စစ်ကောင်စီထိန်းချုပ်ထားတဲ့ တရုတ်−မြန်မာနယ်စပ် မူဆယ်မြို့က ဒေသခံတွေအတွက် တနိုင်တပိုင် အစားအသောက်သယ်ယူခွင့်ကို တရုတ်က ဒီဇင်ဘာလ ၁ရက်ကစလို့ ပြန်ပြီးခွင့်ပြုလိုက်ပါတယ်။ ဒီအစီအစဉ်ကို စစ်ကောင်စီနဲ့ တရုတ်ရွှေလီမြို့ ပြည်သူ့အစိုးရဂိတ်ဆိုင်ရာ ရုံးခန်း တာဝန်ရှိသူတွေ ညှိနှိုင်းလုပ်ကြတယ်ဆိုပေမဲ့ တရုတ်က ဝင်လာတဲ့ပစ္စည်းတွေကို မြန်မာဘက်အခြမ်းမှာ မနေ့က ဝင်လာတဲ့ ပစ္စည်းတွေကို ဖမ်းဆီးစစ်ဆေးသိမ်းဆည်းခဲ့ပါတယ်။ တရုတ်−မြန်မာနယ်စပ်က ကုန်စည်သယ်ယူခွင့်အခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်နယ်စပ်ဂိတ်ကနေ မီးဖိုချောင်သီးနှံနဲ့ အသားငါးတွေ တနိုင်တပိုင်သယ်ယူခွင့်ကို တရုတ်ရွှေလီမြို့က တာဝန်ရှိသူတွေက မနေ့က တနင်္ဂနွေနေ့ ဒီဇင်ဘာလ ၁ရက်ကစလို့ ပြန်ပြီး ခွင့်ပြုပေးလိုက်ပါတယ်။ စစ်ကောင်စီနဲ့ ရွှေလီမြို့က တာဝန်ရှိသူတွေ ညှိနှိုင်းပြီး ပြန်ဖွင့်ပေးလိုက်တယ်ဆိုပေမဲ့ တရုတ်ဘက်က သွင်းလာတဲ့ ပစ္စည်းမှန်သမျှကို မြန်မာဘက်မှာ ပြန်စစ်ပြီး တချို့ပစ္စည်းတွေကို အပြီးသိမ်းဆည်းတာတွေ ရှိနေတယ်လို့ မူဆယ်ဒေသခံတဦးက အခုလိုပြောပါတယ်။
"ပြန်ဖွင့်တယ်သာပြောတာ မနေ့ကထွက်လာတဲ့ စားသောက်ကုန်တွေကြ အကုန်လုံး မြန်မာလက်က ချခိုင်းထားတာပေါ့၊ သူကဖမ်းလိုက်တာ။ ပြီးတော့ ညနေလောက်ကြမှ ပြန်ပြီးတော့ ကိုယ့်ပစ္စည်း ပြန်လာယူခိုင်းတာပေါ့။ ဘတ်လေး(ငွေ) နည်းနည်းရိုက်ပြီး ပြန်လာယူခိုင်းတာပေါ့။ စားသောက်ကုန်ရတယ် ကျန်တာမရဘူး။ အလှကုန်ပါမယ်၊ စက်ပစ္စည်းပါမယ်၊ အထည်တွေပါမယ်၊ နောက် အွန်လိုင်းပစ္စည်းတွေလေ အဲဒါတွေကြ အပြီးဖမ်းပြီး ရုံးထဲထည့်လိုက်တာ။ ပြီးမှ ဘယ်နှရက်နေ့ ပြန်လာခဲ့ဆိုပြီး ဒဏ်ရိုက်ပြီး ပြန်ပေးချင်ပေးမယ် မဟုတ်ရင်လည်း အပြီးသိမ်းရင်လည်းသိမ်းမယ် အဲလိုမျိုးတွေ လုပ်နေတာ။"
တရုတ်−မြန်မာ နှစ်နိုင်ငံ နှစ်ဘက်ထုတ်ပြန်ချက်မှာတော့ တရက်ကို ကားအစီးရေ ၅၀၊ ဆိုင်ကယ်အစီးရေ ၂၀၀ ဝင်ထွက်ခွင့်ပေးမယ်လို့ ရေးသားထားပါတယ်။ မနေ့ ဒီဇင်ဘာလ ၁ရက်က တရုတ်ဘက်ကဝင်လာတဲ့ ဆိုင်ကယ်တွေက နိုဝင်ဘာ ၃၀ရက်မတိုင်ခင်ကတည်းက ဝင်ဖို့စောင့်နေတဲ့သူတွေ ဖြစ်ပါတယ်။ အခုတရုတ်ဘက်အခြမ်းမှာ ကားနဲ့ဆိုင်ကယ် အစီးရေ ရာချီတန်းစီနေပြီး မြန်မာဘက်ဝင်ဖို့ စောင့်ဆိုင်းနေကြောင်း ဒေသခံတဦးကပြောပါတယ်။ သူတို့ထဲက အများစုက နိုဝင်ဘာလ ၃၀ရက်ကတည်းက မြန်မာဘက်ဝင်ဖို့ မဲနှိုက်ထားသူတွေ ဖြစ်ပါတယ်။ တရုတ်ဘက်ကနေ မြန်မာဘက်ကို ဝင်ခွင့်ပေးတဲ့ ကားစီးရေ ရာချီရှိနေတဲ့အခြေအနေကို ဒေသခံက ပြောပြတယ်။
"တရုတ်ကလည်း လွှတ်ပေးလိုက်တယ်ဆိုတာ တရက်ကို ကားအစီး၅၀ပဲ လွှတ်ပေးတယ်၊ ပြီးရင် အဝင်ဆိုရင်လည်း အစီး၅၀ပဲ အဝင်ခံတယ် အဲလိုမျိုးဖြစ်နေတယ်။ ဆိုင်ကယ်က လောလောဆယ် ဟိုဘက်(တရုတ်မှာ) အဲဒီအမိန့် မထုတ်ခင်ကတည်းက တန်းထားတဲ့ဆိုင်ကယ်တွေက များနေတဲ့အခါကြတော့ ဒီရက်ပိုင်းတော့ (တရုတ်ကို) အဝင်မရှိသေးဘူး၊ (မြန်မာဘက်) အထွက်တွေပဲရှိနေတာပေါ့။ တရက်အစီး ၅၀ဆိုတော့ တန်းထားတဲ့ကားတွေက အများကြီးပဲ။ ကျနော်ထင်တာ အစီး၅၀၀၊ ၁၀၀၀လောက် ရှိမယ်ထင်တယ်။ အစီး၅၀သတ်မှတ်တော့ အကုန်လုံးရွာလည်နေတာ။ ပြီးတော့ လိုင်စင်ကားတွေပဲဆိုတော့ ပိုဆိုးသွားတာပေါ့။ အဲဒီကားတွေ ကုန်မှပဲ (မြန်မာဘက်က) ဒီကားတွေ ပေးဝင်မယ်တူတယ်။"
တရုတ်−မြန်မာ မူဆယ်မြို့မှာ မန်ဝိန်းဂိတ်၊ နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်ဆိုပြီး သုံးခုရှိပေမဲ့ ကုန်စည်ပို့ဆောင်ရေးမှာ အဓိကအသုံးပြုတဲ့ မန်ဝိန်းဂိတ်ကို ပိတ်ထားတုန်း ဖြစ်ပါတယ်။ လက်ရှိမှာ ဆင်ဖြူဂိတ်ကို ကုန်တင်ကားလေးနဲ့ ဆိုင်ကယ်တွေကို တနိုင်တပိုင်သယ်ဖို့ ပြန်ပြီး ဖွင့်ပေးထားတာပါ။ နန်းတော်ဂိတ်ကိုတော့ လူအဝင်အထွက် အတွက်ပဲ ဖွင့်ပေးထားတာ ဖြစ်ပါတယ်။
တရုတ်ကနေ စက်သုံးဆီသယ်ယူတာတွေကို စစ်ကောင်စီက တားမြစ်ထားပါတယ်။ မူဆယ်မြို့က စက်သုံးဆီဆိုင်တွေမှာ ဓာတ်ဆီတလီတာကို ကျပ်၁၀,၀၀၀ ကျော် ပေးဝယ်နေရသလို ကချင်ပြည်နယ်မှာလည်း တရုတ်နယ်စပ်တွေပိတ်ထားလို့ ဒီလိုပဲ စျေးကြီးပေးဝယ်နေရပါတယ်။ ဒီနေ့ ဒီဇင်ဘာလ၂ရက်ကစပြီး မူဆယ်မြို့မှာ လိုင်စင်ကားတွေကို စက်သုံးစီစာအုပ်နဲ့ ဆီဝယ်လို့ရအောင် လုပ်ပေးမယ်လို့ စစ်ကောင်စီဘက်က ကြေညာထားပေမဲ့ မရသေးကြောင်း ဒေသခံတချို့က ဗွီအိုအေကို ပြောပြခဲ့တာဖြစ်ပါတယ်။