CNN သတင်းထောက်အရေး အိမ်ဖြူတော်နောက်ဆုတ်ပေး

CNN သတင်းထောက် Jim Acosta သမ္မတ ထရမ့်အား မေးခွန်းမေးမြန်းစဉ် မိုက်အသိမ်းခံရ။

အိမ်ဖြူတော်ဆိုင်ရာ CNN အကြီးတန်းသတင်းထောက် Jim Acosta ရဲ့ အိမ်ဖြူတော်အတွင်း သတင်းယူခွင့်ကို အိမ်ဖြူ တော်က ပြန်ပြီးခွင့်ပြုလိုက်ပါတယ်။ ဒါပေမဲ့ လာမယ့် သတင်းစာရှင်းလင်းပွဲဆိုင်ရာ စည်းမျဉ်းတွေကို သူထပ်ပြီးကျူးလွန်မယ် ဆိုရင်တော့ သတင်းယူပိုင်ခွင့်ထပ်ပြီး ရုပ်သိမ်းခံရလိမ့်မယ်လို့ CNN သတင်းထောက် Jim Acosta ကို အိမ်ဖြူတော်က သတိပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ သတင်း၂ပတ်အကြာက အိမ်ဖြူတော်အတွင်းကျင်းပတဲ့ သမ္မတထရမ့်ရဲ့ သတင်းစာရှင်း လင်းပွဲတခုမှာ သတင်းထောက် Acosta နဲ့ သမ္မတထရမ့်တို့ အမေးအဖြေလုပ်ရင်း အနည်းငယ် တင်းမာမှုရှိခဲ့ပြီးနောက်ပိုင်း Jim Acosta ရဲ့ အိမ်ဖြူတော်မှာ သတင်းယူခွင့်ကို ရုပ်သိမ်းခဲ့တာပါ။ အိမ်ဖြူတော်ဘက်က အလျှော့ပေးလာတာကြောင့် သမ္မတထရမ့်အစိုးရကို တရားစွဲဆိုထားတာကိုလည်း ပြန်ပြီးရုပ်သိမ်းမယ်လို့ CNN သတင်းဌာနကပြောပါတယ်။

Jim Acosta အပါအဝင် တခြားသတင်းထောက်တွေအနေနဲ့ သတိထားရမှာက သတင်းထောက်တဦးကို မေးခွန်းတခုစီ မေးခွင့်ပြုမယ် ပြီးရင်နောက်ဆက်တွဲမေးခွန်း တခုမေးနိုင်တယ်။ အဲဒါပြီးရင်တော့ တခြားသတင်းထောက်တွေကို မေးခွင့်အလှည့် ပေးရမယ်လို့ အိမ်ဖြူတော်ပြောခွင့်ရအမျိုးသမီး ဆယ်ရာ ဆန်ဒါးစ်ကပြောပါတယ်။

CNN အကြီးတန်း သတင်း ထောက် Jim Acosta ရဲ့အိမ်ဖြူတော်တွင်း သတင်းယူခွင့် ရုပ်သိမ်းခံခဲ့ရတာနဲ့ပတ်သက်ပြီး CNN က သမ္မတထရမ့် အစိုးရကို တရားစွဲဆိုခဲ့ပြီး ဝါရှင်တန်ဒီစီမြို့တော် တရားရုံးက Jim Acosta ရဲ့သတင်းယူခွင့်ကို ပြန်ပေးရမယ်လို့ ပြီးခဲ့တဲ့အပတ်က ဆုံးဖြတ်ခဲ့တာပါ။

Your browser doesn’t support HTML5

CNN သတင်းထောက်အရေး အိမ်ဖြူတော်နောက်ဆုတ်ပေး