တောင်တရုတ်ပင်လယ်အရေး အင်ဒိုနီးရှားနဲ့ လက်တွဲဆောင်ရွက်လိုကြောင်း တရုတ်ပြောကြား

တရုတ်နိုင်ငံ ပေကျင်းမြို့တော် တရုတ်နိုင်ငံခြားရေးဌာန သတင်းစာရှင်းလင်းပွဲတခုအတွင်းတွေ့ရတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Lin Jian (အောက်တိုဘာ ၂၁၊ ၂၀၂၄)

တောင်တရုတ်ပင်လယ် ရေပိုက်နက်အရေး တရုတ်နဲ့အင်ဒိုနီးရှား နှစ်နိုင်ငံ သဘောတူညီချက်တွေကို အကောင်အထည်ဖေါ်နိုင်အောင် ပူးပေါင်းလုပ်ဆောင်ဖို့ ဆန္ဒရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံရဲ့ အချုပ်အခြာနဲ့ အခွင့်အရေးတွေဟာ သမိုင်းကြောင်း အရရော ဥပဒေအရပါ သမိုင်းနဲ့ချီတည်ရှိခဲ့တာလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခွင့်ရ Lin Jian က ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။ နိုဝင်ဘာလ ၉ ရက်၊ စနေနေ့က အင်ဒိုနီးရှား သမ္မတ Prabowo Subianto ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံသဘောတူညီချက် အရေးကြီးတဲ့ အချက်တွေဆိုပြီး ပူးတွဲ ကြေညာချက်ထုတ်ပြန်ပါတယ်။

ရေပိုက်နက်အငြင်းပွားနေတဲ့နေရာတွေမှာ၊ သူပိုင်ကိုယ်ပိုင်ထပ်နေတဲ့ နေရာတွေမှာ ဖွံ့ဖြိုးရေးအတွက် ပူးတွဲလုပ်ဆောင်ဖို့ နှစ်နိုင်ငံသဘောတူတဲ့အကြောင်း ကြေညာချက်မှာဖေါ်ပြပါတယ်။ ဒါပေမဲ့လည်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဒီလို ကြေညာချက်ထုတ်ပေမဲ့ တရုတ်နိုင်ငံဘက်က သူပိုင်အဖြစ်ပြောနေတဲ့ မျဉ်းကိုးလိုင်းသတ်မှတ်ချက်ကို အသိအမှတ်မပြုဘူးလို့ ငြင်းဆိုထားပါတယ်။

တောင်တရုတ်ပင်လယ်အတွင်း ရေပိုက်နက် အငြင်းပွားမှုတွေနဲ ပတ်သက်လို့ ဒေသတွင်းနိုင်ငံတွေ အထူးသဖြင့် ဖိလစ်ပိုင်နိုင်ငံနဲ့ တင်းမာမှုတွေတိုးလာနေချိန် အင်ဒီနီးရှားနဲ့တရုတ် နှစ်နိုင်ငံကြေညာချက် ထုတ်ပြန်တာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ တောင်တရုတ်ပင်လယ်အတွင်း ရေပိုင်နက်အခွင့်အရေး ဥပဒေ ၂ ရ ပ်ကို ဖိလစ်ပိုင်နိုင်ငံကပြဌာန်းလိုက်တဲ့အတွက် တရုတ်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီးကို ဆင့်ခေါ်ပြီး တရုတ်နိုင်ငံက ကန့်ကွက်ခဲ့ပါတယ်။

Your browser doesn’t support HTML5

တောင်တရုတ်ပင်လယ်အရေး အင်ဒိုနီးရှားနဲ့ လက်တွဲဆောင်ရွက်လိုကြောင်း တရုတ်ပြောကြား