အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ Interpol ဥက္ကဋ္ဌဟောင်း Meng Hongwei ကို အာဏာအလွဲသုံးစားလုပ်မှု၊ အဂတိလိုက်စားမှုတို့နဲ့ တရုတ်အစိုးရက တရားဝင်စွဲချက်တင်လိုက်ပါတယ်။
အများပြည်သူလုံခြုံရေးဒုဝန်ကြီး တရုတ်ကမ်းခြေစောင့်တပ်အကြီးအကဲ တာဝန်တွေယူခဲ့စဉ်က Meng Hongwei အာဏာအလွဲသုံးစားလုပ်ခဲ့တယ်လို့ နိုင်ငံအရှေ့မြောက်ပိုင်း Tianjin မြို့အစိုးရရှေ့နေရုံးက ဒီကနေ့ ကြေညာခဲ့ပါတယ်။
ပြင်သစ်နိုင်ငံမှာ နေထိုင်နေတဲ့ Meng Hongwei ရဲ့ဇနီးကတော့ ဒီစွပ်စွဲချက်တွေကို ပယ်ချလိုက်ပြီး နိုင်ငံရေးကြောင့် သူ့ခင်ပွန်းကိုဖမ်းဆီးတာလို့ ပြောကြားခဲ့ပါတယ်။ Interpol ရဲ့ဥက္ကဋ္ဌအဖြစ် သူ ၂၀၁၆ ခုနှစ်မှာ ရွေးကောက်ခံခဲ့ရတာပါ။
Interpol ရုံးချုပ်ရှိတဲ့ ပြင်သစ်ကနေ တရုတ်နိုင်ငံကို ပြန်လာစဉ် ၂၀၁၈ စက်တင်ဘာလမှာ သူဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ သူ့ကိုဖမ်းဆီးတဲ့အကြောင်း Interpol ကိုတရုတ်အစိုးရက အသိမပေးတဲ့အတွက် Meng Hongwei ဘယ်ရောက်နေသလဲဆိုတာ အသိပေးဖို့ တရုတ်အစိုးရကို Interpol က တရားဝင်တောင်းဆိုခဲ့ရပါတယ်။
လာဘ်ပေးတာကိုလက်ခံတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သူ့ကို ဖမ်းဆီးခဲ့ကြောင်းနဲ့ Interpol ဥက္ကဋ္ဌရာထူးကနေ နုတ်ထွက်တယ်လို့ တရုတ်အစိုးရက နောင်မှာ ကြေညာခဲ့ပါတယ်။
Your browser doesn’t support HTML5