စနေ့နေ့မှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တွေ့ဆုံဖို့ ရှိနေချိန်မှာပဲ တရုတ် သမ္မတ ရှီကျင့်ဖျင်က ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး စနစ် အကျိုးရှိရှိ ကောင်းမွန်စွာ လည်ပတ်နိုင်ဖို့ အတွက် တကိုယ်တော် တဘက်သတ်ဝါဒ (Unilateralism) နဲ့ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒ (Protectionism) တွေကို ပယ်ချဖို့ လိုအပ်ကြောင်း သောကြာနေ့မှာ ပြောလိုက်ပါတယ်။ ပီရူးနိုင်ငံ လီမာမြို့တော်မှာ ကျင်းပတဲ့ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး (APEC) ထိပ်သီးအစည်းအဝေး အတွင်း ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒ အပေါ် ဝေဖန်တဲ့ ရှီ ရဲ့ စကားတွေဟာ အမေရိကန်သမ္မတအဖြစ် တကျော့ပြန်လာတော့မယ့် ဒေါ်နယ်ထရန့် နဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံအနေနဲ့ ဘယ်လို ရပ်တည်မလဲ ဆိုတာ အပေါ် အကြိုသုံးသပ်ချက်ပေးတာလို့လည်း ရှုမြင်ထားကြပါတယ်။
ထရမ့်က တရုတ်သွင်းကုန်တွေ အပေါ် အခွန် ၆၀% စည်းကြပ်မယ်လို့ ကတိပြုထားတာပါ။ ဒါပေမယ့် တရုတ်အစိုးရနဲ့ ကုမ္ပဏီတွေကတော့ ထရမ့်ရဲ့ ကိုယ်ကျိုးစီးပွား ကာအကွယ်ပေးရေး မူဝါဒတွေက ဥရောပနဲ့ အာရှက အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေကိုလည်း ထိခိုက်နိုင်တာကိုလည်း မျှော်လင့်နေတာပါ။
လက်ရှိ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်ကတော့ APEC စီးပွားရေး ထိပ်သီးအစည်းအဝေးမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ သမ္မတ ဂျိုးဘိုင်ဒန်ဟာ တောင်ကိုရီးယား သမ္မတ ယွန်ဆတ်ယိုး (Yoon Suk Yeol) နဲ့ ဂျပန်ဝန်ကြီးချုပ် ရှီဂဲရု အီရှီဘ (Shigeru Ishiba) တို့နဲ့ သောကြာနေ့မှာ တွေ့ဆုံ အပြီးမှာ တရုတ် ခေါင်းဆောင်နဲ့ စနေနေ့မှာ တွေ့ဆုံမှာပါ။ သမ္မတဘိုင်ဒင်က ရွေးကောက်ခံသမ္မတ ထရမ့်ကို အာဏာလွှဲပြောင်းပေးချိန်မှာ ထိပ်တန်း စိုးရိမ်စရာ ကိစ္စကတော့ တရုတ်နဲ့ ပြိုင်ဆိုင်မှု ဖြစ်တယ်လို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan က ပြောပါတယ်။
အမေရိကန်နဲ့ တရုတ် ခေါင်းဆောင်နှစ်ဦးရဲ့ အခုတွေ့ဆုံမှုဟာ “အမေရိကန်နဲ့ တရုတ်ကြား အရေးပါတဲ့ အခိုက်အတန့်” မှာ တွေ့ဆုံကြတာဖြစ်သလို အမေရိကန် ပြည်ထောင်စုအတွင်း “အာဏာ အကူးအပြောင်း ဖြစ်မယ့် လာမယ့် နှစ်လအတွင်း ပြဿနာတစုံတရာ မကြုံရကြောင်း သေချာစေမယ့်” အချိန်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။