သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး လက်တွေ့ဖြေရှင်းတိုးတက်မှုလုပ်ပြမယ်လို့ ဒေါ်စုပြော


နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (myanmar state counsellor office)
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (myanmar state counsellor office)

ရခိုင်ပြည်နယ်တွင်းက ပဋိပက္ခတွေ အပေါ် နိုင်ငံတကာရဲ့ ဝေဖန်မှုတွေကို တုံ့ပြန်ပြောဆိုတာထက် လက်တွေ့ဖြေရှင်း တိုးတက်မှုတွေနဲ့ တုံ့ပြန်သွားမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြည်သူကို အသိပေးလိုက်ပါတယ်။ ရခိုင်ပြည်နယ်တွင်းက မူဆလင် သိန်းနဲ့ချီပြီး ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးရတဲ့ ကိစ္စ အပါအဝင် ဒေသတွင်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်တွေကို ပြည်တွင်း ပြည်ပ ပူးပေါင်းဆောင်ရွက် ဖြေရှင်းမယ့် လုပ်ငန်းစဉ်တွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြည်သူကို တင်ပြသွားပါတယ်။ မသိင်္ဂ ီထိုက် ကောက်နုတ်တင်ပြပေးမှာပါ။

မြန်မာနိုင်ငံဘက်က လူပေါင်း သိန်းနဲ့ချီပြီး ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးရတဲ့ ကိစ္စ အပေါ် နိုင်ငံတကာရဲ့ ဝေဖန်မှုတွေကို တုံ့ပြန်ပြောဆိုနေတာထက် လက်တွေ့ ဆောင်ရွက်ချက်တွေနဲ့ တုံ့ပြန်သွားမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

“ ကျမတို့ လုပ်မယ်လို့ ပြောထားတဲ့ လုပ်ငန်းတွေ၊ ကျမတို့ လုပ်သင့်တယ်လို့ ခံယူထားတဲ့ လုပ်ငန်းတွေကို တိုးတက်အောင်မြင်ဖို့ ကျမတို့ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ဝေဖန်ချက်တွေ၊ စွပ်စွဲချက်တွေကို စကားနဲ့ တုံ့ပြန် ချေပနေတာထက် လက်တွေ့ လုပ်ဆောင်ချက်တွေ တိုးတက်မှု ရလဒ်တွေနဲ့ ကမ္ဘာကို ပြသသွားဖို့ ကျမတို့ လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ ”

ရခိုင်ပြည်နယ် မြောက်ပိုင်း မူဆလင်တွေ အများစု နေထိုင်တဲ့ ဒေသတွေမှာ လုံခြုံရေး စခန်းတွေ အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက်ပိုင်း စခဲ့တဲ့ ဒေသတွင်း မတည်ငြိမ်မှုတွေကနေ ဒေသခံ သိန်းနဲ့ချီပြီး အိမ်နီးချင်း ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးရတဲ့ ကိစ္စ အပေါ် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရချိန်မှာဘဲ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပဋိပက္ခကို ဖြေရှင်းကိုင်တွယ်သွားမယ့် လုပ်ငန်းစဉ်တွေကို ပြည်သူကို ရှင်းလင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ရခိုင် ပဋိပက္ခကို လုပ်ငန်းစဉ် သုံးခုချမှတ်လုပ်ဆောင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောပါတယ်။

“ ပထမကတော့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ ထိထိရောက်ရောက် ပေးအပ်ရေးနဲ့ ဒုက္ခသည်များ ပြန်လည်လက်ခံရေး ဖြစ်ပါတယ်။ ဒုတိယကတော့ ပြန်လည်နေရာချထားရေးနဲ့ ပြန်လည်ထူထောင်ရေး ဖြစ်ပါတယ်။ တတိယကတော့ ဒေသဖွံ့ဖြိုးရေးနဲ့ ရေရှည် ပဋိပက္ခ ကင်းဝေးရေးတို့ဘဲ ဖြစ်ပါတယ်။ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ထိထိရောက်ရောက် ပေးအပ်နိုင်ဖို့ လက်ရှိ အနေအထားကို ထပ်မံမြှင့်တင်ဖို့ လိုပါတယ်။ ဘင်္ဂလားဒေရှ့် နိုင်ငံကို ရောက်ရှိသွားတဲ့သူတွေ ပြန်လည် လက်ခံဖို့ ဘင်္ဂလားဒေရှ့် အစိုးရနဲ့ ကျမတို့ ညှိနှိုင်းနေပါတယ်။ ”

ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးကြရတဲ့ မြန်မာနိုင်ငံက လူတွေ ပြန်လည် လက်ခံရေး အတွက် ဘင်္ဂလားဒေရှ့် အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်နေပြီး ဒီလူတွေ အပြင် ပဋိပက္ခ ဖြစ်ခဲ့တဲ့ ဒေသတွင်းက လူနည်းစု တိုင်းရင်းသားတွေ၊ ကိုးကွယ်ယုံကြည်မှု အရ လူနည်းစု ဖြစ်နေကြသူတွေကို မူလအခြေအနေထက် ပိုပြီး ကောင်းမွန်တဲ့ အခြေအနေမျိုး၊ ပဋိပက္ခတွေ ရေရှည် ချုပ်ငြိမ်းသွားစေရေးတို့ အတွက်ပါ ဆောင်ရွက်မယ်လို့လည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ကတိပြု ပြောဆိုပါတယ်။

ရခိုင် ပဋိပက္ခကို ဖြေရှင်းရေး အကူအညီတွေ ပေးဖို့ အတွက် နိုင်ငံတကာရဲ့ ကမ်းလှမ်းမှုတွေ၊ ပြည်တွင်း အလှုရှင်တွေနဲ့ ကမ်းလှမ်းမှုတွေကိုလည်း ထည့်သွင်းစဉ်းစား ပူးပေါင်းဆောင်ရွက်သွားဖို့ အတွက် ယန္တရား တရပ် ဖွဲ့စည်းပြီး ကိုယ်တိုင် ဦးဆောင်မယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

“ ဒီယန္တယားကို ရခိုင်ပြည်နယ်တွင်း လူသားချင်း စာနာမှု အကူအညီ အထောက်အပံ့ ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း - Union Enterprise of Humanitarian Assistance, Resettlement and Development in Rakhine လို့ နာမည်ပေးထားပြီး နိုင်ငံတော် အစိုးရနဲ့ အတူ ပြည်တွင်း ပြည်ပ နိုင်ငံ အဖွဲ့အစည်းစုံ ပါဝင်နိုင်မှု၊ ကဏ္ဍစုံ အလွှာစုံ ပါဝင်နိုင်မှု၊ လုပ်ငန်းမျိုးစုံ ဆောင်ရွက်နိုင်မှုတို့ အတွက် ရည်ရွယ်ပြီး ဖွဲ့စည်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ Union Enterprise of Humanitarian Assistance, Resettlement and Development in Rakhineမှာ နိုင်ငံတော် အစိုးရ အနေနဲ့ ကျမ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဥက္ကဌ အဖြစ် တာဝန်ယူမှာ ဖြစ်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဒုတိယ ဥက္က အဖြစ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ”

ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးနိုင်ဖို့၊ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ အတွက် နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းတွေ ပါဝင်ကြဖို့ မြန်မာ အစိုးရက ဖိတ်ခေါ်ထားတာပါ။ ပြည်တွင်း ပြည်ပက မြန်မာနိုင်ငံသားတွေ ၊ မြန်မာပြည်ဖွားတွေလည်း ဝိုင်းဝန်းကူညီကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြီး ဘယ်လို ကူညီနိုင်မလဲ ဆိုတာကိုလည်း ဒီရက်ပိုင်း အတွင်းမှာဘဲ ဖြန့်ဝေသွားမယ်လို့လည်း ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG