တရုတ်သရုပ်ဆောင် မြန်မာဘက်ခြမ်းမှာ လူမှောင်ခိုအွန်လိုင်းငွေလိမ်ဂိုဏ်းရဲ့ ရောင်းစားခံခဲ့ရ

မြန်မာနယ်ဘက်က ပြန်ကယ်ထုတ်နိုင်ခဲ့တဲ့ တရုတ်ရုပ်ရှင်သရုပ်ဆောင် Wang Xing ခေါ် Xingxing Photo- Royal Thailand Police.

မြန်မာနယ်ဘက်က ပြန်ကယ်ထုတ်နိုင်ခဲ့တဲ့ တရုတ်ရုပ်ရှင်သရုပ်ဆောင် Wang Xing ခေါ် Xingxing ဟာ တရုတ်လူကုန်ကူး အွန်လိုင်းငွေလိမ်ဂိုဏ်းရဲ့ ဖမ်းဆီးရောင်းစားခံခဲ့ရတာဖြစ်ကြောင်း ထိုင်းရဲချုပ်က သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖေါ်သွားပါတယ်။ ထိုင်းနိုင်ငံမှာအလုပ်လုပ်ဖို့ လိမ်လည်ခေါ်ယူပြီး မြန်မာ ဘက်ခြမ်းမှာ ရောင်းစားခံခဲ့ရတာဖြစ်တယ်လို့ တရုတ်သရုပ်ဆောင်ကလည်း ပြောပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

တရုတ်အမျိုးသားရုပ်ရှင်သရုပ်ဆောင် Wang Xing ခေါ် Xingxing ကို တရုတ်လူမှောင်ခိုဂိုဏ်းက ထိုင်းနိုင်ငံမှာ ကြော်ငြာလုပ်ငန်းတွေလုပ်ကိုင်ဖို့ဆိုပြီး လိမ်လည်ငှားရမ်း ခေါ်ယူခဲ့ကြောင်း လူကုန်ကူး ဂိုဏ်းကို ရောက်သွားခဲ့ပြီးမှ ရောင်းစားခံလိုက်ရတယ်ဆိုတာကို ကာယကံရှင်ကိုယ်တိုင်သိခဲ့ရတာပါ။ တရုတ် အမျိုးသားရုပ်ရှင်သရုပ်ဆောင် Wang Xing ခေါ် Xingxing ဟာ တရုတ်အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေက သားကောင်အဖြစ် ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ ထိုင်းရဲချုပ်က Thatchai Pitaneelabut (သပ်ချိုင်းပါတနီလဘတ်) က အတည်ပြု ပြောကြားခဲ့ပါတယ်။

‘သရုပ်ဆောင် Wang Xing ဟာ တရုတ်နိုင်ငံသားချင်း လူကုန်ကူးဂိုဏ်းတွေက ကြော်ငြာလုပ်ငန်း လုပ်ဖို့ လိမ်လည်ဖျားယောင်းခံရပြီး ခုလို ထိုင်းနိုင်ငံကို လာရောက်ခဲ့ရတာ’ လို့ ရဲချုပ်က သတင်းစာရှင်းလင်းပွဲမှာ ထိုင်းဘာသာနဲ့ ထုတ်ဖေါ်ဆိုသွားတာဖြစ်ပါတယ်။

လူကုန်ကူးဂိုဏ်းတွေဟာ သူ့ကို ထိုင်းနိုင်ငံ သုဝဏ္ဏဘုမ္မိလေဆိပ်ကနေ မဲဆောက်ထိ ခေါ်လာခဲ့ပြီး မဲဆောက်ကတဆင့် မြန်မာဘက်ခြမ်းကို ကားနဲ့ခေါ်ဆောင်သွားခဲ့တာလို့ ဘန်ကောက်မြို့ကို ပြန်ရောက်လာတဲ့ သရုပ်ဆောင် Wang Xing ကတော့ အင်္ဂလိပ်ဘာသာနဲ့ အခုလိုပြောသွားပါတယ်။

"အခုလို သူလွတ်မြောက်ပြီး သူ့ရဲ့တိုင်းပြည်ပြန်ခွင့်ရအောင် ကြိုးပမ်းပေးခဲ့တဲ့ မိသားစုဝင်တွေနဲ့ ထိုင်းအစိုးရကို ကျေးဇူးတင်” တဲ့ကြောင်း Englishဘာသာနဲ့ အခုလိုပြောဆိုသွားတာပါ။

သရုပ်ဆောင် Wang Xing ဟာ ထိုင်းကိုရောက်မလာခင်မှာ သူရဲ့ အနုပညာလုပ်ငန်းအတွက် အွန်လိုင်းကနေ ထိုင်းနိုင်ငံက နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီဝက်ဆိုဒ်ကို ဆက်သွယ်ခဲ့တာဖြစ်ပေမယ့် ဝဘ်ဆိုက်အစစ်မဟုတ်ဘဲ တရုပ်ကျားဖြန့်ဂိုဏ်းတွေကနေ ဒီ အွန်လိုင်းဝက်ဆိုဒ်ရဲ့ နာမည်တူနဲ့ ဖွင့်ပြီး သားကောင်ရှာနေခဲ့တာကို မြန်မာဘက်ကမ်းရောက်မှသိရတယ်လို့လည်း Wang Xing က ဆိုပါတယ်။ သူ့ကိုထိန်းချုပ်ပြီး အလုပ်ခိုင်းထားတဲ့နေရာမှာ သူ့လို အလိမ်ခံရသူတွေ အများအပြားတွေ့ခဲ့ရကြောင်း လည်း ဘန်ကောက်ကို ပြန်ရောက်ချိန် သရုပ်ဆောင် Wang Xing ကို တရားဝင်ပြုလုပ်ခွင့်ပေးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

သရုပ်ဆောင် Wang Xing ကို Call Center အွန်လိုင်းလိမ်လည်တဲ့လုပ်ငန်းတွေမှာလုပ်ဖို့ ခိုင်းစေခံရပေမယ့် သူက အလွန်ကြောက်နေတာကြောင့် သူတို့ခိုင်းတာမလုပ်နိုင်ခဲ့ဘူးလို့လည်း လွတ်မြောက်လာတဲ့ Wang Xing ထွက်ဆိုချက်ကို,ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

သရုပ်ဆောင် Wang Xing ဖြစ်ရပ်ကြောင့် ထိုင်းနိုင်ငံဟာ နိုင်ငံတကာခရီးသွားတွေအတွက် အန္တရာယ် ရှိနေပြီဖြစ်လို့ တရုတ်ကျားဖြန့်လိမ်လည်ဂိုဏ်းတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့ကိုလည်း ထိုင်းနိုင်ငံရေးအတိုက်အခံတွေက တောင်းဆိုနေကြပါတယ်။ သရုပ်ဆောင် Wang Xing အမှုနဲ့ ပတ်သက်ပြီး ဆက်နွယ်နေတဲ့ လူကုန်ကူးဂိုဏ်းတွေကို တရုတ်နဲ့ ထိုင်းအာဏာပိုင်တွေ ပူးပေါင်း စုံစမ်း စစ်ဆေးအရေးယူဖို့ ပြင်ဆင်နေပြီလို့လည်း ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။