ထိုင်ဝမ်ကျွန်းပတ်လည် အင်အားအပြည့်နဲ့ တရုတ်စစ်ရေးလေ့ကျင့်

ထိုင်ဝမ်ကျွန်းအနီး တရုတ် စစ်သင်္ဘောရောက်ရှိနေကြောင်း ထိုင်ဝမ်ကမ်းစောင့်တပ်က ထုတ်ပြန်သည့် မှတ်တမ်းပုံ (မေ ၂၄၊ ၂၀၂၄)

ထိုင်ဝမ်နဲ့ အပြည့်အဝ ပြန်လည် မပေါင်းစည်းနိုင်သေးသ၍ တရုတ်ဘက်က တန်ပြန်ဆောင်ရွက်မှုတွေ တိုးမြှင့် လုပ်ဆောင် သွားမယ်လို့ တရုတ်အစိုးရက ဒီကနေ့ သောကြာနေ့မှာ ထပ်မံ သတိပေးလိုက်ပါတယ်။ ထိုင်ဝမ် အရှေ့ပိုင်း၊ တောင်ပိုင်းနဲ့ မြောက်ပိုင်း ထိုင်ဝမ်ကျွန်းဆွယ်အပြင် တရုတ်ပြည်မကြီးနဲ့ ကပ်နေတဲ့ Kinmen နဲ့ Matsu ကျွန်းတွေနားမှာ စစ်သင်္ဘောတွေ၊ တိုက်လေယာဥ်တွေပါ ပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှုတွေကို တရုတ်စစ်တပ်က လုပ်နေတာပါ။

ထိုင်ဝမ်မှာ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပြီး ရက်ပိုင်းအတွင်းမှာပဲ စစ်ရေး လေ့ကျင့်မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပြီး ဒါဟာ ထိုင်ဝမ်ကို သိမ်းပိုက်ဖို့ တရုတ်ရဲ့ စစ်ရေးစွမ်းရည်ကို စမ်းသပ်တာ ဖြစ်တယ်လို့လည်း တရုတ်က ပြောပါတယ်။ ထိုင်ဝမ်ကျွန်းတဝိုက်မှာ စစ်လေယာဥ်တွေနဲ့ စစ်သင်္ဘောတွေ လှည့်လည်ပြီး ၂ ရက်ကြာ စစ်ရေး လေ့ကျင့်မှုတွေကိုတော့ မနေ့ ကြာသပတေးနေ့က စတင်ခဲ့တာပါ။

လွန်ခဲ့တဲ့ မေလ ၂၀ ရက်နေ့က ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့ ထိုင်ဝမ် သမ္မတသစ် Lai Ching-te ဟာ ကိုယ့်တနယ်တည်းသားတွေကို စစ်ပွဲနဲ့ အန္တရာယ် ကျရောက်တဲ့ အခြေအနေဖြစ်အောင် တွန်းပို့နေပြီး တရုတ်ရဲ့ တပြည်ထောင်မူကို အကြီးအကျယ် စိန်ခေါ်နေတယ်လို့ တရုတ် ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ Wu Qian က ဒီကနေ့ ပြောပါတယ်။

ထိုင်ဝမ်က သီးခြားခွဲထွက်တဲ့လုပ်ရပ်တွေနဲ့ ရန်စလာတိုင်း တရုတ်ဘက်က တဆင့်တိုး တန်ပြန်သွားမှာ ဖြစ်ပြီး ပြန်လည် ပေါင်းစည်းရေး မပြီးမြောက်မချင်း အဲ့ဒီလို လုပ်သွားမယ်လို့လည်း ကာကွယ်ရေးဌာန ပြောခွင့်ရက ပြောဆို သွားပါတယ်။ တရုတ်ဟာ ဒီကနေ့ စစ်ရေး လေ့ကျင့်မှုတွေ အပါအဝင် ပြီးခဲ့တဲ့ နှစ်ပိုင်းတွေကစလို့ ထိုင်ဝမ်ကျွန်းအနီးမှာ ကြီးမားတဲ့ စစ်ရေး လေ့ကျင့်မှုကြီးတွေ ဆက်တိုက် လုပ်ဆောင်လာနေတာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ထိုင်ဝမ်ကျွန်းပတ်လည် အင်အားအပြည့်နဲ့ တရုတ်စစ်ရေးလေ့ကျင့်