မြန်မာနိုင်ငံငြိမ်းချမ်းရေး အထူးသဖြင့် တရုတ်နိုင်ငံနဲ့ နယ်စပ်ဒေသတွေမှာ တည်ငြိမ်ရေး အစွမ်းကုန် အားပေးမယ်လို့တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက ပြောဆိုလိုက်ပါတယ်။
"အိမ်နီးချင်းကောင်းပီသစွာ မြန်မာနိုင်ငံနဲ့ မြောက်ပိုင်းဒေသအခြေအနေတွေနဲ့ ပတ်သက်လို့ အထူး စိုးရိမ်ပြီး နိုင်ငံတွင်းစစ်ပွဲတွေဖြစ်ပွားတာကို အခိုင်အမာဆန့်ကျင်ပါတယ်။ မြန်မာနိုင်ငံမှာ အခြေအနေတွေ အမြန်ဆုံး ပုံမှန်အတိုင်း ပြန်ပြီးအေးဆေးတည်ငြိမ်လာဖို့ မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်းက ပဋိပက္ခတွေ ချုပ်ငြိမ်းသွားအောင် သက်ဆိုင်သူတွေအားလုံးအနေနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့နဲ့ အခြေအနေတွေ အေးဆေးတည်ငြိမ်လာအောင် ပူးပေါင်း ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းပါတယ်။ ဒါအပြင် ဒေသတွင်း ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်တဲ့ လုပ်ငန်းစဉ်ကိုလည်း တရုတ်နိုင်ငံက အစွမ်းကုန် အားပေးကူညီမှာပါ။" လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Mao Ning (မောနင်)က ဒီကနေ့ ပေကျင်းမြို့တော် ပုံမှန်သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားတာပါ။
မြန်မာပြည်မြောက်ပိုင်းမှာ စစ်ကောင်စီနဲ့ အပြင်းအထန် တိုက်ခိုက်နေတဲ့ ညီနောင် ၃ ဖွဲ့ထဲက TNLA တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က အပစ်အခတ်ရပ်စဲရေး စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့အသင့်ရှိကြောင်း မနေ့ကကြေညာချက်ထုတ်ပြန်အပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အခုလို ပြောလာတာပါ။
တရုတ်နိုင်ငံနဲ့ နယ်စပ်အနီး အခြေစိုက်လှုပ်ရှားနေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို စစ်ကောင်စီနဲ့ငြိမ်းချမ်းရေး ဆွေးနွေးဖို့ တရုတ်နိုင်ငံက ဖိအားပေးနေတဲ့ သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ TNLA ရဲ့ ထုတ်ပြန်ချက်ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ TNLA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေအတွင်း စစ်ရေးနဲ့ ကုန်သွယ်ရေးအတွက် အဓိကကျတဲ့ မြို့တွေ အပါအဝင် နယ်မြေအတော်များများကိုလည်း မကြာသေးခင် လတွေကစ စစ်ကောင်စီက လက်လွတ်ဆုံးရှုံးခဲ့ရတာပါ။ တရုတ်နိုင်ငံကို အဓိကတင်ပို့နေတဲ့ မြေရှားသတ္ထုတူးဖော်ရေးလုပ်ငန်းတွေရှိရာ နေရာတွေအပါအဝင် နယ်စပ်ဒေသက နယ်မြေအများအပြားကိုလည်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) က မကြာသေးခင်ကပဲ ထိန်းချုပ်ထားပါတယ်။
Your browser doesn’t support HTML5