ချင်းညီနောင်အဖွဲ့တွေနဲ့ တိုက်ပွဲပြင်းထန်နေတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ထဲက လုမ်သဲကျေးရွာက ပြည်သူ့ဆေးရုံပေါ် စစ်ကောင်စီကဗုံးကြဲတိုက်ခိုက်လို့ ကျန်းမာရေးဝန်ထမ်း ၂ ဦးနဲ့ ဆေးကုသခံနေတဲ့ အရပ်သား ၅ ဦး စုစုပေါင်း ၇ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ချင်းကာကွယ်ရေး တပ်တွေ စုပေါင်းထားတဲ့ ချင်းညီနောင်အဖွဲ့စစ်ဆင်ရေး ထိုးစစ်ဆင်နေတဲ့ ချင်းပြည်နယ် မင်းတပ်နဲ့ ဖလမ်းမြို့မှာလည်း တိုက်ပွဲတွေပိုပြင်းထန်လာနေသလို ဟားခါးနဲ့ ထန်တလန်ဘက်မှာလည်း ချင်းပြည်ကောင်စီပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။ ချင်းပြည်နယ်တွင်း ပြင်းထန်လာနေတဲ့ စစ်ရေးနောက်ဆုံးအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားတာကို မဆုမွန်ကတင်ပြပေးထားပါတယ်။
စစ်ဆင်ရေးတရပ်အနေနဲ့ ချင်းညီနောင်အဖွဲ့ (Chin Brotherhood) ရဲ့ နိုဝင်ဘာ ၉ ရက်နေ့ကတည်းက စတင်လိုက်တဲ့ ချင်းညီနောင်စစ်ဆင်ရေး (Operation CB)မှာ မင်းတပ်မြို့နဲ့ ဖလမ်းမြို့ပေါ်က စစ်ကောင်စီစခန်းတွေကို တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ တိုက်ပွဲတွေမှာ နေ့စဉ်ဆိုသလို နှစ်ဘက် တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။
ချင်းပြည်နယ် မင်းတပ်နဲ့ ဖလမ်းမြို့မှာ ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက် ရှင်းထုတ်နေတဲ့အခြေအနေ ချင်းညီနောင် (The Chin Brotherhood Alliance (CBA))အဖွဲ့ ပြောခွင့်ရှိသူ ဆလိုင်းယောမန်က ဗွီအိုအေကို ပြောပါတယ်။
“ဒီမှာတော့ နေ့စဉ်နဲ့ ရက်တိုင်းရက်တိုင်းပဲ ထိတွေ့မှုတွေ ရှိတယ်။ တိုက်ပွဲတွေ တောက်လျှောက် ဖြစ်နေပါတယ်။ ဒါကမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီ စခန်းတွေကို လိုက်လံတိုက်ခိုက်နေတာ ရှင်းထုတ်နေတာဆိုတော့ တိုက်ပွဲတွေရှိနေလို့ပဲလေကြောင်းတိုက်ခိုက်မှု ရှိနေတာလို့ ပြောလို့ရပါတယ်။ ဘယ်လိုပြောမလဲ။ လေကြောင်းပစ်ကူနဲ့ အသည်းအသန် ခုခံကာကွယ်နေတဲ့ သဘောမျိုးပါ ခင်ဗျ။”
မင်းတပ်မြို့နဲ့ ဖလမ်းမြို့မှာ ဒီနေ့အထိ စစ်ကောင်စီနဲ့ ချင်းညီနောင်ပူးပေါင်းတပ်တို့ကြား တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်လည်း လေကြောင်းကနေ ဗုံးကြဲချ အပြင်းအထန် ခုခံတိုက်ခိုက်နေတယ်လို့ ချင်းညီနောင်အဖွဲ့ကပြောပါတယ်။
မြို့ပေါ်က စစ်ကောင်စီတပ် စခန်းတွေ တခုပြီးတခုသိမ်းယူပြီး တိုက်ပွဲအတွင်းမှာ အောင်မြင်မှုရရှိနေတယ်လို့ ချင်းညီနောင် (CB)အဖွဲ့ ပြောခွင့်ရှိသူ ဆလိုင်းယောမန်က ပြောပါတယ်။
“မြို့တွင်းမှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ မင်းတပ်မြို့ပေါ်က စစ်ကောင်စီစခန်းတွေ တခုပြီးတခု ကျနော်တို့ တိုက်ခိုက်သိမ်းယူနေတယ်။ အောင်ပွဲတွေ ရနေတာရှိတယ်ပေါ့နော်။ ဘယ်လိုမျိုးအောင်ပွဲ ဘယ်လောက်ရတယ်၊ ဘယ်လိုရတယ်ဆိုတာ နောက်ပိုင်းမှာ ကျနော်တို့ ချင်းညီနောင်ရဲ့ တရားဝင် သတင်းထုတ်ပြန်ချက်နဲ့ ထုတ်ပြန်သွားဖို့ ရှိတယ်ပေါ့နော်။ ဒီမြေပြင်တိုက်ပွဲရော လေကြောင်းတိုက်ခိုက် မှုတွေရော သတင်းအသေးစိတ်ကို နောက်ကျမှ ထုတ်ပြန်ဖို့တော့ ရှိပါတယ်ခင်ဗျ။”
မင်းတပ်၊ ဖလမ်းနဲ့ ဟားခါးမြို့နယ်ကို အဓိက စစ်ကောင်စီဘက်က အပြင်းအထန် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပြီး တိုက်ပွဲဖြစ်ပွားတဲ့နေရာတင်မက တိုက်ပွဲမရှိတဲ့ ကျေးရွာတွေပါ စစ်ကောင်စီက နေ့စဉ်ဆိုသလို ဗုံးကြဲတိုက်ခိုက်နေတာလို့ Khonumthung ချင်းသတင်းဌာန အယ်ဒီတာ ကိုရောဘတ် ကလည်း ဗွီအိုအေကိုပြောပြပါတယ်။
“အခုလက်ရှိကတော့ ချင်းပြည်နယ်မှာ မြို့သုံးမြို့ပေါ့နော်၊ အဓိကစစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု အကြီးအကျယ်လုပ်နေတာပေါ့နော်၊ မင်းတပ်ရယ်၊ ဖလမ်းရယ်၊ ဟားခါးနဲ့ထန်တလန် ကြားပေါ့နော်၊ အဲဒီဒေသသုံးနေရာကို အဓိက လေကြောင်းတိုက်ခိုက်မှုလုပ်တာပေါ့နော်။ ဆိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်ကနေစပြီးတော့ ဖလမ်းဘက်မှာတော့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်လာတယ်။ အဲဒီမှာ ဗားကျေးရွာကို သူတို့ ဗုံးကြဲတယ်။ လေကြောင်းကနေဗုံးကြဲပြီးတော့ ဘာသာရေးအဆောက်အအုံနဲ့ နေအိမ်ငါးလုံးလောက် ပျက်စီးသွားတာပေါ့နော်၊ အဲဒီအပြင်ကို ဗားကျေးရွာမှာရှိတဲ့ ရေအားလျှပ်စစ်စက်ရုံ- အဲဒါလည်း ဗုံးကြဲခံရလို့ ပျက်စီးသွားတာပေါ့နော်၊ ဆိုတော့ နောက်တနေ့ ၂၆ ရက်နေ့ပေါ့နော်။ နိုဝင်ဘာ ၂၆ ရက်နေ့မှာ ဖလမ်းမြို့နယ်ထဲမှာပဲ မြို့ကနေ မိုင် ၂၀ လောက်ကွာတဲ့ လုမ်သဲရွာရဲ့ ကျန်းမာရေးဌာန ဆေးပေးခန်းကို စစ်ကောင်စီကနေ ထပ်ပြီးတော့ ဗုံးကြဲတယ်၊ အဲဒီမှာ ကျန်းမာရေးဝန်ထမ်းနှစ်ယောက်ရယ်၊ ပြီးတော့ ဆေးကုသမှုခံယူနေတဲ့ အရပ်သားပြည်သူ ငါးယောက်ပေါ့နော်၊ အားလုံး စုစုပေါင်း ၇ ယောက် သေဆုံးခဲ့တာပေါ့နော်။ အဲဒိအပြင်ကို အဆောက်အအုံတွေ၊ နေအိမ်တွေ ၆ လုံးလောက် ပျက်စီးခဲ့တာပေါ့နော်။"
တိုက်ပွဲမရှိဘဲ နိုဝင်ဘာ ၂၅ ရက်နေ့က ဖလမ်းမြို့နယ်က ဗားကျေးရွာ၊ ၂၆ ရက်နေ့မှာ လုမ်သဲကျေးရွာ ပြည်သူ့ဆေးရုံနဲ့နိုဝင်ဘာ ၂၇ ရက်နေ့မှာတော့ ကျဲရ်မွန်ကျေးရွာတို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
နိုဝင်ဘာ ၂၆ ရက်နေ့က ဖလမ်းမြို့ကနေ မိုင် ၂၀ လောက်ဝေးတဲ့ လုမ်သဲကျေးရွာက ပြည်သူ့ဆေးရုံကို လေကြောင်းကနေ ဗုံးကြဲချလို့ ကျန်းမာရေး ဝန်ထမ်း ၂ ဦးနဲ့ ဆေးကုသမှု ခံယူနေတဲ့ အရပ်သား ၅ဦး စုစုပေါင်း ၇ဦး သေဆုံးပြီး ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Khonumthung ချင်းသတင်းဌာန အယ်ဒီတာ ကိုရောဘတ်က ပြောပါတယ်။
ဟားခါးမြို့နဲ့ ထန်တလန်မြို့ကြားရှိ စစ်ကောင်စီတပ်စခန်းတွေကို ချင်းပြည်ကောင်စီပူးပေါင်းတပ်က စခန်းသိမ်းတိုက်ပွဲဖော်ဆောင်နေပြီး ချင်းပြည်အစိုးရပူးပေါင်းတပ်များက နိုဝင်ဘာလ ၂၂ ရက်က စတင်၍ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၂၈ ရက်နေ့မှာတော့ ဟားခါးနဲ့ ထန်တလန်မြို့ကြားမှာ အကြိမ် ၅၀ ထက်မနည်း ဗုံးကြဲချခဲ့တယ်လို့Khonumthung ချင်းသတင်းဌာန အယ်ဒီတာ ကိုရောဘတ်က ပြောပါတယ်။
“ထန်တလန်ကြားကိုပဲ စစ်ကောင်စီက အကြိမ်ပေါင်း ၅၀ လောက်ပေါ့နော်၊ လေကြောင်းကနေ တိုက်ခိုက်တာကို ကျနော်တို့တွေ့ရတယ်ပေါ့နော်။ ဒီရက်ပိုင်းကတော့ စစ်ကောင်စီက ကျနော်တို့ သိသလောက်ဆိုရင် မြေပြင်မှာ အထိနာနေတယ်၊ဖလမ်းနဲ့ မင်းတပ်မှာ မြို့သိမ်းစစ်ဆင်ရေး ချင်းညီနောင်အဖွဲ့တွေက ဖော်ဆောင်နေတယ်။ ဆိုတော့ ဟားခါး-ထန်တလန်ကြားမှာလည်း Chinland Council ဘက်ကနေ စစ်ဆင်းရေးဖော်ဆောင်နေတယ်ပေါ့နော်၊ ဆိုတော့ အဲ့ဒီမှာ စစ်ကောင်စီ အထိနာနေတာ။ အဲ့ဒါကြောင့် စစ်ကောင်စီက လေကြောင်းကနေ ပိုပြီးတော့ တိုက်ခိုက်လာတာကို ကျနော်တို့တွေ့ရတယ်ပေါ့နော်။ အဲ့ဒါကြောင့် စစ်ကောင်စီက လေကြောင်းကနေ ပိုပြီးတော့ တိုက်ခိုက်လာတာ ကျနော်တို့တွေ့ရတယ်ပေါ့နော်။”
လုမ်သဲကျေးရွာက ပြည်သူ့ဆေးရုံဗုံးကြဲချခံရပြီး အပြစ်မဲ့ အရပ်သားတွေ သေဆုံးရတာနဲ့ ပတ်သက်လို့ ဝမ်းနည်းကြောင်း၊ အခုလို အပြစ်မဲ့ပြည်သူတွေ အားထားတဲ့ပြည်သူ့ဆေးရုံကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ပြီး စစ်ရာဇဝတ်ကျူးလွန်မှုကို ပြင်းထန်စွာ ရှုတ်ချတယ်လို့ ချင်းပြည် (Chinland) အစိုးရက နိုဝင်ဘာ ၂၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဟာ နိုင်ငံတကာဥပဒေများကို ချိုးဖောက်ပြီး အပြစ်မဲ့ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို နေ့စဉ်နဲ့အမျှ ခြိမ်းခြောက်တဲ့အပြင် လူမျိုးတုံးသတ်ဖြတ်မှုတွေကို ရက်စက်စွာ ကျူးလွန်နေတယ်လို့ ပြောဆိုထားပါတယ်။ချင်းပြည်နယ်တွင်းက တိုက်ပွဲတွေအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရှိသူ အတွင်းရေးမှူး ဦးအောင်ချိုကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိသေးသလို စစ်ကောင်စီဘက်ကလည်း တစုံတရာထုတ်ပြန်မရှိသေးပါဘူး။
Your browser doesn’t support HTML5