တရုတ်တင်ပို့ကုန်တွေအပေါ် အမေရိကန်ဘက်က နောက်ထပ်အခွန်တိုးမြှင့်ကောက်ခံမယ့် ရက်မတိုင်ခင် တရက်အလိုမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က တရုတ်နဲ့ ဘယ်ကုန်သွယ်ရေးစစ်ပွဲကိုပဲ နွှဲနွဲ အမေရိကန်က အနိုင်ရမှာ ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။
အခုလို အမေရိကန်ဘက်က လုပ်ဆောင်တာဟာ တရုတ်ကို နောင်မှာ တခြားသူရဲ့ ဉာဏပစ္စည်း မူပိုင်ခွင့်တွေကို ခိုးမယူအောင် အရေးယူတာဖြစ်ပြီး တကယ်လို့ တရုတ်ဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံ တနိုင်ငံဖြစ်ချင်ရင် ဒါမျိုးမလုပ်သင့်ဘူး ဆိုတဲ့ အသိကို ပေးဖို့ ဖြစ်ကြောင်း ဝန်ကြီး Pompeo က တနင်္ဂနွေနေ့မှာ Fox သတင်းဌာနကို ပြောပါတယ်။
အခုလို တရုတ်ကုန်ပစ္စည်းတွေအပေါ် အခွန်တိုးကောက်ခံတာဟာ တရုတ်နဲ့ အမေရိကန်တို့ရဲ့ ကုန်သွယ်ရေး ပိုမိုကောင်းမွန်လာအောင် လုပ်ဆောင်မှုတရပ် ဖြစ်ကြောင်း Trump အစိုးရအဖွဲ့က ခုခံပြောဆိုနေတာပါ။
အမေရိကန်နဲ့ ကုန်သွယ်ရေးမှာ ဆိုင်ဘာခိုးယူမှုတွေ အဆုံးသတ်ဖို့အပါအဝင် အမေရိကန်တွေရဲ့ ဉာဏပစ္စည်း မူပိုင်ခွင့်တွေကို တရုတ်က ပိုပြီး အကာကွယ်ပေးဖို့ အမေရိကန်ဘက်က တောင်းဆိုထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်ဈေးကွက်ကို အမေရိကန်ကုမ္ပဏီတွေ ပိုလက်လှမ်းမီရေး ခွင့်ပြုဖို့နဲ့ ကုန်သွယ်ရေးပိုငွေပြမှု လျှော့ချဖို့ တရုတ်ကို Trump အစိုးရအဖွဲ့က တောင်းဆိုထားပါတယ်။
နောက်ထပ် အမေရိကန်ဒေါ်လာ ဘီလျံ ၂၀၀ တန်ဖိုးရှိတဲ့ တရုတ်ကုန်ပစ္စည်း တွေအပေါ် အခွန်ကောက်ခံဖို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ အမေရိကန်က အမိန့်ထုတ်ခဲ့ပြီး ဒါဟာ စက်တင်ဘာလ ၂၄ ရက် တနင်္လာနေ့မှာ စတင်သက်ရောက်မှာ ဖြစ်ပါတယ်။ တရုတ်ဘက်ကလည်း အမေရိကန်ကုန်ပစ္စည်း နောက်ထပ် ဘီလျံ ၆၀ ဖိုး အတွက် အခွန်ထပ်ကောက်ပြီး တုံ့ပြန်ပါတယ်။
Your browser doesn’t support HTML5