း စတင်အကောင်အထည်ဖော်


ကညင်ချောင်းစီးပွားရေးဇုံဖွင့်လှစ် (MOI)
ကညင်ချောင်းစီးပွားရေးဇုံဖွင့်လှစ် (MOI)

စီးပွားရေးနဲ့ ဒေသဖွံ့ဖြိုးဖို့ရည်ရွယ်ပြီး မောင်တောစီးပွားရေးဇုန်ကို အစိုးရကစတင်ဆောင်ရွက်နေပါတယ်။ ပဋိပက္ခတွေဖြစ်ခဲ့တဲ့ ဒေသထဲမှာ ခုလိုစီးပွားရေးဇုန် လုပ်တဲ့အတွက် ရခိုင်ပြည်နယ် စီးပွားရေးဖွံ့ဖြိုး တိုးတက်လာဖို့ အပြင် ဖွံ့ဖြိုးမှုအားနည်းနေတဲ့ လူမှုဘဝတွေပါ တိုးတက်လာနိုင်မယ်လို့ အစိုးရဘက်က မေ ျှာ်လင့်နေကြပါတယ်။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်းကမေခပေးပို့ထားပါတယ်။

စီးပွားရေးဖွံ့ဖြိုးမှု အားနည်းတဲ့အပြင် ပဋိပက္ခတွေကြောင့်ပါ နာလန်မထူနိုင်သေးတဲ့ ရခိုင် မြောက်ပိုင်း မောင်တောမှာ အစိုးရ နဲ့ ပုဂ္ဂလိကတို့ ပူးပေါင်းပြီး ငွေကျပ် သန်း ၂၂၀၀ အကုန်ကျခံကာ စီးပွားရေးဇုန်ကို စတင်ဆောက်လုပ်နေပါပြီ။ မောင်တောမြို့နယ်အနောက်ဖက် ၂ မိုင်လောက်က နတ်မြစ်နဲ့ ကညင်ချောင်းဆုံတဲ့နေရာမှာ ကညင်ချောင်းစီးပွားရေးဇုံလို့လည်းခေါ်တဲ့ မောင်တောစီးပွားရေးဇုံကို ဆောင်ရွက်နေတာဖြစ်ပါတယ်။

၁၉၉၀ ပတ်ဝန်း ကျင်လောက်ထဲက ဘင်္ဂလားဒေရှ့် နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေး သဘောတူစာချုပ် လက်မှတ်ထိုးကာ မောင်တော ဒေသမှာ နယ်စပ်ကုန်သွယ်ရေးဇုန် အဖြစ်တည်ရှိခဲ့တဲ့ နေရာ ကို အခုစီးပွားရေးဇုန် တခု အဖြစ်တိုးချဲ့တာနဲ့ပတ်သတ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက အခုလိုပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“နယ်မြေမတည်ငြိမ်ဘူးဆိုတာကလည်း အဓိက စီးပွားရေးအခြေခံမကောင်းတာလဲ ပါတယ်လေ။ စီးပွားရေးအခြေခံမရှိဘူး အလုပ်အကိုင်တွေမရှိဘူးဆိုတော့ လူတွေရဲ့ စိတ်က တခြားတနေရာကို ရောက်နေတာပေါ့နော်။ အန်ကယ်တို့ အဲဒီဘက်မှာ စီးပွားရေးအခွင့်အလမ်းတွေဖန်တီးပေးခြင်းအားဖြင့် လူတွေ အလုပ်အကိုင်အခွင့်အလမ်းတွေ ရလာပြီးတော့ အဲဒီမှာ အလုပ်လုပ်လာမယ် ဝင်ငွေတွေရလာမယ်ဆိုရင် တခြားဘက်ကို အာရုံမရောက်ပဲနဲ့ ဒီဘက်ဝင်ငွေရရှိဖို့အတွက်ကို အာရုံစိုက်လာမယ့် သဘောဖြစ်ပြီး ဒေသတည်ငြိမ်ရေးအတွက်ကိုလည်း အထောက်အကူဖြစ်အောင် ဒီလိုမျိုးရည်မှန်းပြီးတော့ အန်ကယ်တို့ ဖော်ဆောင်တာပါ။”

မောင်တောနယ်စပ်ကုန်သွယ်ရေး (ကညင်ချောင်းကုန်သွယ်ရေးစခန်း) လို့ အမည်ပေးထားတဲ့ ဒီ စီးပွားရေးဇုန်ဟာမြန်မာနိုင်ငံ နယ်စပ်ကုန်သွယ်ရေးစခန်းတွေထဲမှာ ပို့ကုန်အသာစီး ရယူ ထားနိုင်တဲ့ နယ်စပ်ကုန်သွယ်ရေးဇုန် တခုလည်းဖြစ်ပါတယ်။ ဘင်္ဂလားဒေရှ့်နိုင်ငံဖက်ကို ရေထွက်ပစ္စည်း၊ အခြေခံအစားအသောက်ကစလို့ အဝတ်တအထည်အထိ ပို့ကုန်တွေကို တင်ပို့နေတဲ့ ဒီစခန်းဟာ ၂၀၁၂ ခုနှစ်မှာဖြစ်ခဲ့တဲ့ ဘာသာရေးလူမျိုးရေးအခြေခံတဲ့ ရခိုင်ပဋိပက္ခများအပြီးမှာ ကုန်သွယ်မှု ပမာဏ ထက်ဝက်ကျော် လောက်ကျဆင်းခဲ့ ရပါတယ်။

သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်ထဲက ကျောက်ဖြူစီးပွားရေးဇုန်၊ ပုဏ္ဏားကျွန်းစက်မှုဇုန် စသဖြင့်တည်ဆောက်ဖို့ လုပ်ချိန်မှာ စစ်တွေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသအချို့မှာပါ နယ်စပ်ကုန်သွယ် ရေးစခန်း တွေလုပ်ဖို့ထိ ရည်ရွယ်ခဲ့တာပါ။ ဒါပေမဲ့ နယ်မြေတည်ငြိမ်မှုမရှိတာကြောင့် ရင်းနှီးမြုပ်နှံမှုကို ဆွဲဆောင် နိုင်ခြင်းမရှိဘဲ အစီအစဉ်တွေ ဆိုင်းငံ့ထားခဲ့ရပါတယ်။

လက်ရှိမှာ စလုပ်နေပြီဖြစ်တဲ့ မောင်တောစီးပွားရေးဇုန် အကောင်အထည်ဖော်နိုင်ရေး ကို ရခိုင်ပြည်နယ် အစိုးရ အဖွဲ့နဲ့ နတ်မြစ်အလင်းတန်း ကုမ္ပဏီတို့က ပူးပေါင်းလုပ်ဆောင်မယ်လို့ ဦးကျော်အေးသိန်းက ပြောပါတယ်။ စီးပွားရေးဇုန် ကို ခုချိန်မှာ စတင် တည်ဆောက်နေပြီ ဖြစ်ပြီးလာမယ့် ၂၀၁၈ မတ်လကုန် လောက် လုပ်ငန်းတွေ ပြီးလိမ့်မယ်လို့ အစိုးရဘက်က မျှော်လင့်နေ ပါတယ်။

ဒီ စီးပွားရေးဇုန်မှာ ဂိုဒေါင်တွေ၊ ကုန်တင် ကုန်ချကွင်းနဲ့ တည်းခိုခန်း၊ စားသောက်ဆိုင်၊ ငါးပုစွန်ထားနိုင်တဲ့ အအေးခန်းတွေကို ဆောက်လုပ်သွားမှာဖြစ်ပါတယ်။ လက်ရှိ ဇုန်အတွင်း ပတ်လမ်းဖောက်လုပ်တာ၊ ခြံစည်းရိုးကာတာ၊ ဇုန်ကနေ မောင်တောကို သွားနိုင်မယ့် သီးသန့်လမ်း ဖောက်လုပ်တာ စတဲ့ လုပ်ငန်းတွေ စတင်လုပ်ကိုင်နေပြီလို့ ဝန်ကြီး ဦးကျော်အေးသိန်းကပြောပါတယ်။ ဒီဇုန်မှာ လုပ်ကိုင် ခွင့်ပြုဖို့စီစဉ်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သတ်လို့တော့ သူက

“စီးပွားရေးလုပ်ငန်းတွေအတွက်လိုတဲ့ infrastructure တွေ လမ်း၊ မီး၊ ဆောက်အအုံတွေ စပြီးတော့ လုပ်နေပြီပေါ့နော် နောက်ပြီးကညင်ချောင်းဆိုတာလည်း ရေအနက်တော်တော်ကောင်းကောင်းရှိပြီး သဘောၤကြီးတွေ ရန်ကုန်ကနေလာတဲ့ သဘောၤကြီးတွေ အဲဒီမှာ တခါတည်းဆိုက်လို့ရတယ်။ ဆိုတော့ ဒီလိုမျိုး အခွင့်အလမ်းတွေ ရှိတဲ့နေရာပေါ့နော် အန်ကယ်တို့လုပ်တဲ့နေရာက နောက်ပြီး ပုဇွန်တို့ဘာတို့ကို တင်ပို့တဲ့ စက်ရုံတွေ ရေရှည်မှာ ပေါ်လာမှာပေါ့နော်။ ရင်းနှီးမြှပ်နှံမှု အဲဒီမှာလာဖို့ရင်နှီးမြုပ်နှံမှုကတော့ အဓိကတော့ သူက ဘင်္ဂလားဒေ့ရှ်နဲ့အခြေခံပြီးတော့ ကုန်သွယ်မှုကို လုပ်ရတဲ့စီးပွားရေးဇုန်ဆိုတော့ အဲဒီကုန်သွယ်မှု နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာ ရှိနိုင်တဲ့ လုပ်ငန်းတွေပေါ့နော် အဲဒါတွေကို ဦးစားပေးပြီး အန်ကယ်တို့လုပ်မယ်။ အဓိက ကုန်သွယ်ရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကို အဓိကလုပ်မှာပါ။”

ဒီဇုန်ပြီးသွားရင် ဘင်္ဂလားဒေ့ရှ်နဲ့သာမက အိန္ဒိယနှင့်ပါ ကုန်သွယ်ရေးတိုးတက်ဖို့ အစိုးရကမေ ျှာ် မှန်းထားပါတယ်။ မောင်တောစီးပွားရေးဇုန် အကောင်အထည်ဖော်မယ့် ဒုတိယအဆင့်မှာ ဆိပ်ကမ်းဆောက်လုပ်မယ့်အစီအစဉ်လည်း ပါဝင်တာကြောင့် ကညင်ချောင်းနံဘေးမှာ သင်္ဘောတွေ ၂၄ နာရီ ဝင်ထွက်နိုင်ဖို့နဲ့တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆိပ်ကမ်း နဲ့ချိတ်ဆက်နိုင်ဖို့ လည်း အစိုးရ ဘက်က မေ ျှာ်လင့် နေပါတယ်။

လက်ရှိ ရခိုင်ဒေသတွင်းမှာ ဖြစ်တဲ့ ပဋိပက္ခတွေဟာ စီးပွားရေးဖွံ့ဖြိုးမှု အားနည်းတာ၊ လူနေမှု နိမ့်ကျတာတွေကြောင့်ဖြစ်တယ်လို့ သုံးသပ်နေကြသလို။ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဟောင်း ကိုဖီ အာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကလည်း ရခိုင်ဒေသ ကို စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုး တက်အောင်လုပ်ဖို့ သူ့ရဲ့ အကြံပြုစာမှာ ဖော်ပြထားပါတယ်။ ဒီအကြံပြုချက်တွေအတိုင်း အကောင် အထည်ဖော်နိုင်ဖို့ လုပ်ဆောင်လာတာဖြစ်တယ်လို့ ရခိုင်အစိုးရဘက်က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG