ရခိုင်ပြည်နယ်မြောက်ပိုင်းက တိမ်းရှောင်သွားသူတွေရဲ့ အရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံ အာရှရေးရာ အထူး သံတမန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ဆွေးနွေးခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဒုက္ခသည်အရေးမှာ ပါဝင်လာသလို ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဆုံးဖြတ်ချက် ချမှတ်မယ့် အခြေအနေမှာလည်း အရေးပါတဲ့ အခန်းကနေ ပါဝင်နေပါတယ်။ နိုင်ငံတကာ ဆက်ဆံရေးမှာ တရုတ်က ဘာကြောင့် ဒီလို ပါဝင်လာသလဲ၊ အကျိုးဆက်အနေနဲ့ ဘာတွေဖြစ်ပေါ်လာ နိုင်သလဲဆိုတာကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက်က ကိုမိုးဇော်က တင်ပြထားပါတယ်။
တရုတ်နိုင်ငံက အာရှရေးရာအထူးသံတမန် Sun Guoxiang ဟာ ကြာသပတေးနေ့က ဘင်္ဂလား ဒေ့ရှ်နိုင်ငံကို ရောက်ရှိပြီး ဒုက္ခသည်အရေးနဲ့ပတ်သက်လို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းဖို့ သွားရောက်ဆွေးနွေး ခဲ့ပါတယ်။ အထူးသံတမန် Sun Guoxiangဟာ လွန်ခဲ့တဲ့ ၆ လ ဧပြီလတုန်းက ဘင်္ဂလားဒေရှ့်နိုင်ငံကို သွားရောက်ခဲ့စဉ်ကလည်း ၂၀၁၆ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံဖက်ကရောက်နေတဲ့ ဒုက္ခသည်တွေအရေးဆွေးနွေးခဲ့ပါတယ်။
အဲဒီအချိန်တုန်းက ဒုက္ခသည်အရေအတွက် ၄ သိန်းလောက်သာရှိခဲ့ပေမဲ့ အခု စုစုပေါင်း ၁ သန်းလောက်ဖြစ်နေပြီလို့ ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီး ရှာဟီဒူ ဟတ်က် Shahidul Haque က ကြာသပတေးနေ့ကတေ့ွဆုံစဉ် တရုတ်အထူးသံတမန်ကို ပြောကြားခဲ့ပါတယ်။
ရခိုင်ပြဿနာနဲ့ပါတ်သက်လို့ နိုင်ငံတကာရဲ့ဝင်ရောက်စွက်ဖက်မှုကို ကန့်ကွက်ခဲ့တဲ့ တရုတ်နိုင်ငံက ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအရေးကို ထဲထဲဝင်ဝင်ပါဝင် ပတ်သက်လာတဲ့ဲ့ အပေါ် တရုတ်နိုင်ငံ ကူမင်းမြို့ ဒေါက်တာလှကျော်ဇော်က အခုလို သုံးသပ်ပါတယ်။
“ တရုတ်က အခု သူတို့ရဲ့ အိမ်နီးချင်းပေါ်လစီ ပေါ့ဗျာ နိုင်ငံခြားရေးပေါ်လစီက သူက လက်ဦးမှုရှိတဲ့ ပေါ်လစီကို ကျင့်သုံးပါတယ်။ လက်ဦးမှုရှိတဲ့ပေါ်လစီဆိုတာ အရင်တုံးကလို Low Profile သိုသိုသိပ်သိပ် နေတော့တဲ့ ဟာ မဟုတ်ဘူး။ သူက လက်ဦးမှုရှိစွာ ဝင်ရောက်ဖြေရှင်းပြီးတော့ ဝင်ရောက် လုပ်ကိုင်လာတဲ့ သံခင်းတမန်ခင်း လုပ် လာတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်က ပြောတာတော့ သူ့ရဲ့ အကျိုးစီးပွားတွေကလည်း နိုင်ငံတကာ ကို အနှံဖြစ်နေတော့ ဒါတွေကို ကာကွယ်ဖို့အတွက် ပါဝင်ပတ်သက်နိုင်တဲ့ဟာတွေ အားလုံး ပါဝင်ပတ်သက်တာပဲ။ ”
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမှာ သဘာဝဓါတ်ငွေ့နဲ့ ရေနံပိုက်လိုင်း၊ ကျောက်ဖြူရေနက် ဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းအပြင် ဧရာဝတီမြစ်ဆုံစီမံကိန်း ရင်းနှီးမြုပ်နှံ ထားတာတွေရှိနေပါတယ်။ ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှာလည်း ရင်းနှီးမြုပ်နှံတာတွေ ရှိနေတဲ့အပြင် One Road, One Belt စီမံကိန်းကြီးကြောင့် ဒေသတွင်း တည်ငြိမ်ရေးကို ပိုမိုအလေးထားနေတာဖြစ်နိုင်ကြောင်း ဆက်ပြောပါတယ်။
“ ဘင်္ဂလားဒေ့ရှ်က အထည်အဝတ်လုပ်ငန်းတွေ အားလုံးလောက်နီးနီးဟာ စက်ရုံတွေ အတော်များများဟာ တရုတ်က ရင်းနှီးမြုပ်နှံထားတာဖြစ်တယ်။ ပြီးတော့ ပိုးလမ်းမ၊ စင်္ကြန်လမ်းတခုက မြန်မာပြည်နဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနဲ့ ဆက်မယ့် လမ်းမကြီးလည်း ရှိတာကိုး။ အဲဒီစီမံကိန်းတွေ အတွက် သူက ဘင်္ဂလားဒေ့ရ်ှနဲ့ မြန်မာနဲ့ ရင်းနှီးဖို့ အဆင်ပြေဖို့လည်း လိုသေးတယ်။ အဲဒါတွေအတွက် ဝင်ရောက်ဆွေးနွေး တာလည်း ဖြစ်နိုင်တယ်။ တစ်အချက်က မြန်မာပြည်ပြည်တွင်းငြိမ်းချမ်းရေးရဖို့ လိုတယ်။ နှစ်အချက်က မြန်မာပြည်နဲ့ ဘင်္ဂလားဒေ့ရ်ှက ချစ်ကြည်ရေးက ပျက်သွားလို့ မရဘူးလေ။ အဲဒီဟာတွေ အားလုံးပါတယ်။
ကုလသမဂ္ဂစာရင်းတွေအရ ဘင်္ဂလားဒေ့ရ်ှဖက်ကို အစ္စလာမ်ဘာသာဝင် ၆ သိန်းကျော် ထွက်ပြေးတိမ်းရှောင်သွားတဲ့ အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အရေးယူရေးအတွက် ဆုံးဖြတ်ချက်ချမှတ်မယ့် အခြေအနေရှိနေပါတယ်။
တရုတ်က မြန်မာနိုင်ငံဖက်က ရပ်တည်ပြီး ကန့်ကွက်မယ်ဆိုရင် ဖြစ်ပေါ်လာနိုင်မယ့် အခြေအနေကိုတော့ နိုင်ငံတကာရေးရာကျွမ်းကျင်သူ ဒေါက်တာခင်ဇော်ဝင်းက အခုလို သုံးသပ်ပါတယ်။
“ အခု အမေရိကန်ကလည်း နည်းနည်းလေး ပြင်းထန်တဲ့ အနေအထားကို တင်လိုက်ပြီလေ။ အခု UN ကို ရောက်ပြီဆိုတော့ UN မှာကတော့ လုံခြုံရေးကောင်စီမှာကလည်း တရုတ်နဲ့ ရုရှက ရှိနေသ၍ကတော့ သိပ်ပြီး ထိထိရောက်ရောက်ဖြစ်လာမယ်တော့ မထင်ဘူးလေ။ စကတည်းက တရုတ်နိုင်ငံက မြန်မာပြည်ရဲ့ ကိုင်တွယ်ပုံ ကို လက်ခံပါလို့ ပြောပြီးသား သေချာပေါက် လုံခြုံရေးကောင်စီမှာ အကာအကွယ်ပေးမှာပဲ။ သေချာတယ်။ တရုတ်က ပိုပေးမလား၊ ရုရှက ပိုပေးမလား အဲဒါစောင့်ကြည့်ရုံပဲ ရှိတယ်။ သို့သော်အပြန်အလှန်အနေနဲ့ ဘာ ကျေးဇူး တုံ့ပြန်ရမလဲဆိုတာ စဉ်းစားထား ဒါပဲ ရှိတယ်။ ”
အရင်စစ်အစိုးရလက်ထက်က ကုလသမဂ္ဂလုံခြုံရေးကောင်စီကမြန်မာနိုင်ငံအပေါ် ပြင်းထန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်မယ့်အခါတိုင်းမှာ တရုတ်နိုင်ငံက ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့တာတွေ ရှိပါတယ်။ ဒီအတွက် မြန်မာပြည်မှာ အကြီးစားစီမံကိန်းတွေ ဆောင်ရွက်ဖို့အတွက် လက်ခံခဲ့ရတာတွေရှိတယ်လို့ ဝေဖန်တာတွေလည်း ရှိနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်းကတော့ ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီးဟာ မြန်မာနိုင်ငံကို လာရောက်ပြီး နှစ်နိုင်ငံဝန်ကြီးအဆင့်အစည်းအဝေးကျင်းပပြီး သဘောတူညီချက် ၁၀ချက်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီသဘောတူညီချက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို မြန်မာနိုင်ငံသားတွေ ဝင်ရောက်တာတွေ ချက်ချင်းရပ်တန့်စေဖို့နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက် ကိုရောက်ရှိနေသူတွေကို အမြန်ဆုံးပြန်လည် နေရာချထားပေးဖို့ ဆိုတာတွေ ပါဝင်ပါတယ်။
Your browser doesn’t support HTML5