ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်)ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ပထမ အကြိမ်အစည်း အဝေးကို ဒီကနေ့ စတင်ကျင်းပရာမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက လာရောက်တဲ့ကိုယ်စားလှယ်တွေ တက်ရောက်ခွင့် မရကြောင်း ပါတီကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။ ပူးပေါင်းကော်မတီရဲ့ အတွင်းရေးမှူး ကတော့ ဒါဟာ နားလည်မှုလွဲမှားတာဖြစ်နိုင်ကြောင်းနဲ့ ပြည်ခိုင်ဖြိုး ပါတီကိုယ်စားလှယ် အနေနဲ့ အမည်စာရင်းပေးပြီး နောက်ဆက်တွဲအမိန့်ကြေညာစာ ထုတ်ပြီးနောက်မှာ အစည်းအဝေးတက်ရောက်နိုင်မှာ ဖြစ်ကြောင်း ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်)ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ပထမအကြိမ် အစည်းအဝေးကို ဒီကနေ့ နေ့ခင်း ၂နာရီမှာ နေပြည်တော်က ပြည်ထောင်စု လွှတ်တော်အစည်းအဝေး ခန်းမမှာ ကျင်းပခဲ့ရာမှာ လွှတ်တော်တက်ရောက်နေတဲ့ ပါတီ ၁၄ ပါတီ အနက်က ၁၃ ပါတီ တက်ရောက်ခဲ့ပါတယ်။
ဒီအစည်းအဝေးမကျင်းပခင် တနင်္လာနေ့ကတော့ ပူးပေါင်းကော်မတီကို အမည်စာရင်း မပေးပို့သေးတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့ ဆီကို လည်း ဖိတ်ကြားစာပေးပို့ခဲ့တာဖြစ်ပါတယ်။
ပြည်ခိုင်ဖြိုး ပါတီကိုယ်စားလှယ် ၂ဦး အစည်းအဝေး တက်ရောက်ဖို့ လာရောက် လာရာမှာ အစည်းအဝေးကို တက်ရောက်ခွင့် မရခဲ့ကြောင်း ကျောင်းကုန်းမဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းက သတင်းမီဒီယာတွေကို အခုလို ပြောပါတယ်။
“ ညကကျတော့ လာဖိတ်တယ်။ ဖိတ်တဲ့အခါက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဆိုတော့ ဒါကြီးက ကျနော်တို့ လွှတ်တေ်ာကနေ လာတဲ့အတွက်ကြောင့် ဥက္ကဌ ကိုယ်စား ဒေါက်တာမြတ်ဉာဏစိုး ဆိုလာတဲ့အတွက်ကြောင့် ကျနော်တို့က ရိုရိုသေသေနဲ့ လာတက် တယ်။ တက်တဲ့အခါက ကျနော်တို့က ၄- ၅ ခါလောက် ဆက်လိုက်တဲ့ အခါကျတော့ နာမည်စာရင်းပေးပါ။ ပေးလိုက်တယ် ကျနော်တို့ ၂ယောက်။ ဒီနေ့ပေးပါ၊ ဒီနေ့ ပေးတယ်။ နာမည်စာရင်းလည်း ဒီနေ့ ပေးတယ်။ ဒါပေမဲ့ စာကတော့ နောက်က လိုက်လာတယ်။ နောက်ဆုံးလည်းကျရော ဒီနေ့က Intro ပဲ လုပ်တဲ့အတွက်ကြောင့် ဆရာတို့ မတက်ပါနဲ့အုံး။ တရားဝင်ဖွဲ့စည်းမှု မရှိဘူးတဲ့။ တော်ပြီ ကျနော်တို့ မတက်တော့ဘူး။”
ပြင်ဆင်ရေးပူးပေါင်းကော်မတီရဲ့ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးကတော့ ကော်မတီဝင်တွေကို နာမည်အလိုက်ဖိတ်ကြားပြီး ပြည်ထောင်စု ကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီကိုတော့ အမည်စာရင်း မပေးသေးတာကြောင့် ပါတီကိုသာ ဖိတ်ကြားခဲ့ကြောင်း၊ ဒီအပေါ်မှာ နားလည်မှု လွဲမှားတာဖြစ်နိုင်ကြောင်း ပြောပါတယ်။
“ ဒီမှာကတော့ အမည်စာရင်းပေးပို့ထားတာ မရှိတဲ့အတွက်ကြောင့် ပါတီအနေနဲ့ပဲ ကျနော်တို့ ဖိတ်ကြားလိုက်တာပါ။ အဲတော့ ဒါလေးက နားလည်မှုလွဲမှားခြင်းလို့ ထင်ပါတယ်။ အဲတော့ ကိုယ်စားလှယ်တော်ကြီး ၂ဦးကလည်း တွက်လိုက်တာက အော် တို့လာတက်ပြီးတော့မှ တစ်ခါတည်း အမည်စာရင်း ပေးလိုက်ရင် လည်း ရတာပဲလေလို့ ဒီလိုမျိုး သုံးသပ်ပြီးတော့ ဆောင်ရွက်တာဖြစ်ပါလိမ့်မယ်။”
ကိုယ်စားလှယ် အမည်စာရင်းပေးပြီး နောက်ဆက်တွဲအမိန့်ကြေညာစာ ထုတ်ပြီးနောက်မှာ အစည်းအဝေး တက်ရောက်နိုင်မှာ ဖြစ်ကြောင်း ပြောပါတယ်။
“ နာမည်စာရင်းကတော့ အတိအကျ ရရမယ်။ အတိအကျလေး ပေးပို့လာတဲ့ အခါကျရင် နောက်ဆက်တွဲ - နာယကကလည်း မနေ့က ကြေညာသွားပြီ၊ နောက်ဆက်တွဲ အမိန့်ကြေညာစာတွေ ထပ်ထွက်ပြီးတော့ ထည့်သွင်း ဖွဲ့စည်းပေးသွားမှာဖြစ်ပါတယ်။ အဲတော့ အခုနောက် တစ်ကြိမ်အစည်းအဝေး ဘယ်နေ့ကျင်းပမှာလည်း ဆိုတော့ ၂၅ရက်နေ့ မွန်းလွဲ ၁နာရီမှာ ကျင်းပပါလိမ့်မယ်။ အဲဒီအစည်းအဝေးကျရင်တော့ ခုနက ကိုယ်စားလှယ်တော်ကြီး ၂ဦးသည် တက်ရောက်ခွင့်ရပြီ။ ပြည်ထောင်စု လွှတ်တော် ကနေပြီးတော့ နာယကကနေပြီးတော့ အမိန့်ကြေညာစာထုတ်ပေးပြီဆိုရင်တော့ ဒါလေး တစ်ချက်ပါ။”
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့က ကိုယ်စားလှယ်စာရင်း ပေးပို့ တာ မရှိသလို အစည်းအဝေးကိုလည်း ပါဝင်အတက်ရောက်တာမရှိခဲ့ပါဘူး။ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အဖွဲ့ဝင် ဦးအောင်ကြည်ညွှန်က ဆွေးနွေးနေတဲ့ ကာလအတွင်းမှာ အချိန်အရွေး ပူးပေါင်းပါဝင်နိုင်ကြောင်း ပြောပါတယ်။
“သူတို့ကတော့ အခုလောလောဆည် မပေးသေးဘူး။ မပေးသေးဘူးဆို ဘယ်အချိန်မှာ သူတို့ ဝင်လာမလဲ။ လုပ်ငန်းစဉ်အရတော့ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်လည်း ကျထားပြီးသား ဆိုတော့ လုပ်ငန်းစဉ်ကတော့ ဆက်သွားနေမယ်။ ဘယ်အချိန်မှာ ဝင်လာ မလဲ ဝင်လာတဲ့အခါမှာ အမည်စာရင်း ပေးလာရင် အဲဒီနေရာကနေ စပြီး ပူးပေါင်း ဆောင်ရွက် နိုင်မှာပေါ့။ ”
ပထမနေ့ အစည်းအဝေးမှာတော့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆိုင်ရာ ကိစ္စတွေ ဆွေးနွေးတာ မရှိသေးဘဲ ကော်မတီရဲ့ လုပ်ငန်းတွေ ဘယ်လို ဆောင်ရွက်ကြမလဲဆိုတာကိုသာ ဆွေးနွေးဖြစ်ခဲ့ကြောင်းလည်း ဦးအောင်ကြည်ညွှန့်က ပြောပါတယ်။
ပူးပေါင်းကော်မတီရဲ့ အစည်းအဝေးတွေကိုတော့ တနင်္လာ၊ အင်္ဂါ၊ ကြာသပတေးနေ့ နေ့ခင်း ၁နာရီမှာ ကျင်းပဖို့နဲ့ လွှတ်တော်အပြီးမှာ ရက်တစ်ချို့ သတ်မှတ်ပြီး ဆက်လက်ဆွေးနွေး ဖို့နဲ့ လွှတ်တော်မစတင်မီမှာ ရက်တချို့စောလာပြီးဆွေးနွေးဖို့ သတ်မှတ်ထားပါတယ်။ ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို ဒီနှစ် ဇူလိုင်လ ၂၇ရက်နေ့ မတိုင်မီ ပြည်ထောင်စု လွှတ်တော်ကို တင်ပြရမှာဖြစ်ပါတယ်။
Your browser doesn’t support HTML5